ဆေးခြောက်စိုက်ခင်းဖြစ်စဉ်မှ အစမ်းခန့်ဝန်ထမ်းမိန်းကလေးကို ချုပ်နှောင်တရားစွဲဆိုထားမှုက တရားမျှတပါရဲ့လား

ဆေးခြောက်စိုက်ခင်းဖြစ်စဉ်မှ အစမ်းခန့်ဝန်ထမ်းမိန်းကလေးကို ချုပ်နှောင်တရားစွဲဆိုထားမှုက တရားမျှတပါရဲ့လား
အစမ်းခန့်ဝန်ထမ်း မရွှန်းလဲ့မြတ်နိုး၏ မိသားစုဝင်တစ်ဦးအား မြင်းခြံခရိုင်တရားရုံး ရုံးထုတ်တွင် တွေ့ရစဉ်
အစမ်းခန့်ဝန်ထမ်း မရွှန်းလဲ့မြတ်နိုး၏ မိသားစုဝင်တစ်ဦးအား မြင်းခြံခရိုင်တရားရုံး ရုံးထုတ်တွင် တွေ့ရစဉ်
Published 9 February 2020
မင်းသန့်

“ သမီးက ဒီနေ့ရောဆို ၉ လနဲ့ ၁၁ ရက် ရှိသွားပြီ။ သူ့အတွက် အာမခံလျှောက်ထားတာ မရတဲ့နေ့ကဆိုသူ ဘာမှလည်း မလုပ်ရဘဲနဲ့ ဘာလို့ဒီထဲကို ရောက်လာတာလဲတဲ့။ အလုပ်မှ စဝင်ခါစပဲရှိသေးတာ ဘာဖြစ်လို့ ဒီလိုရောက်နေရလဲဆိုတာ နားကိုမလည်ဘူးလို့ ပြောရှာတယ်။ သူ အပြင်ကိုထွက်လာရင်တောင် သူ့ဘဝအတွက် အမည်းစက်ကြီး ထင်မှာကြောက်တယ်တဲ့။ သမီးရယ် ကိုယ်မဟုတ်တာလုပ်တာမှ မဟုတ်တာ ဘာမှရှက်စရာမလိုဘူးလို့ အားပေးရတယ်။ ဒါပေမဲ့ သူကမိန်းကလေးဆိုတော့ ကျွန်မတို့လည်း စိတ်ပူတာပေါ့။ သားယောက်ျားလေးဆိုရင် ကျွန်မတို့ဖြေသာဦးမှာ။ မိန်းကလေးဆိုတော့ တော်တော်လေးကို စိတ်သောက ရောက်ရတယ်။ အာမခံမပေးဘူးဆိုတော့လည်း ကိုယ့်မှာ ရင်ကွဲပက်လက်။ ကလေးကဆို ငိုလိုက်တာ”

အထက်ပါ စကားများက မန္တလေးမြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်းရှိ ဆေးခြောက်စိုက်ခင်းဖြစ်စဉ်တွင် တရားစွဲဆိုခံနေရသူတစ်ဦးဖြစ်သည့် မရွှန်းလဲ့မြတ်နိုး၏ မိခင်ဖြစ်သူ ဒေါ်ရီဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆေးခြောက်စိုက်ခင်းဖြစ်စဉ်တွင် အသက် ၂၃ နှစ်အရွယ် မရွှန်းလဲ့မြတ်နိုးမှာ ဓာတ်ခွဲခန်း လက်ထောက်အကူဟုဆိုကာ အမှုတွဲဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းဖြစ်ပြီး ၎င်းမှာ အဆိုပါစိုက်ခင်းတွင် အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းမှာ ရက်သတ္တပတ်သုံးပတ်ခန့်သာ ရှိသေးပြီး လစာပင် တစ်ခါမျှ ထုတ်ယူရခြင်း မရှိသေးသူဖြစ်သည်။

“ သမီးက အလုပ်ဝင်တာ သုံးပတ်လောက်ပဲ ရှိသေးတာ။ ရာထူးအနေနဲ့ ဘာမှသေချာ မပေးထားသေးဘူး။ အစမ်းခန့်ဆိုပြီး အိမ်ကနေ ကိုယ့်ထမင်းချိုင့်လေးနဲ့ ကိုယ်သွားရတာ။ လစာက တစ်သိန်းခွဲလို့ ပြောသေးပေမဲ့ ပိုက်ဆံကို မသုံးရသေးဘူး။ လစာကို မထုတ်ရသေးဘူး” ဟု မိခင်ဒေါ်ရီဝင်းက ဆိုသည်။

