မန္တလေးချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင်မည့် အဆောက်အအုံဒီဇိုင်းမှာ ယာဉ်လိုင်း လုပ်ငန်းရှင်များ အဆင်မပြေသည့်အတွက် နေရာရောင်းချခြင်း ကမ်ပိန်းပြုလုပ်သွားမည်ဟုဆို

မန္တလေးချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း အဆင့်မြှင့်တင်မည့် အဆောက်အအုံဒီဇိုင်းမှာ ယာဉ်လိုင်း လုပ်ငန်းရှင်များ အဆင်မပြေသည့်အတွက် နေရာရောင်းချခြင်း ကမ်ပိန်းပြုလုပ်သွားမည်ဟုဆို
Published 10 February 2020
လဲ့လဲ့အောင်

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်းအား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ အဆင့်မြင့်တင်ပြုပြင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ပြင်ဆင်တည်ဆောက်မည့် ဒီဇိုင်းပိုင်းမှာ ယာဉ်အသင်း လုပ်ငန်းများအတွက် အဆင်ပြေမှု မရှိသောကြောင့် ယာဉ်လိုင်းဂိတ်များ အနေဖြင့် ရောင်းချခြင်းကမ်ပိန်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ယာဉ်အသင်းဂိတ်များထံမှ သိရသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်ကာ ရပ်နားစခန်းအတွင်းရှိ ယာဉ်အသင်းဂိတ်များနှင့် စည်ပင်သာယာ‌ရေး ကော်မတီမှ တာဝန်ရှိသူများ၊ တည်ဆောက်မည့် ကုမ္ပဏီမှ တာဝန်ရှိသူများ တွေဆုံဆွေးနွေးမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်က နောက်ဆုံးတွေ့ဆုံ ဆွေးနွေးသည့် အချိန်အထိ အဆောက်အအုံ ဒီဇိုင်းပိုင်းမှာ အဆင်ပြေမှု မရရှိဘဲ ယာယီကွင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးခဲ့သောကြောင့် ကမ်ပိန်းပြုလုပ်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက်က အဆိုပါ ယာဉ်ရပ်နားစခန်းတွင် ပြုလုပ်သည့် ဂိတ်လုပ်ငန်းရှင်များ၊ ဆိုင်ခန်းပိုင်ရှင်များ တွေ့ဆုံဆွေးနွေးမှုအရ သိရသည်။

“ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်ရေးလုပ်မယ့် လုပ်ငန်းကို ကန့်ကွက်တာ မဟုတ်ပါဘူး။ ဆွေးနွေးမှုအရ ကုမ္ပဏီဘက်က တင်ပြထားတဲ့ ဒီဇိုင်းပိုင်းက ဂိတ်တွေအတွက် မြေညီထပ်မပါတဲ့အတွက် လုပ်ငန်းသဘောအရ အဆင်မပြေပါဘူး။ ဒါကြောင့် ကနဦးကတည်းက ဒီဟာကို မြေညီထပ်လုပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒီသဘောတူညီချက် မရဘဲ ယာယီကွင်းကိုရွှေ့ဖို့ မဲနှိုက်လိုက်ရင် သူတို့လုပ်ငန်းကို အလိုလို သဘောတူ လက်ခံပြီးသား ပုံစံမျိုး သက်ရောက်သွားမှာ ဖြစ်တဲ့အတွက် ယာယီကွင်းပို မပြောင်းရွေ့လိုဘူး။ ကုမ္ပဏီဘက်က ဆွေးနွေးပွဲမှာ ပြောကြားချက်အရ ဆိုင်ခန်းတွေ ဝယ်မယ်လို့ ဆိုတဲ့အတွက် ဆိုင်ခန်းရောင်းမယ့် ကမ်ပိန်းကို ပြုလုပ်သွားမှာပါ” ဟု ရွှေမြန်မာ မော်တော်ယာဉ်အသင်းမှ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက ပြောကြားသည်။

လက်ရှိတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော် အခွန်ဌာနမှ ဖေဖော်ဝါရီ ၉ ရက်တွင် ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်းရှိ ဂိတ်ခန်းဆိုင်ခန်းများအား ယာယီရပ်နား စခန်းသို့ ပြောင်းရွှေ့ရန်အတွက် မဲနှိုက်နေရာ ချထားနိုင်ရန် ဆိုင်ခန်းအမည်စာရင်း ကြေညာအသိပေးခြင်း ပြုလုပ်ထားကြောင်း သိရသည်။

ယာဉ်အသင်း လုပ်ငန်းရှင်များနှင့် နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့မှုတွင် ဒီဇိုင်းပိုင်းအဆင်မပြေမှု တင်ပြခဲ့သော်လည်း စည်ပင်သာယာရေး ကော်မတီမှ အဆင့်မြင့်တင်မှု ပြုလုပ်ရန် မတ်လဆန်းတွင် ယာယီကွင်းသို့ အပြီးပြောင်းရန်နှင့် ဖေဖော်ဝါရီ ၁၆ ရက်တွင် ယာယီကွင်းပြောင်းရွှေ့ရန် နေရာများအား မဲနှိုက်ချထား ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်းမှာ မြေ ၁၄ ဒသမ ၁၅ ဧကခန့် ကျယ်ဝန်းပြီး အဆင့်မြင့်တင်ရန်အတွက် M – Development Corporation (Myanmar) ကုမ္မဏီမှ ၂၀၁၅ တွင် B.O.T စနစ်ဖြင့် နှစ် ၅၀ လုပ်ကိုင်ခွင့် ရထားခြင်းဖြစ်ကာ ချပြဆွေးနွေးသည့် ဒီဇိုင်းပုံစံအရ မြေလေးဧကခန့်အား ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်ရန် ပိုင်းယူမည်ဖြစ်ပြီး ယာဉ်အသင်းဂိတ်များအား အထပ်အမြင့်များတွင် နေရာချထားပေးမည်ဖြစ်ကာ လက်ရှိ ရှိသည့်ဂိတ်အခန်းအကျယ် ဧရိယာထက် လျော့ချသတ်မှတ် ချထားပေးမည် ဖြစ်သောကြောင့် အဆင်ပြေခြင်း မရှိနိုင်ကြောင်း ယာဉ်အသင်း ဂိတ်လုပ်ငန်းရှင်များက ဆိုသည်။

ချမ်းမြရွှေပြည် ကားကွင်းမှာ မန္တလေးမြို့ရှိ ယာဉ်ရပ်နားစခန်းများအနက် အဝေးပြေးယာဉ်လိုင်း အများဆုံး ဆိုက်ရောက်ပြေးဆွဲနေသည့် နေရာဖြစ်ကာ မန္တလေး-ရန်ကုန် ကဲ့သို့ ခရီးစဉ်များနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းသို့ တိုက်ရိုက်ပြေးဆွဲသည့် ယာဉ်အသင်းများရှိကာ ခရီးသည် အဝင်အထွက် အများဆုံး ယာဉ်ရပ်နားစခန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent