မန္တလေးမြို့ရှိ ဂိုဒေါင်တစ်လုံးတွင် Level 4 အဆင့်ရှိ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရ

မန္တလေးမြို့ရှိ ဂိုဒေါင်တစ်လုံးတွင် Level 4 အဆင့်ရှိ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရ
Published 9 February 2020
ဌေးလှအောင်၊ မင်းလတ်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြရွှေပြည်(ကျွဲဆည်ကန်)အဝေးပြေးကားဝင်းအနီး၊ မြဝတီမင်းကြီးလမ်း၊ လမ်းသွယ်(၂)၊ ချမ်းမြသာယာရပ်ကွက်ရှိ ပစ္စည်းများသိုလှောင်ထားသည့် ဂိုဒေါင်တစ်လုံးတွင် ဖေဖော်ဝါရီ ၉ ရက်ည ၈ နာရီဝန်းကျင်အချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်မှုကို Level 4 အဆင့် သတ်မှတ်၍ မီးငြှိမ်းသတ်ခဲ့ရကာ မီးသတ်တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း ကနဦးသတင်းများအရ စုံစမ်းသိရသည်။

ဖေဖော်ဝါရီ ၉ ရက်ည ၈ နာရီဝန်းကျင်ခန့်က စတင်လောင်ကျွမ်းခဲ့သည့် မီးမှာ ည ၁၀ နာရီ ဝန်းကျင်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး မီးကြွင်းမီးကျန်များကို အဆိုပါနေ့ည ၁၁ နာရီကျော်အချိန်အထိ မီးသတ်တပ်ဖွဲ့မှ ဆက်လက်ငြှိမ်းသက်လျက်ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

ပစ္စည်များသိုလှောင်ထားရှိသည့် ဂိုဒေါင်မီးလောင်မှုအား လာရောက်မီးငြှိမ်းသတ်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်အချို့ မီးခိုးမွှန်ပြီးမူးလဲကျခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများရှိသဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူခဲ့ရခြင်းများရှိကြောင်း ကနဦးသတင်းများအရ စုံစမ်းသိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနက Level 4 အဆင့်သတ်မှတ်၍ မီးငြှိမ်းသတ်ခဲ့ရပြီး မီးကြွင်းမီးကျန်များအား ဖေဖော်ဝါရီ ၉ ရက်ည ၁၂ နာရီဝန်းကျင်အထိ ဆက်လက်ငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပစ္စည်းများသိုလှောင်ထားရှိသည့် ဂိုဒေါင်မီးလောင်မှုနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ Level 4 အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် ဂိုဒေါင်မှာ လျှပ်စစ်ပစ္စည်းများသိုလှောင်ထားသည့် ဂိုဒေါင်ဖြစ်ကြောင်း ကနဦး သတင်းများအရ သိရသည်။

 

 

 

 

Most Read

Most Recent