 

လူမှုကွန်ရက်ပျံ့နှံ့လာသော ဆေးခြောက်စိုက်ခင်းဖြစ်စဉ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်း စိုက်ပျိုးထားသည့် ဧက ၅၀ ခန့်ရှိ ဆေးခြောက်စိုက်ခင်းဖြစ်စဉ်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ထွက်ပေါ်မှုအရ မန္တလေးတိုင်း ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ၂၀၁၉ ခုနှစ် ဧပြီ ၂၂ ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ပြီး စိုက်ပျိုးပင်များအား နမူနာယူ ဓာတ်ခွဲစမ်းသပ်ရာ ဆေးခြောက် (Cannabis) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါစိုက်ခင်းမှာ အမေရိကန်နိုင်ငံ III M အာဟာရဆေးဝါးကုမ္ပဏီက ဇီဝလောင်စာနှင့် သဘာဝဆေးဖက်ဝင် လျှော်ပင် စမ်းသပ်စိုက်ပျိုးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် အမေရိကန်နိုင်ငံက တင်သွင်းသည့် သဘာဝဂုန်လျှော်မျိုးစေ့ United States (Kompolti/AB Seeds) and EU (Kompolti/EU8) seeds ကို ၂၀၁၈ ခုနှစ် မေလခန့်မှစတင်ကာ တရားဝင် သုတေသန ပြုလုပ်စိုက်ပျိုးနေခြင်းလည်း ဖြစ်သည်။

သို့သော် ဓာတုဗေဒဝန်ရုံး၏ ဓာတ်ခွဲစမ်းသပ်အဖြေအရ ဆေးခြောက်စိုက်ခင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်၍ စိုက်ခင်းမန်နေဂျာ ရှိန်းလတ်(၃၇ နှစ်)၊ဓာတ်ခွဲခန်း လ/ထအကူ ရွှန်းလဲ့မြတ်နိုး (၂၃ နှစ်) နှင့် အမေရိကန်နိုင်ငံသား Mr.John Fresric Todorokij (၆၃ နှစ်) အပါအဝင် ယင်းကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်သုံးဦးနှင့် အမေရိကန် နိုင်ငံသား စိုက်ပျိုးရေးပညာရှင် နှစ်ဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)(ခ)၊ ၁၉(က)၊ ၂၀(က)(ခ) တို့ဖြင့် မြင်းခြံခရိုင်တရားရုံးတွင် တရားစွဲတင်လျက်ရှိခြင်းဖြစ်၏။

ထိုသို့ တရားစွဲတင်နေစဉ်အတွင်း အမေရိကန်နိုင်ငံသား မစ္စတာဂျွန်၏ ကျန်းမာရေးအခြေအနေအရ ကျပ်သိန်းသုံးထောင်ဖြင့် အာမခံပေးထားခဲ့သော်လည်း ဓာတ်ခွဲခန်း လက်ထောက်အကူဖြစ်သည်ဟုဆိုသော မရွှန်းလဲ့မြတ်နိုးအတွက် အာမခံလျှောက်ထားမှုကို မြင်းခြံခရိုင်တရားရုံးက ပယ်ချကြောင်း အမိန့်ချမှတ်ခဲ့သည်။ အမေရိကန်နိုင်ငံသား မစ္စတာဂျွန်မှာမူ အာမခံရရှိပြီးနောက်ပိုင်း တရားရုံးသို့ လာရောက်တော့ခြင်းမရှိတော့ဘဲ နောက်ဆုံးတွင် တရားစွဲဆိုခံထားရသည့် အမေရိကန်နိုင်ငံသားအားလုံးမှာ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သည်။

သို့ဖြစ်ရာ ဆေးခြောက်စိုက်ခင်းအမှု နှင့်ပတ်သက်၍ မြင်းခြံထောင်ကြီးချုပ်အတွင်းမှ တရားရင်ဆိုင်နေရသူ မြန်မာနိုင်ငံသား လုပ်ခစားဝန်ထမ်းနှစ်ဦးသာ ကျန်ရှိတော့ခြင်းလည်း ဖြစ်သည်။

