၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၀၀၀ သာရှိရန် မျှော်မှန်းထားသော်လည်း ဘဏ္ဍာနှစ်၏ ပထမလေးလပတ်အတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၈၇၀ ကျော်ရှိနေ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၀၀၀ သာရှိရန် မျှော်မှန်းထားသော်လည်း ဘဏ္ဍာနှစ်၏ ပထမလေးလပတ်အတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၈၇၀ ကျော်ရှိနေ
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုကို တွေ့ရစဉ်
Published 12 February 2020
ဇေယျာငြိမ်း

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၂၀၀၀ သာရှိရန် မျှော်မှန်းထားကြောင်း ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

သို့သော်လည်း ဘဏ္ဍာနှစ်၏ ပထမလေးလပတ်အတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ သန်း ၈၇၀ ကျော်ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၃၁ ရက်အထိ မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၆၁၁၅ ဒသမ ၃၉၈ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ  ၆၉၈၆ ဒသမ ၂၄၆ သန်းရှိကာ ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၃၁၀၁ ဒသမ ၆၄၄ သန်း ရရှိထားသည်။

ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ် လေးလတွင်  ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၈၇၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၁၀ ကျော် ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၃၁ ရက်အထိ ပို့ကုန်တင်ပို့မှုသည် ဒေါ်လာ ၆ ဒသမ ၁၁၅ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူတွင် ဒေါ်လာ ၅ ဒသမ ၂၉၇ ဘီလျံသာ ရှိသည်။ ထို့ကြောင့် အဆိုပါ လာလအတွင်း ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၈၃၅ ဒသမ ၄၉၆ သန်းအထိ ပိုမိုတင်ပို့ထားနိုင်ခဲ့သည်။ ယင်းကဲ့သို့ ပို့ကုန်တင်ပို့မှုမြင့်တက်ခဲ့သော်လည်း အဆိုပါကာလအတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၈၇၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံကတင်ပို့သည့် ပို့ကုန်တန်ဖိုးပမာဏထက် ပြည်ပမှတင်သွင်းသည့် သွင်းကုန်တန်ဖိုးပမာဏပိုများနေခြင်းကို ဆိုလိုသည်။

လက်ရှိဘဏ္ဍာနှစ် လေးလတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှတင်သွင်းထားသည့် သွင်းကုန်ပမာဏသည် ပြည်ပသို့တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် ဒေါ်လာ ၈၇၀ ဒသမ ၈၄၈ သန်းအထိ ပိုမိုတင်သွင်းထားသည်။

ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၈၇၀ ဒသမ ၈၄၈ သန်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၇၅၃ ဒသမ ၉၅၉ သန်းသာ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် လေးလတွင် ဖြစ်ပေါ်ခဲ့သော ကုန်သွယ်လိုငွေပမာဏသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၁၆ ဒသမ ၈၈၉ သန်းအထိ ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ -၂၀၂ဝဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၈ ဘီလျံအထိတင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“ဒီနှစ်အတွက် သိပ်မများပါဘူး။ ကုန်သွယ်မှုက ဒေါ်လာ ၃၄ ဘီလျံလောက် မှန်းထားတယ်။ ပို့ကုန်ပိုင်းကတော့ ဒေါ်လာ ၁၈ ဘီလျံလောက်မှန်းထားတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ ဒေါ်လာသန်း ၅၀၀ အထိ လျှော့ချရန်မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ဘဏ္ဍာနှစ်ကြား ကာလခြောက်လတွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာတစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၃၃ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု ဒေါ်လာ ၂၉ ဘီလျံကျော် ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၅ ဘီလျံကျော်အထိဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။                               

 

 

Most Read

Most Recent