(၁)
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ထုတ် The Daily Eleven သတင်းစာမှာ “ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ မကိုက်ညီဘဲ Yangon Petrol ဆီဆိုင်အတွက် ပြင်ပပေါက်စျေးထက် အဆမတန်နည်းသောနှုန်းနဲ့ နိုင်ငံပိုင်မြေများ ရောင်းချပေးမှုက ပြည်သူ့ဘဏ္ဍာ ကျပ်ဘီလျံရာနှင့်ချီ၍ နစ်နာနိုင်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။
ဆောင်းပါးမှာဆို “Yangon Petrol ဆိုပြီး နိုင်ငံပိုင်မြေတွေကို တစ်ပေပတ်လည် အနိမ့်ဆုံး ကျပ် ၂၀၀၀ နဲ့ ဝယ်ယူပြီး ကုမ္ပဏီအမည်ပေါက်နဲ့ ဂရန်ဖောက်ကာ စက်သုံးဆီဆိုင်ဖွင့် ရောင်းချခွင့်ရခဲ့တာ၊ စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချဖို့ နိုင်ငံပိုင်မြေနေရာကောင်း များစွာကို ပေါက်စျေးထက် အဆမတန် တန်ဖိုးနည်းတဲ့စျေးနဲ့ ရောင်းချပေးခဲ့ရာမှာ ဆီဆိုင် ၁၀ ဆိုင်လောက် တစ်ပြိုင်နက် ဖွင့်လို့ရအောင် ကျယ်ဝန်းတဲ့ နိုင်ငံပိုင် မြေတွေလည်း ပါဝင်နေပြီး ဒီလိုမြေများစွာကို ဘာကြောင့် တစ်ပေပတ်လည်ကျပ် ၂၀၀၀ နဲ့ ရောင်းချပေးသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာသလို The Daily Eleven သတင်းစာရဲ့ မေးမြန်းစုံစမ်း သိရှိရမှုတွေအရ Yangon Petrol ကုမ္ပဏီဘက်က နိုင်ငံပိုင်မြေကွက် ၂၆ ကွက်ကို တည်နေရာ၊ အကျယ်အဝန်း အတိအကျနဲ့ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ အမည်ပေါက် ဝယ်ယူခွင့်ရဖို့ သက်ဆိုင်တဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို လျှောက်ထားခဲ့တယ်လို့ သိရပြီး ဒီလို လျှောက်ထားတဲ့ မြေကွက် ၂၆ ကွက်စလုံးကိုသာ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ဝယ်ယူခွင့် ပေးလိုက်မယ်ဆိုရင် ခန့်မှန်းကျပ်ဘီလျံ ၂၀၀ နဲ့ ၃၀၀ ကြား နိုင်ငံတော်က နစ်နာသွားမယ့် အခြေအနေလည်း ဖြစ်နေပါတယ်” လို့ အဲဒီအချိန်က ထွက်ပေါ်နေတဲ့ သတင်းအကြောင်းအရာ၊ မြေစျေးနဲ့ ပတ်သက်ပြီး ခန့်မှန်းဝေဖန် ရေးသားခဲ့ပါတယ်။
ဒီလိုမျိုး နိုင်ငံ့ဘဏ္ဍာ ကျပ်ဘီလျံ ၂၀၀ နဲ့ ၃၀၀ ကြားနစ်နာမယ်လို့ တွက်ဆမေးမြန်းထားတဲ့ ဆောင်းပါးအတွက် ၂၀၁၉ ခုနှစ် မတ် ၂၈ ရက် နေ့စွဲနဲ့ The Daily Eleven သတင်းစာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီကို အဲဒီအချိန်က ဖြစ်စဉ်တွေ၊ အခြေအနေတွေအပေါ် အခြေခံပြီး “Yangon Petrol စက်သုံးဆီ ကုမ္ပဏီအား နိုင်ငံပိုင်မြေကွက် (၂၆) ကွက် ငှားရမ်းရောင်းချပေးသည်ဆိုသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး The Daily Eleven အနေဖြင့် ပြည်သူများ သိရှိအောင် ဖော်ပြလိုပါသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် အောက်ပါမေးခွန်းများ ဖြေကြားပေးစေလိုပါသည်” ဆိုတဲ့ အကြောင်းအရာနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီ လိပ်မူပြီး မေးခွန်းငါးခု ပေးပို့မေးမြန်းခဲ့ပါတယ်။
အဲဒီမေးခွန်းငါးခုက
၁။ Yangon Petrol စက်သုံးဆီ ကုမ္ပဏီတွင် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းအစိုးရရှယ်ယာ မပါဝင်ဟု ဆိုသော်လည်း ကုမ္ပဏီဘက်မှ တာဝန်ရှိသူ ဦးဝင်းဆွေက ရှယ်ယာပါဝင်သည်ဟု လူမှုကွန်ရက်တွင် ဖြေဆိုထားမှုမှာ မည်သည့်ကွဲလွဲမှုများ ရှိနေသည်ကို ဖြေကြားပေးစေလိုပါသည်။
၂။ Yangon Petrol စက်သုံးဆီ ကုမ္ပဏီက မြေကွက် ၂၆ ကွက်အပေါ် တစ်ပေပတ်လည် ကျပ် ၂၀၀၀ နှုန်းဖြင့် လျှောက်ထားသည်ဟု သိရှိရပြီး ထိုသို့လျှောက်ထားမှုကို မြေကွက်မည်မျှ ချထားပေးပြီးဖြစ်သည် ဆိုသည်နှင့် ချပေးသည့် မြေကွက်အချို့အနက် အိုးအိမ်ပိုင် မြေကွက်နှစ်ကွက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၁၈ အရ) တစ်ပေပတ်လည် ကျပ် ၂၀၀၀ ဖြင့် ဝယ်ယူခွင့်ပေးခဲ့ကာ အဆိုပါ မြေကွက်နှစ်ကွက်ကို Yangon Petrol စက်သုံးဆီ ကုမ္ပဏီအမည်ဖြင့် ဂရန်ပြောင်းလဲပြီး ဖြစ်သည်ကို ကြားသိရပြီး အဆိုပါ ပြောင်းလဲမှုမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောတူညီမှု ရှိ မရှိ သိရှိလိုပါသည်။
၃။ Yangon Petrol စက်သုံးဆီ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့တွင် ပါဝင်သူ ခြောက်ဦးအနက် ငါးဦးမှာ PT Power ကုမ္ပဏီ၏ ဒါရိုက်တာများဖြစ်နေပြီး ကျန်တစ်ဦးမှာ စွမ်းအင်ဝန်ကြီးဌာနမှ ယခင် ရန်ကုန်တိုင်း စက်သုံးဆီ ရောင်းဝယ်ရေး အရာရှိ ဦးတင်နိုင်စိုး ဖြစ်သည်ဟု သိရှိရပါသည်။ အဆိုပါ ပုဂ္ဂိုလ်များ၊ အဆိုပါ ကုမ္ပဏီများနှင့် ရန်ကုန်တိုင်း အစိုးရအကြား မည်သို့သော ကတိကဝတ်များဖြင့် နိုင်ငံပိုင်မြေများအား ကာလပေါက်စျေးထက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်ကို သိရှိလိုပါသည်။
၄။ တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံပိုင်စက်သုံးဆီဆိုင်များအား စျေးနှုန်းချိုသာစွာ ခရိုနီများအား ရောင်းချပေးခဲ့သဖြင့် မေးခွန်းထုတ်မှုများစွာ ပြုလုပ်မှုများ ရှိခဲ့ပါသည်။ သို့ဖြစ်ရာ လက်ရှိအစိုးရ လက်ထက်တွင်လည်း နိုင်ငံပိုင်မြေများကို စျေးနှုန်းချိုသာစွာ ခွင့်ပြုပေးခဲ့ခြင်းမှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှု ရှိ မရှိနှင့် သို့မဟုတ်ပါက မည်သို့သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သည်ကို ဖြေကြားပေးစေ လိုပါသည်။
၅။ Yangon Petrol စက်သုံးဆီ ကုမ္ပဏီအား နိုင်ငံပိုင်မြေများ စျေးနှုန်းချိုသာစွာ ချပေးခဲ့သဖြင့် လုပ်ငန်းရှင် အများအပြားကလည်း နိုင်ငံပိုင်မြေများအား စျေးနှုန်းချိုသာစွာ ရရှိရန် ကြိုးပမ်းမှုများ ရှိနေသည်ဟု သိရှိရပါသည်။ ထိုသို့ နိုင်ငံပိုင်မြေများအား စျေးနှုန်းချိုသာစွာဖြင့် တောင်းခံနေသူများအား နိုင်ငံပိုင်မြေများ ဆက်လက်ပေးရန် ရှိ မရှိကိုလည်း သိရှိလိုပါသည်။
ဆိုပြီး ရန်ကုန်တိုင်းအစိုးရကို မေးမြန်းခဲ့သလို Yangon Petrol စက်သုံးဆီကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ကိုလည်း တစ်ပြိုင်နက်တည်းမှာ မေးခွန်းခြောက်ခု ပေးပို့မေးမြန်းခဲ့ပေမယ့် တစ်နှစ်ကျော်ခဲ့တဲ့ လက်ရှိအချိန်အထိ Eleven Media Group ကမေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့မှု မရှိသလို The Daily Eleven သတင်းစာက ဆောင်းပါးရေးသား ဖော်ပြပြီးတဲ့ နောက်မှာလည်း YP ဆီဆိုင်တွေနဲ့ ပတ်သက်တဲ့ စက်သုံးဆီဆိုင် ဖွင့်လှစ်တာကို ကန့်ကွက်မှုတွေ၊ တပ်မတော်နဲ့ မြေနေရာဆိုင်ရာ အငြင်းပွားမှုတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြမေးခွန်းထုတ်မှုတွေ ပေါ်ပေါက်ခဲ့ပေမယ့်လည်း ရန်ကုန်တိုင်း အစိုးရဘက်က ပြည်သူတွေသိရှိအောင် Yangon Petrol စက်သုံးဆီကုမ္ပဏီနဲ့ လုပ်ဆောင်ခဲ့တဲ့ အခြေအနေတွေကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့တာ မတွေ့ရပါဘူး။
(၂)

The Daily Eleven သတင်းစာက ဆောင်းပါးရေးသား ဖော်ပြခဲ့သလို မော်ကွန်းမဂ္ဂဇင်းက၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ “အရှင်မွေး နေ့ချင်းကြီးလာတဲ့ Yangon Petrol ဘယ်လို ပေါ်လာသလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီလို ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးမှာဆိုရင် “လိုင်စင်မရသေးပေမယ့်လည်း စျေးကွက်ထဲမှာ ရောင်းချခွင့်ရနေတာ၊ အစိုးရပိုင်မြေနေရာမှာ လုပ်ပိုင်ခွင့်ရရှိတာ၊ ဆီဆိုင်တစ်ဆိုင်ဖွင့်ရင် အဆင့်ဆင့် လျှောက်ထားရမယ့် ထောက်ခံချက်တွေနဲ့ ခွင့်ပြုချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ အစီအမံနဲ့ လွယ်လင့်တကူ ရရှိသွားတာ စတဲ့ အထူးအခွင့်အရေးတွေကြောင့် အခုလို ပေါ်ပေါက်လာတာပဲ ဖြစ်တယ်လို့ စက်သုံးဆီလုပ်ငန်း အသိုင်းအဝိုင်းက ပြောကြပါတယ်။ အထူးသဖြင့် စျေးကွက်ကြီးပြီး အချက်အချာ ကျလွန်းတဲ့ စီးပွားရေးမြို့တော် ရန်ကုန်လိုနေရာမှာ အရင်းအနှီးရှိခဲ့ရင်တောင် စက်သုံးဆီဆိုင်သစ် ဖွင့်ခွင့်ရဖို့ မြေနေရာနဲ့ လုပ်ငန်းလိုင်စင် အဟန့်အတားက ကြီးမားလွန်းတယ်လို့ ဆီဆိုင်လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောကြပါတယ်။