ယင်းအခြေအနေအပေါ် အမှုကိုလိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “ အမှုမှာ အရေးကြီးတဲ့ အမေရိကန်နိုင်ငံသားတွေ၊ ပိုက်ဆံရှိတဲ့သူတွေ အကုန်လုံးလွတ်ပြီးတော့ အချုပ်ထဲမှာ ပိုက်ဆံမရှိလို့ အခစားလုပ်တဲ့ မအူမလည် မြန်မာငမွဲတွေပဲ ကျန်နေခဲ့တယ်။ သူတို့က ဘာမှ မငြိစွန်းဘူး။ အခုစွဲချက်တင်သင့် မတင်သင့် လျှောက်လဲထားတယ်။ အဲဒီတော့ ဒီအမှုမှာ ရွှန်းလဲ့မြတ်နိုးနဲ့ ရှိန်းလတ်တို့ နှစ်ဦးဟာ အမှုတွဲမှာ လုံးဝမပါသင့်ဘူး။ ဒီအမှုကြီးက ပါသင့်တဲ့သူတွေ မပါဘဲ မပါသင့်တဲ့သူတွေ ပါနေတဲ့အမှုပဲ။ ထည့်ပြီး တရားစွဲရမယ့်သူတွေ မစွဲထားဘဲ မစွဲရမယ့်သူတွေ စွဲထားတာ” ဟု သုံးသပ်ပြောကြားခဲ့သည်။

 

မြေစာပင် ရွှန်းလဲ့မြတ်နိုး

“ သမီးက E မေဂျာနဲ့ ပြီးထားပြီး အရင်ကတော့ မန္တလေးက မြတ်ပါရမီဆိုတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အင်္ဂလိပ်စာပြ ဆရာမလုပ်ခဲ့တာ ခုနစ်လလောက်ကြာမယ် ထင်တယ်။ အဲဒီမှာ သူ့အဘွားက သူ့မြေးလေးနဲ့ အတူတူနေချင်တယ်။ ဒီမြို့သာစက်မှုဇုန်ထဲမှာ အလုပ်တွေရှိတာပဲဆိုပြီး သူ့မြေးကို ပြန်ခေါ်လိုက်တာ။ အဲဒီလို ပြန်ခေါ်ပြီး အလုပ်ဝင်တာ ဘာမှမကြာဘူး။ သုံးပတ်လောက်ရှိသေးတယ် အခုလိုဖြစ်သွားတာ။ ခုကျ အမေကလည်း သူခေါ်လို့ ခုလိုဖြစ်တာဆိုပြီး အိပ်ရာထဲ ပက်လက်”

“ မြတ်ပါရမီ အထက်တန်းကျောင်းတုန်းက လစာ နှစ်သိန်းနီးပါး စရိတ်ငြိမ်းရတာ။ ဒီမှာက စရိတ်ငြိမ်းလည်း မဟုတ်ဘူး။ နေပူထဲမှာ ရေလောင်းပေါင်းသင်လုပ်ရတာ။ တစ်ခါတလေ ပြန်လာလို့ရှိရင် သူ့ဖိနပ်မှာ ဗွက်တွေပွနေလို့ လျှော်ပေးရတာ အမော။ ကလေးက တောက်တိုမည်ရ အကုန်လုပ်ရပြီး ရေလောင်းဆို လောင်းရ၊ ပေါင်းနုတ်ဆို နုတ်ရတာ။ သူ့ကို အခုဓာတ်ခွဲခန်းအကူဆိုပြီး ထည့်ထားတာက သူက E မေဂျာနဲ့ပြီးထားတော့ သူတို့ (အမေရိကန်နိုင်ငံသား) ပြောတာ နားလည်နေတော့ သူတို့က ဟိုပစ္စည်းယူ ပေးပါဦး ဒီပစ္စည်းယူပေးပါဦးနဲ့ အဆင်ပြေပြေပြောဆိုနိုင်လို့ အဲဒီလိုမျိုး ထည့်လိုက်တာ။ သမီးက အင်္ဂလိပ်စကားပြောလည်း ရတယ်လေ” ဟု မိခင်ဖြစ်သူက အခြေအနေကို မချိတင်ကဲ ပြောပြသည်။

