စီးရီးအေပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 9 February 2020

SPAL - ဆာဆူအိုလို (တနင်္ဂနွေညနေ ၆:၀၀ နာရီ)

အတ္တလန်တာကို အနိုင်ရတဲ့အထိ SPAL ထပေါက်ခဲ့ပေမယ့် နောက်ဆုံး(၂)ပွဲဆက်ပြန်ရှုံးပြီး မူလအနေအထားကို ပြန်ရောက်သွားပြီ။ ဆာဆူအိုလိုကလည်း မှန်းဆရခက်တဲ့ခြေစွမ်းပိုင်ရှင်မျိုးဖြစ်ပြီး အဝေးကွင်းရလဒ်လည်း သိပ်မကောင်းလို့် သရေရလဒ်က မျှတပါတယ်။ 



ဂျီနိုအာ - ကာဂလီယာရီ (တနင်္ဂနွေည ၈:၃၀ နာရီ)

ရှုံးပွဲတွေရပ်တန့်နိုင်ခဲ့ပြီးနောက် ဂျီနိုအာရဲ့နောက်ထပ် ရည်မှန်းချက်ဟာ နိုင်ပွဲရရှိရေးဖြစ်နေလိမ့်မယ်။ ကာဂလီယာရီရဲ့ ဖြစ်တည်မှုဟာ ရာသီအစကလိုမဟုတ်တော့ဘဲ ယိမ်းယိုင်နေတယ်။ ဂျီနိုအာ အမှတ်ရပါလိမ့်မယ်။ 



နာပိုလီ - လက်ချီ (တနင်္ဂနွေည ၈:၃၀ နာရီ)

နေပယ်သားတွေ တကယ်ပြန်လာပြီလား၊ နည်းပြ ဂတ်တူဆိုရဲ့မာန်တွေနဲ့အတူ နာပိုလီရဲ့ မျှော်လင့်ချက်ပြန်လည်ရှင်သန်လာပြီလား။ အခြားတစ်ဖက်မှာ လက်ချီကလည်း တန်းဆင်း ဇုန်လွတ်မြောက်ရေးလမ်းစဉ်ကို အသည်းအသန်ပုံဖော်နေပါတယ်။ ဒါပေမဲ့ အဝေးကွင်းမှာ နာပိုလီဆီက လက်ချီ တစ်မှတ်ထက်ပိုပြီး ရရှိမှာမဟုတ်ဘူး။ လက်ချီရဲ့ တစ်မှတ်တန်မျှော်လင့်ချက်ကို မေ့ထားပြီး နာပိုလီနဲ့ ဂိုးအများ ရွေးထားရမယ်။



ဘရက်စီယာ - အူဒီးနီးစ် (တနင်္ဂနွေည ၈:၃၀ နာရီ)

(၇)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပြီး တန်းဆင်းဇုန်ထဲကနေ ဘရက်စီယာ ရုန်းမထွက်နိုင်သေးဘူး။ အူဒီးနီးစ်ကလည်း အဝေးကွင်းနောက်ဆုံး (၆)ပွဲမှာ (၅)ပွဲအထိရှုံးနိမ့်ထားပြီး ပေးဂိုးလည်းများခဲ့လို့ ဘရက်စီယာ မရှုံးအောင်ကစားပါလိမ့်မယ်။



ပါးမား - လာဇီယို (တနင်္ဂနွေည ၁၁:၃၀ နာရီ)

ပါးမားအိမ်ကွင်းဟာ လာဇီယိုရဲ့ ချန်ပီယံမျှော်လင့်ချက်ကို ခေတ္တတားဆီးမယ့် ထောင်ချောက်ပါပဲ။ အိမ်ကွင်းမှာ ထိပ်တန်းအသင်းတွေကို ဒုက္ခပေးနိုင်ခဲ့တဲ့ ပါးမားရဲ့ အစဉ်အလာရယ်၊ လက်ရှိကစားပုံရယ်က လာဇီယိုကို မပေါ့ဆဖို့ သတိပေးနေပါတယ်။ ကြားရက်မှာ ဗီရိုနာနဲ့ ကစားထားရပြီး လာဇီယို ပွဲပန်းနေနိုင်တာကလည်း ပါးမားကွင်းမှာ အသာစီးရဖို့ ခက်စေပါတယ်။ လာဇိီယို အလွန်ဆုံးကပ်နိုင်ရုံပါပဲ။



အင်တာမီလန် - အေစီမီလန် (တနင်္လာနံနက် ၂:၁၅ နာရီ)

အေစီမီလန်က ပြန်လည်တည်ငြိမ်ခြင်းလမ်းမထက် ရောက်ရှိနေပြီလို့ဆိုရမယ်။ နိုင်ပွဲတွေ ဆက်တိုက်ရယူနေတာမျိုး မဟုတ်ပေမယ့် အမှတ်ရရှိအောင် ဘယ်လိုကစားမလဲဆိုတာ အေစီမီလန် ပိုပြီးသဘောပေါက်လာသလိုပါပဲ။ အင်တာမီလန်က အေစီမီလန်ထက် ပိုပြီးမာဂုဏ်မြင့်တယ်။ စုဖွဲ့မှုပိုကောင်းတယ်ဆိုပေမယ့် သူတို့ရဲ့ အဓိကပြဿနာက လူကာကူကို မှီခိုလွန်းနေရတာပါပဲ။ လူကာကူ ခြေစွမ်းမပြနိုင်တဲ့ပွဲတွေ၊ ဂိုးမသွင်းနိုင်တဲ့ပွဲတွေမှာ အင်တာမီလန်ရဲ့ နိုင်ပွဲမျှော်လင့်ချက် မှေးမှိန်သွားလေ့ရှိတယ်။ အဲရစ်ဆင်နဲ့ အက်ရှ်လေယန်းက လူကာကူအတွက် အခွင့်အရေးတွေ ဖန်တီးနိုင်မလား စောင့်ကြည့်ရမယ်။ မီလန်ဒါဘီရဲ့အစဉ်အလာအတိုင်း အကြိတ်အနယ်ဖြစ်လာနိုင်ပြီး အင်တာမီလန်က ပိုကောင်းတဲ့အသင်းဆိုပေမယ့် အေစီမီလန် အမှတ်ရမယ်။