YP ဆိုင်တွေ ပေါ်ပေါက်လာမှုကို မြင်ရတာဟာ စစ်ဗိုလ်ချုပ်တွေ လက်ထက်တုန်းက ပြည်သူပိုင် စက်သုံးဆီဆိုင်တွေကို နီးစပ်ရာ လုပ်ငန်းရှင်တွေလက်ထဲ စျေးပေါပေါနဲ့ ပေးခဲ့တဲ့ ဖြစ်အင်ကို ပြန်မြင်ယောင်သလို ခံစားမိတယ်လို့ မော်ကွန်းက တွေ့ဆုံခဲ့တဲ့ စက်သုံးဆီဆိုင် လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် “စက်သုံးဆီဆိုင် လုပ်ငန်းရှင်အ သိုင်းအဝိုင်းမှာတော့ စက်သုံးဆီဆိုင် ဖွင့်လှစ်ရောင်းချဖို့ မြေနေရာနဲ့ လိုင်စင်သာ အလွယ်တကူရရင် ဒီလုပ်ငန်းရှင်ဟာ ထီပေါက်တာထက် ပိုသေချာတဲ့ ကံကောင်းမှုကိုရသူလို့ တင်စားကြလေ့ ရှိပါတယ်။ YP စက်သုံးဆီဆိုင်တွေဟာ တိုင်းဒေသကြီးအစိုးရ အကူအညီနဲ့ ဒီအခွင့်အရေးကို ကံထူးသွားပုံရတယ်လို့ အမည်မဖော်လိုတဲ့ ဆီဆိုင်လုပ်ငန်းရှင် တစ်ဦးက မော်ကွန်းကိုပြောတယ် ဆိုတာနဲ့ “ကိုယ့်အိတ်ထဲကငွေနဲ့ တန်ရာတန်ကြေး ပေါက်စျေးပေးပြီး မြေကိုဝယ်နိုင်ရင်တောင် ဆီဆိုင်ဖွင့်ခွင့်ရဖို့ လိုင်စင်မကျတဲ့အတွက် နှစ်နှစ်၊ သုံးနှစ်အထိ ကြာနေကြတဲ့ဆိုင်တွေ ရန်ကုန်မှာရော မန္တလေးမှာပါ ရှိပါတယ်” လို့ အမည်ဖော်မပြောလိုတဲ့ ဆီလုပ်ငန်းရှင်တစ်ဦးက ပြောကြားကြောင်း မော်ကွန်းမှာ ရေးသားခဲ့သလို ဒီလို အမည်မဖော်ရဲတာကလည်း “တိုင်းအစိုးရ ကူညီနေတဲ့ ဒီလုပ်ငန်းကို မဝေဖန်ရဲတာနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ သူ့ရဲ့စီးပွားရေး လုပ်ငန်းတွေအပေါ် မလိုလားတဲ့ဖိအားတွေ ကျလာမှာကို စိုးရိမ်တာကြောင့်လို့” ဖြေရှင်းခဲ့တာကို မော်ကွန်းမဂ္ဂဇင်းမှာ ထည့်သွင်းရေးသား ခဲ့ပါတယ်။
ဒါ့အပြင် “စက်သုံးဆီ လုပ်ငန်းရှင်တွေကတော့ ကာလပေါက်စျေး သိန်းချီတန်တဲ့ ဒီလိုမြေနေရာတွေကို YP အနေနဲ့ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နှုန်းလောက် သွင်းရုံနဲ့ ရသွားတာဟာ သူတို့လောက် ကံကောင်းတာမျိုး အခုခေတ်မှာ မရှိတော့ဘူးလို့ မှတ်ချက်ပြုကြပါတယ်” လို့ မော်ကွန်းမဂ္ဂဇင်းက ရေးသားခဲ့ပါသေးတယ်။
ဒီလို ရေးသားမှုအပြင်၂၀၁၉ ဇွန်လဆန်းမှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ တတိယတစ်နှစ်တာ သတင်းစာ ရှင်းလင်းပွဲမှာ မော်ကွန်းက “Yangon Petrol (YP) စက်သုံးဆီဆိုင်အတွက် မြေနေရာတွေကို ပြည်တွင်းအခွန်က ထုတ်ပြန်ထားတဲ့ မြို့နယ်အလိုက် မြေစျေးနှုန်း သတ်မှတ်ချက်တွေအတိုင်း မပေးဘဲ တိုင်းအစိုးရက ဘာကြောင့်စျေးလျှော့ ရောင်းခဲ့လဲ” လို့ မေးခွန်းထုတ်ရာမှာ ဦးဖြိုးမင်းသိန်းက “ကျွန်တော်တို့ အခုရောင်းချပေးနေတဲ့ မြေစျေးနှုန်းတွေက 1 Sqft ကို ၄၈၀၀ နဲ့ ၂၀၀၀ ကြားထဲကနေ ရောင်းပေးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အမှန်အတိုင်း ပြောချင်တာက စက်သုံးဆီဆိုင်ဖွင့်မယ်ဆို ဒီ့ထက်လျှော့ပြီး ရောင်းပေးချင်ပါတယ်။ ဘာကြောင့်လဲ။ စက်သုံးဆီ ပြည်သူတွေ သုံးစွဲရမယ့်နေရာတွေ များများရဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ့ထက်ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ မျှော်မှန်းပါတယ်။ ဘာကြောင့်လဲဆို ကျွန်တော်တို့က ဒီဥစ္စာ ဟိုတယ်ဖွင့်ခွင့် ပေးနေတာ မဟုတ်ပါဘူး။ ဒီအခြေအနေဟာ စက်သုံးဆီစျေးကို စျေးနှုန်းသက်သာစွာနဲ့ ပြည်သူတွေ သုံးစွဲနိုင်ရေးအတွက် ကျွန်တော်တို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို တချို့ဆွေးနွေးနေတာ ရှိပါတယ်။ ယခင်က ဘယ်လိုလုပ်ခဲ့သလဲဆိုရင် ယခင်က မြို့ထဲက စက်သုံးဆီဆိုင်တွေ အကုန်လုံးကို ၁၀ ရာခိုင်နှုန်းနဲ့ပဲ ပေးခဲ့တာ ဖြစ်ပါတယ်။ ၁၀၀၀ တန်ရင် ၁၀၀ နဲ့ပဲပေးခဲ့တာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဒီ့ထက်လျှော့ပြီးတော့တောင် ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်တို့အနေနဲ့ ယူဆပါတယ်။ ဒါနဲ့ပတ်သက်ရင်လည်း နိုင်ငံတော်က ချမှတ်ထားတဲ့ မူရှိပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတွေ အကျိုးအတွက် အလို့ငှာဆိုရင် ကျွန်တော်တို့ ဆောင်ရွက်ပေးရမှာတွေ ရှိပါတယ်။ ကျွန်တော်တို့ဟာ ဒီစက်သုံးဆီစျေးကို မထိန်းနိုင်ဘူးဆိုရင် အားလုံးသိပါတယ်။ ရွှေဝါရောင်ရဲ့ အကြိုကာလဟာ စက်သုံးဆီကြောင့် ဖြစ်ပါတယ်။ စက်သုံးဆီကို ကျွန်တော်တို့ ပေးနိုင်လျက်နဲ့ စက်သုံးဆီ ဆိုင်တွေကိုလည်း ဆယ်ရာခိုင်နှုန်းနဲ့ ရောင်းပေးထားပါလျက်နဲ့ စက်သုံးဆီစျေး မကျပါဘူး။ ဒီအတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အခု ဒီနှစ် ဧပြီ။ သင်္ကြန်ကာလတွေ တည်ငြိမ်စွာ ထိန်းသိမ်းနိုင်ခဲ့တာဟာ တိုင်းဒေသကြီး အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်ပါတယ်။ အားလုံး ဒီနေ့သတင်းစာကို ဖတ်ကြည့်လိုက်ပါ။ အနိမ့်ဆုံး စက်သုံးဆီစျေးနဲ့ အမြင့်ဆုံး စက်သုံးဆီစျေးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အားလုံးဟာ အနိမ့်ဆုံး စက်သုံးဆီစျေးကို အမြင့်ရောင်းနေတဲ့သူတွေ ဘာကြောင့် မရောင်းနိုင်တာလဲ ဆိုတာကို မေးခွန်းထုတ်သင့်ပါတယ်။ စက်သုံးဆီဟာ Logistic ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးရဲ့ စရိတ်ကြီးလာတာနဲ့အမျှ ပြဿနာလည်း ရှိလာနိုင်ပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင် စက်သုံးဆီစျေးကို မကိုင်တွယ်နိုင်လို့ ပေါ်ပေါက်ခဲ့တဲ့နိုင်ငံတွေ ရှိပါတယ်။ ပြင်သစ်လို နိုင်ငံမျိုးမှာတောင် ရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့ စက်သုံးဆီနဲ့ ပတ်သက်ရင် ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရဘက်က စနစ်တကျ ပြင်ဆင်ဆောင်ရွက် နေပါတယ်” လို့ ဖြေခဲ့ပါတယ်။
ဒါ့အပြင် မော်ကွန်းမဂ္ဂဇင်းက “YP မှာပါတဲ့ BOD တွေဟာ PT Power ရော BOC ရောကို ပိုင်ကြပါတယ်။ ဒါပေမဲ့သူတို့ရဲ့ PT Power ရော BOC ရောမှာ အခုအချိန်အထိ စျေးမချပါဘူး။ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ ပြည်သူပိုင်မြေတွေကို လုပ်ငန်းရှင်ကြီးတွေကိုပဲ ပြန်ခွဲပေးနေမယ့်အစား PTTEP လို နိုင်ငံတကာမှာလည်း အောင်မြင်ပြီးသား၊ မြန်မာနိုင်ငံမှာလည်း Operation လုပ်နေတဲ့၊ နိုင်ငံတကာက မြေခက်နေတဲ့ စက်သုံးဆီလုပ်ငန်းတွေ ဖိတ်ခေါ်ရင် မရဘူးလား” လို့ ထပ်ဆင့်မေးမြန်းခဲ့ချိန်မှာ ဦးဖြိုးမင်းသိန်းက “ညီလေးကို ကိုယ် ရှင်းရှင်းလေး ပြောပါရစေ။ ပြည်ပကလာပြီး ရင်းနှီးမြှုပ်နှံသူတွေက စက်သုံးဆီကဏ္ဍမှာ မြန်မာပြည်မှာ အဆင်မပြေကြဘူး။ ပူးမား။ အခု ကျွန်တော်တို့ စပေးနိုင်ပါပြီ။ ဟာ အဲဒီတုန်းက စက်သုံးဆီဆိုင်တွေကို နိုင်ငံတကာကို ပေးမယ်ဆိုတဲ့အချိန်မှာ အခု Retail ရောင်းမယ့်သူတွေကို ပေးမယ်ဆိုတော့ လှုပ်သလိုပဲ။ တအားလှုပ်ကြတယ်။ တကယ်လက်တွေ့ လာရောင်းတဲ့ အခြေအနေမှာ အခက်အခဲရှိပါတယ်။ ဘာကြောင့်လဲဆို ကျွန်တော်တို့ မြန်မာနိုင်ငံမှာက ကျွန်တော်တို့လူမျိုး Culture နဲ့ အရောင်းအဝယ်လုပ်တယ်။ ဒါက လုပ်ငန်းရှင်တချို့ သိနိုင်ပါတယ်။ ကျွန်တော်တို့က သုံးရင်းရှိမှ လုပ်လို့ရတယ်။ နိုင်ငံခြားကကွာ အခုယူသွားရင် ပိုက်ဆံပေးခဲ့။ ကျွန်တော်တို့က ပစ္စည်းကို အလှည့်နဲ့ပေးတာ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လုပ်ငန်းနဲ့ လုပ်တဲ့ပုံသဏ္ဍာပေါ်မှာပဲ ကျွန်တော်တို့က သွားရတာကိုး။ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ အခြေအနေမှာ Yangon Petrol က Franchaise အားလုံးလုပ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားပါ့မယ်။ ဒီစျေးနဲ့ မရောင်းနိုင်ရင် ရောင်းနိုင်တဲ့ဆိုင်ကို Franchaise နဲ့ ကျွန်တော်တို့ ပေးမှာပေါ့။ ဒီအခြေအနေမှာ လုပ်ငန်းရှင်တွေရဲ့ ဆောင်ရွက်နေမှုကို ညီလေးတစ်ခြမ်းစဉ်းစားပါ။ လုပ်ငန်းရှင်တွေက အချင်းချင်း တိုက်ခိုက်လာမှာကို အလွန်ကြောက်တာ။ ကျွန်တော်တို့ကတော့ အစိုးရဖြစ်တဲ့အတွက် မကြောက်ပါဘူး။ ဘာကြောင့်လဲဆို ပြည်သူလူထု အကျိုးငှာ ကျွန်တော်တို့ လုပ်ရတာပါ။ နိုင်ငံခြားကလာတဲ့ ကုမ္ပဏီတွေကို ခွင့်ပြုရင် သူတို့က ပစ္စည်းယူသွားရင် ပိုက်ဆံပေးရတယ်။ ကျွန်တော်တို့က ပစ္စည်းတစ်ရင်းယူ၊ နောက်တစ်ရင်း လာယူတဲ့အချိန်ကျမှ ရှေ့တစ်ရင်းဖိုးပေး။ သုံးရင်းမရှိရင် လုပ်လို့မရဘူးဆိုတာ။ ဒါပေမဲ့ ဒီ Business ပုံစံက ကောင်းလားဆို မှန်ကန်တဲ့ Business ပုံစံတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်က ဒီကိစ္စဟာ Business ပါ။ အခုလို မေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က အများကြီး ရှင်းပြီးပြောလို့ မသင့်တော်တာမို့လို့ ရှေ့ကိုသိပ်ပြီး မပြောပြခဲ့တာ” လို့ မော်ကွန်းက ၂၀၁၉ ခုနှစ် ဇွန် ၆ ရက် မှာ တင်ထားတဲ့ အမေးအဖြေရုပ်သံဖိုင်မှာ ဖြေကြားထားတာ တွေ့ရပါတယ်။
(၃)
ပြည်သူတွေ စက်သုံးဆီစျေးနှုန်း ချိုချိုသာသာနဲ့ သုံးစွဲရေး လုပ်ဆောင်တယ်ဆိုတဲ့ စေတနာ မှန်ခဲ့ရင်တောင် ဘာကြောင့်လုပ်ခဲ့တယ်ဆိုတာ စနစ်တကျရှင်းပြဖို့ လိုအပ်သလို ဒီလိုလုပ်ရပ်ကြောင့် နိုင်ငံက နစ်နာမှုရှိ မရှိဆိုတာ ရှင်းပြဖို့ လိုပါတယ်။ တစ်ဖက်မှာလည်း YP ဟာ သူစျေးချိုချိုနဲ့ ရသွားတဲ့ နိုင်ငံပိုင်မြေတွေကို ဂရန်အမည်ပေါက် ပိုင်ဆိုင်သွားတာဖြစ်လို့ တကယ်လို့သာ ဆီစျေးတကယ်ချမရောင်းရင်၊ အချိန်ကာလ တစ်ခုမှာ သူများတန်းတူစျေးနဲ့ ရောင်းနေမယ်ဆိုရင် တကယ်နစ်နာမှာက နိုင်ငံတော်ဆိုတာ မြေကြီးလက်ခတ် မလွဲပါ။ YP ဆီဆိုင်တွေက ဆီစျေးနှုန်းဟာ နိုင်ငံပိုင်မြေတွေကို လွှဲပြောင်းပေးခဲ့တဲ့ ဂရန်သက်တမ်းအတိုင်း ထာဝစဉ် စျေးနှုန်းချိုသာနေမှာလား။ ဘယ်အချိန်အထိပဲ စျေးချိုပေးမှာလဲ။ မြေကွက်ပေးခဲ့တဲ့အစိုးရ အာဏာရနေတုန်း အချိန်ပဲ စျေးချိုမှာလား။ စာချုပ်မှာ ဘယ်လိုထိန်းကျောင်း ချုပ်ဆိုထားလဲဆိုတာ ပြည်သူတွေနဲ့ လွှတ်တော်က သိရှိအောင် ဖြေရှင်းဖို့ လိုအပ်နေပါတယ်။
လက်ရှိအခြေအနေမှာ ဆီစျေးနှုန်းက တခြားဆိုင်တွေထက် ဆီတစ်မျိုးမှာ ပျမ်းမျှ ကျပ် ၂၀ လောက် သက်သာနေတယ် ဆိုပေမယ့် နိုင်ငံပိုင်မြေ များစွာကို စျေးချိုချိုနဲ့ ကုမ္ပဏီတစ်ခုဆီ အမည်ပေါက် ပေးလိုက်တဲ့နောက်မှာ နိုင်ငံက အကျိုးအမြတ်မရတဲ့အပြင် အိတ်စိုက်နေရသလားဆိုတာ ပြည်သူတွေ ကြိုသိထားဖို့ လိုအပ်ပါတယ်။
Yangon Petrol စက်သုံးဆီဆိုင်တွေနဲ့ ပတ်သက်ပြီး မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရ စီစဉ်ဆောင်ရွက်နေတဲ့ YP စက်သုံးဆီ အရောင်းဆိုင်တွေ ဖွင့်လှစ်တဲ့ မြေနေရာတွေအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် သို့မဟုတ် တိုင်းဒေသကြီး အစိုးရပိုင် မြေနေရာတွေ ဘယ်နှစ်ခုပါခဲ့ပါသလဲ။ ဒီမြေနေရာတွေကို စျေးနှုန်းဘယ်မျှနဲ့ ဘယ်လို စည်းကမ်းချက်တွေ သတ်မှတ်ငှားရမ်းခွင့် ပြုခဲ့သလဲ။ Yangon Petrol စက်သုံးဆီ အရောင်းဆိုင်တွေ အနေနဲ့ စက်သုံးဆီစျေးနှုန်းတွေ တည်ငြိမ်ရေးနဲ့ စျေးနှုန်းမှန်ကန်ရေးကို အထောက်အကူပြုစေဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘယ်လိုထိန်းကျောင်း ဆောင်ရွက်နေသလဲ စတဲ့ ကြယ်ပွင့်ပြ မေးခွန်းတွေကို ၂၀၁၉ ခုနှစ် ဇွန်လမှာ ပြုလုပ်ခဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေးမှာ မေးမြန်းခဲ့ပေမယ့်လည်း လွှတ်တော်မှာ ဖြေကြားခဲ့မှုမရှိဘဲ ဝန်ကြီးချုပ်ကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက စာနဲ့ပဲ ဖြေကြားခဲ့တဲ့ ဖြစ်စဉ်ကလည်း ရှိခဲ့ပါတယ်။
ဖြေကြားစာမှာ၂၀၁၈ ဧပြီ ၁၂ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၁၈) ဆုံးဖြတ်ချက် အပိုဒ် (၄) အရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး စက်သုံးဆီစျေးနှုန်း တည်ငြိမ်မှု ရှိစေရေးနှင့် နိုင်ငံတော်အတွက် အရန်ဆီများ ထားနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်အား အတည်ပြုခဲ့ပြီး ယင်းအစီအမံအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စက်သုံးဆီ အရောင်းဆိုင်များ တည်ဆောက်၍ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းဖြင့် စက်သုံးဆီများအား ဖြန့်ဖြူးရောင်းချနိုင်ရန် စီမံဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
“စက်သုံးဆီစျေးနှုန်း တည်ငြိမ်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်လို့ အင်မတန် ကောင်းပါတယ်။ ဒါပေမဲ့ ဆောင်ရွက်တဲ့ နေရာမှာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့လိုတယ်။ ဝန်ကြီးပြန်ဖြေထားတာကို ကြည့်တဲ့အခါ စက်သုံးဆီဆိုင်ဖွင့်ဖို့ မြေနေရာတွေကို ချထားပေးတဲ့နေရာမှာ အဲဒါတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာဖို့ လိုတယ်။ အရင်အစိုးရ လက်ထက်တုန်းကလည်း ဆီရောင်းဖို့၊ အခွင့်အလမ်းရရှိဖို့ မြေနေရာတွေကို လက်သိပ်ထိုးပြီး ဆောင်ရွက်ခဲ့ကြတယ်။ အခုဆောင်ရွက်တဲ့ အခါမှာတော့ တစ်ချိန်တုန်းက ဖြစ်ခဲ့တာကို သင်ခန်းစာယူပြီး လက်ရှိအစိုးရရဲ့ ဆောင်ရွက်နေတဲ့ ပွင့်လင်းမြင်သာမှု လမ်းစဉ်ကိုလိုက်ပြီး EOI ခေါ်ပြီး တင်ဒါခေါ်တာတွေကို အရင်လုပ်သင့်တယ်” လို့ ဦးရန်ရှင်းက ထောက်ပြခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်ကွပ်ကဲမှုနှင့် YP ကုမ္ပဏီတည်ထောင်ပြီး ကုမ္ပဏီကို စက်သုံးဆီ အရောင်းဆိုင်တွေ တည်ဆောက် ဖွင့်လှစ်သင့်တဲ့မြေနေရာကို ရှာဖွေတင်ပြစေခဲ့တယ်။ စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ဖို့အတွက် တင်ပြလာတဲ့ မြေနေရာတွေကို သက်ဆိုင်ရာ ဌာနတွေအနေနဲ့ ကွင်းဆင်းစိစစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဌာနက သတ်မှတ်တဲ့ စျေးနှုန်းအတိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြေငှားဂရန်ခွင့်ပြုခဲ့ပါတယ်။

ဒီလို ခွင့်ပြုရာမှာ စက်သုံးဆီစျေး တည်ငြိမ်ရေးကို အထောက်အကူပြုစေမယ့် ဆက်စပ်လုပ်ငန်းတွေပဲ လုပ်ကိုင်ဖို့ စည်းကမ်းချက်နဲ့ ခွင့်ပြုခဲ့ပြီး ခွင့်ပြုခဲ့တဲ့ စျေးနှုန်းတွေက နယ်မြေဒေသ ကွဲပြားမှုအလိုက် တစ်စတုရန်းပေ ကျပ် ၂၀၀၀ ကနေ ကျပ် ၄၈၀၀။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၉ မေ ၃၁ ရက်အထိ Yangon Petrol ကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံခန့်ခွဲခွင့်ရှိတဲ့ မြေနေရာ ရှစ်နေရာနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေနေရာ လေးနေရာ၊ စုစုပေါင်း အရောင်းဆိုင် မြေနေရာ ၁၂ နေရာကို စိစစ်ခွင့်ပြု ငှားရမ်းပေးခဲ့တယ်ဆိုတဲ့ အချက်တွေလည်း ပါခဲ့ပါတယ်။
ဦးရန်ရှင်းရဲ့ မှတ်ချက်တွေအရ YP ဆီဆိုင်တွေဟာ အစိုးရက လုပ်ဆောင်တဲ့ စီးပွားရေးဖြစ်ပြီး လွှတ်တော် သဘောတူညီချက် မပါဝင်ခဲ့လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ မညီခဲ့ဘူးလို့ ထောက်ပြခဲ့ပါတယ်။ Yangon Petrol ကုမ္ပဏီဟာ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်နိုင်ပြီး ကုမ္ပဏီက ရရှိလာတဲ့ အသားတင်အမြတ်ရဲ့့ အများဆုံး ရာခိုင်နှုန်း ၂၀ ကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ သုံးစွဲသွားမယ့် လူမှုအထောက်အကူပြု CSR လုပ်ငန်းအတွက် လျာထားထည့်ဝင်ဖို့ ဖြစ်ပေမယ့်လည်း စက်သုံးဆီစျေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်ရာမှာ အမြတ်အစွန်းမာဂျင် အလွန်နည်းပါးတဲ့ အခြေအနေတွေ ပေါ်ပေါက်လာမယ် ဆိုရင်လည်း ဒီလို တိုင်းဒေသကြီးရဲ့ CSR လျာထားငွေက ကျခံဆောင်ရွက်သွားမှာ ဖြစ်သလို ကုမ္ပဏီက စက်သုံးဆီကို အရှုံးနဲ့ ရောင်းချတာ မဖြစ်ဖို့ ထိန်းသိမ်းသွားမယ်လို့လည်း ဖြေကြားစာကို ကိုးကားပြီး ဦးရန်ရှင်းက The Daily Eleven သတင်းစာကို ပြောခဲ့ပါတယ်။
ကြယ်ပွင့်ပြ မေးခွန်းမေးတာကို စာနဲ့ပဲ ဖြေဆိုတဲ့အတွက် ဦးရန်ရှင်းက လွှတ်တော်ကို ဖြေပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိ အစိုးရဘက်ကနေ တရားဝင် ဆွေးနွေးဖြေကြားလာမှု မရှိသေးသလို စက်သုံးဆီမြေ ၁၂ နေရာအတွက် မြေဧကတွေ ဘယ်လောက်ပေးထားတယ်။ စက်သုံးဆီစျေး ပြင်ပပေါက်စျေးထက် ကြီးမြင့်လာမယ် ဆိုရင်လည်း ဘယ်လိုထိန်းကျောင်းမယ် ဆိုတာကို မသိရသေးသလို Yangon Petrol ကုမ္ပဏီ အမည်ပေါက်နဲ့ နိုင်ငံပိုင်မြေတွေ ဘာကြောင့် ဂရန်ပေးခဲ့တာလဲ။ ဂရန်ပေးထားတာ တကယ် ဟုတ် မဟုတ် ဆိုတာတွေကလည်း ပြည်သူတွေသိလိုတဲ့ အဖြေဖြစ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရအဖြစ် သက်သေပြဖို့၊ ပြည်သူ့အကျိုးအတွက် မှန်ကန်တဲ့ လုပ်ရပ်တွေ လုပ်နေတယ်ဆိုတာ သက်သေပြဖို့အတွက် YP နဲ့ ပတ်သက်တဲ့ လုပ်ရပ်တွေ၊ လုပ်ဆောင်ချက်တွေ၊ စာချုပ်တွေအားလုံးကို လွှတ်တော်ဆီလာပြီး မဖြစ်မနေ ရှင်းလင်းပြဖို့ လိုအပ်နေပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ YP ဆီဆိုင်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း တောင်းဆိုသလို လွှတ်တော်ဆီ လာဖြေရှင်းမှု မရှိတဲ့အပြင် Eleven Media Group က ပြည်သူ့သတင်းသိရှိပိုင်ခွင့်အတွက် မေးမြန်းတာတွေကိုလည်း ဖြေဆိုမှု မရှိပါဘူး။ အလားတူပဲ “အရှင်မွေး နေ့ချင်းကြီးလာတဲ့ Yangon Petrol ဘယ်လိုပေါ်လာသလဲ” ဆိုပြီး ဆောင်းပါးရေးသား မေးခွန်းထုတ်ခဲ့တဲ့ မော်ကွန်းမဂ္ဂဇင်းရဲ့ သတင်းမီဒီယာ နည်းဥပဒေနဲ့အညီ မေးမြန်းမှုတွေကိုလည်း ဖြေဆိုမှု မရှိဘူး။ ဒီလိုမျိုး ဖြေဆိုမှု မရှိတဲ့ အဖြစ်မျိုးတွေက ဒီမိုကရေစီ အစိုးရပါလို့ ကိုယ့်ကိုယ်ကိုယ် နာမည်တပ်ထားတဲ့ အစိုးရအတွက် သိက္ခာကျစရာလုပ်ရပ် တစ်ခုလို့ မော်ကွန်းမဂ္ဂဇင်းက ဦးဇေယျာလှိုင်က ပြောပါတယ်။
“အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အမြဲတမ်း စောင့်ကြည့်တာပေါ့လေ။ စောင့်ကြည့်ပြီး ကျွန်တော်တို့လည်း အမြဲတမ်းပဲ သတင်းမီဒီယာ နည်းဥပဒေမှာပါတဲ့ သတင်းအချက်အလက် တောင်းခံမှု ပုံစံတွေနဲ့ နည်းမျိုးစုံပေါ့လေ။ ဒီ YP တစ်ခု တည်းမှ မဟုတ်ဘူး။ ဒီ့ပြင်ကိစ္စတွေလည်း ကျွန်တော်တို့ သတင်းရယူဖို့ တင်ပြထားတာတွေရှိတယ်။ ဥပမာအားဖြင့် ကျောင်းကားကိစ္စတွေ။ ပြီးတော့ YBS ကိစ္စတွေ ကျွန်တော်တို့ အမြဲတမ်းတင်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ အစိုးရဆီကနေ ပြန်ဖြေတာ မတွေ့ရဘူး။ ဒါကလည်း ကျွန်တော်ထင်ပါတယ်။ ဥပဒေရဲ့ အားနည်းချက်ပေါ့လေ။ သတင်းမီဒီယာဥပဒေမှာက ပြန်ဖြေရမယ်လို့ပဲပါတယ်။ ပြန်မဖြေရင် ဘယ်လို Punishement ဆိုတာ မပါတော့ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ဒါကို ဂရုမစိုက်တဲ့ ပုံစံမျိုးပေါ့။ ဒါကတစ်ပိုင်းပေါ့လေ။ ဒါပေမဲ့ ဒီမိုကရေစီ အစိုးရလို့ ကိုယ်ကိုယ်ကိုယ် နာမည်တပ်ထားတယ် ဆိုရင်တော့ ဥပဒေက မည်သို့ပင်ဆိုစေကာမူ လူထုကို ပြန်လည်ဖြေကြားဖို့ တာဝန်ရှိတယ်ပေါ့လေ။ အခုနက ပြောတဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှု ရှိရမယ်ပေါ့။ ကျွန်တော်တို့ မီဒီယာတွေကလည်း ကျွန်တော်တို့ ဘယ်သူပါ။ ဘာညာပြောပြီးမှ တရားဝင် သေချာ ဥပဒေနဲ့အညီ အချက်အလက် တောင်းခံတာပေါ့လေ။ ကျွန်တော်တို့ကို မဖြေတဲ့အပြင် လွှတ်တော်ဆိုတာက အစိုးရရဲ့ Executive ပေါ့။ အုပ်ချုပ်ရေးအာဏာရှိတဲ့ သူတွေကို အပြန်အလှန် ထိန်းကျောင်းခွင့်ရှိတဲ့ လွှတ်တော်က မေးမြန်းတာတောင်မှ မဖြေကြားဘူးပေါ့။ စာရင်းစစ်ချုပ် အစီရင်ခံစာတွေတောင်မှ အနှစ်ချုပ်တွေပဲပို့တယ် ဆိုတာတွေကတော့ ဒီမိုကရေစီ အစိုးရပါလို့ ကိုယ့်ကိုယ်ကိုယ် နာမည်တပ်ထားတဲ့ အစိုးရရဲ့ သိက္ခာကျစရာ လုပ်ရပ်တစ်ရပ်လို့ ကျွန်တော်ကတော့ အဲဒီလိုမြင်တယ်။ ဆက်လက်ပြီး သတင်းအချက်အလက် တောင်းခံမှုတွေနဲ့ တင်ပေမဲ့လည်း ဘာမှ ကျွန်တော်တို့ကို ပြန်ကြားတာ မရှိဘူး” လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တရားဝင်မီဒီယာ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဥပဒေနဲ့အညီ သတင်းအချက်အလက်တွေ တောင်းခံခဲ့ပေမယ့် အစိုးရဘက်က ဖြေကြားမှု မရှိတဲ့အပေါ် ဦးဇေယျာလှိုင်က သူ့အမြင်ကို ပြောကြားပါတယ်။
ဝေဖန်ခံနေရတဲ့ စီမံကိန်းတွေ၊ စာရင်းစစ်ချုပ် အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရဟာ လွှတ်တော်ကိုလာပြီး မဖြေရှင်းဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပေမဲ့လည်း တကယ်တမ်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက မဖြေရှင်းဘဲနေနေတာ မဟုတ်ဘဲ ဆင်ဝှေ့ရန်ရှောင် သဘောမျိုးနဲ့ ဖြေရှင်းနေတာတွေကိုတော့ တွေ့နေရတယ်။ ကြားသိနေရတယ်လို့ ဒေါက်တာညိုညိုသင်းက ဆိုပါတယ်။
“အန်တီတို့ သိရသလောက်တော့ တချို့ကိစ္စတွေနဲ့ ပတ်သက်ပြီး စာရင်းစစ်ချုပ်ရဲ့ တင်ပြချက်အပေါ်မှာ အစိုးရအဖွဲ့အနေနဲ့ လုံးဝဖြေရှင်းမှု မရှိတာတော့ မဟုတ်ဘူး။ အဲဒါတွေကို ပြည်သူလူထုကို မထုတ်ပြန်တာဖြစ်တယ်။ မီဒီယာတွေကို မထုတ်ပြန်တာဖြစ်တယ်။ အဲဒီတော့ သက်ဆိုင်ရာ ဥပမာအားဖြင့် စည်ပင်သာယာရေး ကော်မတီက သူ့ရဲ့မြေငှားခတွေ နည်းနေတယ်ဆိုရင် သူကဒီလိုနည်းနေတာတွေကို စာရင်းစစ်ချုပ်ဆီ ပြန်လည်ဖြေရှင်းတဲ့ အဆင့်တော့ရှိတယ်။ အကုန်လုံး မဟုတ်တောင်မှ တချို့ကိစ္စ အနည်းငယ်ကိုတော့ ပြန်လည်ဖြေရှင်းတာရှိတယ်။ အဲဒီလို ဖြေရှင်းချက်တွေကို အန်တီတို့လေ့လာတဲ့ အခါမှာလည်း ပြဿနာရဲ့ အဖြေကိုဖြေရှင်းတာ မဟုတ်ဘူးပေါ့။ ပြဿနာရဲ့ အကြောင်းရင်းကို ဖြေရှင်းတာ မဟုတ်ဘဲ တော်ရုံတန်ရုံပေါ့။ ဝတ်ကျေတန်းကျေ လုပ်တာပဲ တွေ့ရတယ်။ ဥပမာအားဖြင့် ဒီလိုမျိုး ဝတ်ကျေတန်းကျေ လုပ်တာက ဘာကြောင့်လဲဆိုတော့ ပါတီခေါင်းဆောင်တွေက ဒါကို ဆူလို့ပေါ့။ ပါတီခေါင်းဆောင်တွေက ဒီကိစ္စတွေကို ဒီလိုဖြစ်နေပြီလို့ မီဒီယာတွေက ပြောတဲ့အခါမှာ ဒီကိစ္စတွေ မင်းတို့ဖြေရှင်းရမယ်လို့ ပြောလိုက်တဲ့အခါမှာ ဝတ်ကျေတန်းကျေ ဖြေရှင်းချက်မျိုးကိုပဲ စာရင်းစစ်ချုပ်ကို ပြန်ဖြေရှင်းတာ တွေ့ရတယ်။ အဲဒီတော့ အဲဒီလို အလုပ်လုပ်တာဟာဆိုရင် အစိုးရအနေနဲ့ ကိုယ့်ရဲ့တည်ဆဲဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ကိုယ့်ရဲ့ ဥပဒေချိုးဖောက်မှု တွေကိုပေါ့နော်။ အပေါ်ယံ ပြန်လည်ဖြေရှင်းချက်သာဖြစ်တယ်။ တကယ့်ပြဿနာရဲ့ အဖြေကို ဖြေရှင်းတာမျိုး မဟုတ်ဘူး။ အဲဒီလို လုပ်တာမျိုးဟာ လုံးဝမဖြေရှင်းတာ ထက်ပိုပြီးတော့တောင် ပြည်သူလူထုအတွက် အန္တရာယ်ကြီးတယ်။ လုံးဝမဖြေရှင်းဘူး ဆိုရင်ဟာ ရန်ကုန်တိုင်းအစိုးရက မေးလျက်သားနဲ့ မဖြေရှင်းဘူးဆို ဒါ သူတို့မှာ အပြစ်ရှိတာ ထင်ရှားတယ်။ အခုက အဲဒါမျိုးမဟုတ်ဘူး။ ရန်ကုန်တိုင်းအစိုးရက ကျွန်တော်တို့ ပြန်ဖြေရှင်းထားပါတယ် ဆိုပြီးတော့ ဆင်ဝှေ့ရန်ရှောင် စကားလုံးတွေနဲ့ သုံးပြီးတော့ ဖြေ ရှင်းချက်တွေသုံးပြီး လုပ်နေတာကို ကြည့်ရတာ အဲဒါကမှ တကယ့်ကို ပိုပြီးတော့ လူထုအတွက် ထိခိုက်နစ်နာတယ်။ ဟန်ပြပေါ့။ အပေါ်ယံ ဖြေရှင်းချက်တွေကို အန်တီတို့ မလိုချင်ပါဘူး။ အဲဒီလို အပေါ်ယံဟန်ပြ ဖြေရှင်းချက်တွေ လုပ်တာဟာ ဆိုလို့ရှိရင် ဒါဟာ ပြည်သူကို လိမ်ညာမှု တစ်ခုပဲလို့ အန်တီတို့က မှတ်ယူတယ်” လို့ ဒေါက်တာညိုညိုသင်းက ပြောကြားပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့လည်း မကိုက်ညီ၊ တင်ဒါခေါ်ယူမှုမရှိဘဲ နိုင်ငံပိုင်မြေတွေကို ကုမ္ပဏီတစ်ခုတည်းကိုပေး၊ လွှတ်တော်မှာလည်း ဆွေးနွေးတင်ပြမှုမရှိ၊ သတင်းမီဒီယာက တရားဝင် မေးမြန်းတော့လည်း ဖြေကြားမှုမရှိ၊ လွှတ်တော်ကိုလည်း လာရောက် ရှင်းလင်းဖြေကြားမှု မရှိတဲ့ YP စက်သုံးဆီဆိုင် အရေးဟာ ဒီလိုမဖြေဆိုမှုတွေကြောင့်ပဲ ကိုယ်ကျိုးစီးပွားအတွက် လုပ်တာလား၊ ရန်ပုံငွေ တစ်ခုခုအတွက် လုပ်ဆောင်တာလား၊ အဂတိမှု မြောက်နေသလားဆိုတဲ့ ဝေဖန်သံတွေ ဆူညံနေပါတယ်။ ဒီလိုမျိုး ဆူညံသံတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရဟာ လွှတ်တော်ဆီကို လာရောက်ဖြေရှင်းတာနဲ့ပဲ ချေဖျက်ပြဖို့ လိုအပ်နေပါတယ်။ ပွင့်လင်းမြင်သာမှု မရှိရင် အချိန်မီ မဖြေရှင်းဘူးဆိုရင် လက်ရှိအစိုးရသက်တမ်း ကုန်ဆုံးလို့ နောက်တစ်ကြိမ် အသစ်တက်လာတဲ့ အစိုးရ၊ တတိယအကြိမ် လွှတ်တော်မှာ ဖြေရှင်းရခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်လို့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားပါတယ်။
“အန်တီတို့လည်း သတင်းရထားတာတွေ ရှိပါတယ်။ အဲဒီလို သတင်းရထားတာတွေရှိလို့ ဒီထက်ခိုင်လုံတဲ့ အထောက်အထားတွေကို စောင့်မျှော်နေတယ်။ အဓိက, က အခုပြီးခဲ့တဲ့ စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဒီကိစ္စ (YP မြေလွှဲပြောင်းမှုကိစ္စ ပါမလာဘူး။ လာမယ့် စာရင်းစစ်ချုပ်အစီရင်ခံစာမှာ ဒီကိစ္စပါလာမယ်လို့ မျှော်လင့်ရတယ်” လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူလည်းဖြစ်တဲ့ ဒေါက်တာညိုညိုသင်းက သုံးသပ်ပါတယ်။
စက်သုံးဆီစျေး ကျဆင်းဖို့ဆိုတဲ့ အခြေအနေတစ်ခုအတွက် နိုင်ငံကပြန်ရမယ်ဆိုတဲ့ အကျိုးအမြတ် မည်မည်ရရ ရှိနေပြီလား၊ မရှိသေးဘူးလားဆိုတာ ပြည်သူတွေရော လွှတ်တော်ကိုယ်စားလှယ်တွေပါ သိရှိခွင့် မရှိသေးပေမယ့် လက်ရှိအချိန်အထိ နိုင်ငံပိုင်မြေကွက် ၁၂ ကွက်ကတော့ YP ဆိုင်တွေ ဖွင့်လှစ်ဖို့ ဖြစ်သွားပါပြီ။ ရန်ကုန်မြို့မှာ လမ်းမတန်းကမြေဟာ မြို့ပြင်ဖြစ်နေပြီးတော့ 1 sqft ကို ကျပ်တစ်သိန်းအထက်ပေါက်တာ ဖြစ်နေလို့ တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ပေးတိုင်း၊ ကျပ် ၄၈၀၀ နဲ့ ပေးတိုင်း ပေးလိုက်တဲ့ မြေအကျယ်အဝန်း အချက်အချာကျမှုအလိုက် နိုင်ငံတော်က ကျပ်သိန်းပေါင်း သောင်းနဲ့ချီပြီး ဆုံးရှုံးနေရတဲ့ အခြေအနေကလည်း ဖြစ်နေပြီလို့ အများပြည်သူက ယုံကြည်လက်ခံချင်စရာ ဖြစ်နေပြီ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်သူ့အကျိုးအတွက် စက်သုံးဆီဆိုင်တွေ ဖွင့်လှစ်ခွင့်ပေးတာ၊ နိုင်ငံတော်က နစ်နာမှု မရှိဘူး။ နိုင်ငံပိုင်မြေတွေကို YP ဆီ လွှဲပေးခဲ့တာကလည်း အချိန်ကာလ တစ်ခုမှာ နိုင်ငံတော်ကပဲ ဆိုင်ရောမြေပါ ပြန်ရမှာဆိုတဲ့ ဖြေရှင်းမှုမျိုးနဲ့ စနစ်တကျ လွှတ်တော်ကို လာရောက် ဖြေရှင်းနိုင်မယ် ဆိုရင်တော့ လက်ရှိစွပ် စွဲချက်တွေက နေလာနှင်းပျောက် ဖြစ်သွားမှာ ဖြစ်ပေမဲ့ ဒီစွပ်စွဲချက်တွေကို လာရောက်ဖြေရှင်းမှု မရှိဘဲ အခုလိုမျိုး ဆင်ဝှေ့ရန်ရှောင် ဆက်လုပ်နေမယ် ဆိုရင်တော့ ...။