“ အဲဒီနေ့က သမီးက အလုပ်ဆင်းလို့ အိမ်ရောက်နေပြီ။ ည ၈ နာရီလောက်ကျတော့ အလုပ်ဆိုက်ထဲက လာခဲ့ဦးဆိုလို့ ကျွန်မတို့လင်မယားနှစ်ယောက် လိုက်ပို့လိုက်တာ။ အဲဒီနေ့ညကတည်းက မေးစရာလေးမေးပြီး ပြန်ပို့မှာဆိုတာ ခုထိ ပြန်မပို့တော့တာ။ နောက်နေ့ကျမှ ဖမ်းတယ်ဆိုတာ သိရတာ။ ကျွန်မတို့မှာ တစ်ညလုံး မအိပ်ရဘူး” ဟု  မိခင် ဒေါ်ရီဝင်းက ဖမ်းဆီးခံရသည့်နေ့အခြေ အနေကို ပြောပြခဲ့ပြီး “ ကျွန်မသမီးလေး အမြန်ဆုံး လွတ်စေချင်တာပါ။ သူက ဘာမှမလုပ် ဘာမှလည်းမသိဘူး။ တကယ်ကို စိတ်သောက ရောက်နေရတာပါ။ သမီးလေးက အပြစ်မရှိလို့ အမြန်ပဲ လွှတ်ပေးစေချင်တယ်”  ဟုလည်း ၎င်း၏ဆန္ဒကို ငိုရင်း ပြောဆိုခဲ့သည်။

“ သမီးက အခုဆို နေမကောင်းဘူး။ အစာအိမ်ရောင်တာ ခဏတိုင်းဖြစ်တာ။ အဲဒီအထဲမှာဆိုတော့ သူက စားချင်တဲ့အခါစားတယ်။ မစားချင်ရင်မစားတော့ အစာအိမ်က ရောင်တာပေါ့။ ကျွန်မတို့လည်း အတတ်နိုင်ဆုံး အားပေးထားရပြီး သူစားချင်တာလေးတွေ ပို့ပို့ပေးနေရတယ်။ ဗုဒ္ဓဟူးနေ့တိုင်း ထောင်ဝင်စာသွားတွေ့ရင် သမီးက ငိုနေတော့တာ။ နောက်ပြီး သူကသူနာပြုဝင်ခွင့်ရဖို့ အမှတ်မီတယ်လေ။ လျှောက်ဖို့ဝင်ခွင့် ခေါ်တာ စောင့်နေတာ။ အခုဆို ဒီနှစ်ဝင်ခွင့်တွေခေါ်တာ မမီတော့ဘူးလို့ပြောပြီး ငိုပြန်ရော။ သူက အသက် ၂၅ နှစ်အတွင်းပဲ တက်ခွင့်ရှိတာဆိုတာ သူနာပြုကျောင်းမတက်ရမှာ စိုးရိမ်ပြီး ငိုနေရှာတာ။ ကျွန်မလည်း အားပေးနှစ်သိမ့်ရုံကလွဲပြီး ဘာမှမတတ်သာဘူး” ဟု သမီးဖြစ်သူ ဘဝအနာဂတ်အတွက် စိတ်မကောင်းစွာ ဖြစ်နေရသည့်အပေါ် ပြောပြခဲ့သည်။

 

သုတေသနစိုက်ခင်း ၊ ဓာတ်ခွဲခန်းအဖြေနှင့် ၀ိ၀ါဒများ

တကယ်တော့ ယခုဖြစ်စဉ်တွင် အမေရိကန်ကုမ္ပဏီဘက်မှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် စိုက်ပျိုးသည့် သုတေသနစိုက်ခင်းဖြစ်ခြင်းကြောင့် အမှုတွဲချေဖျက်ပေးရန်နှင့် စိုက်ခင်းမှ အပင်များမှာ စက်မှုသီးနှံဂုန်လျှော်ပင် ဟုတ်မဟုတ် အပါအဝင် စိုက်ခင်းအပင်များတွင် မူးယစ်ဆေးဝါးပါဝင်မှု အာနိသင်ရာခိုင်နှုန်း အတိအကျသိရှိရန် ကုလသမဂ္ဂနိုင်ငံတစ်ခုတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးရန် လျှောက်ထားမှုကို တိုင်းတရားလွှတ်တော်က ပယ်ချခဲ့ပြီး သုတေသနစိုက်ခင်းဖြစ်ကြောင်း သက်သေပြရန် အမှုကို ဆက်လက်စစ်ဆေးနေခြင်းကြောင့် လက်ရှိတွင် မြန်မာနိုင်ငံသားနှစ်ဦးမှာ ဆေးဖက်ဝင် စက်မှုသီးနှံပင်လား၊ ဆေးခြောက်စိုက်ခင်းလားဆိုသည့် ၀ိ၀ါဒများကြား မြေစာပင်ဖြစ်နေရတော့သည်။ ယင်းသို့ ၀ိ၀ါဒကွဲလွဲစရာ အခြေအနေတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က “ ဒီမှာ ဓာတ်ခွဲစမ်းသပ်တဲ့အဖြေအရ သူတို့ပြောတာကတော့ ဆေးခြောက်ပေါ့။ Cannabis ပါတယ်ပေါ့။ ဒါပေမဲ့ CBD (ဆေးခြောက်အနွယ်ဝင် အပင်များတွင် ပါဝင်သော ဓာတ်တစ်မျိုး) လည်း တွေ့တယ်။ CBD ဆိုတာ အကျိုးပြုတဲ့အဆီ။ အဲဒီတော့ ဆေးခြောက် ဘယ်လောက်ပါဝင်သလဲဆိုတာ မေးကြည့်တော့ ကျွန်တော်တို့ ဆီမှာ မစစ်နိုင်သေးဘူး။ ဒီအပင်တွေမှာ ရာခိုင်နှုန်း ဘယ်လောက်ပါသလဲဆိုတာ တိတိကျကျသိရရင်တော့ ကောင်းတာပေါ့” ဟု ပြောကြားမှုက အလုပ်ဝင်ပြီး တစ်လမပြည့်သေးမီ အမှုတွဲထည့်ကာ ၁၀ လနီးပါးကြာသည်အထိ အချုပ်အနှောင်ဖြင့် တရားရင်ဆိုင်နေရသည့် မရွှန်းလဲ့မြတ်နိုးအတွက် စိတ်မကောင်းစရာဖြစ်ပြီး ယင်းအခြေအနေများက သူ့အတွက် တရားမျှတပါရဲ့လားဟု မေးခွန်းထုတ်ချင်စရာပင်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ဆီးနိတ်လွှတ်တော်အမတ် မတ်ကော်နယ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့အပြင်  မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ထံ အသနားခံစာပေးပို့ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အာမခံရရှိသွားပြီဖြစ်သည့် အမေရိကန်နိုင်ငံသား မစ္စတာဂျွန်မှာ အမှုမှလွတ်မြောက်ရာသို့ ရောက်ရှိနေပြီဖြစ်ပြီး မရွှန်းလဲ့မြတ်နိုးအတွက် သနားညှာတာမှု၊ တရားမျှတမှုနှင့် လွတ်မြောက်ရာလမ်းက ဝေဝေ၀ါးဝါးရှိနေဆဲပင်။

မည်သို့ပင်ဖြစ်စေ ပြီးခဲ့သည့် အပတ်ရုံးထုတ်၌ နှစ်ဖက်ရှေ့နေ လျှောက်လဲချက် ကြားနာခဲ့ပြီးနောက် စွပ်စွဲခံရသည့် ဓာတ်ခွဲခန်းအကူ မရွှန်းလဲ့မြတ်နိုးနှင့် စိုက်ခင်းမန်နေဂျာ ကိုရှိန်းလတ်တို့နှစ်ဦးအား ဖေဖော်ဝါရီ ၁၀ ရက် (ယနေ့ရုံးချိန်း) တွင် စွဲချက်တင် သင့်မတင်သင့် အမိန့်ချမှတ်တော့မည်ဖြစ်သည်။

ထိုနေ့တွင် မျှော်လင့်ချက်များစွာဖြင့် မြင်းခြံခရိုင်တရားရုံးသို့ သွားရောက်မည့် မိသားစုဝင်များနှင့် မရွှန်းလဲ့မြတ်နိုးတို့အတွက် ပျော်ရွှင်သည့်အပြုံးများကို ဆောင်ကြဉ်းပေးသွားမည်လား။ တရားရုံးတို့ ထုံးစံအတိုင်း စိတ်မချမ်းမြေ့ဖွယ် အနိဋ္ဌာရုံမြင်ကွင်းများ၊ ငိုဟစ်သံများ လွှမ်းမိုးသွားမည်လား ဆိုတာကတော့ဖြင့် ….. ။         

Most Read

Most Recent