ရခိုင့်ဦးဆောင်ပါတီသို့ ဝင်ရောက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်အချို့ ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခွင့် မရဖြစ်နေဟုဆို

ရခိုင့်ဦးဆောင်ပါတီသို့ ဝင်ရောက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်အချို့ ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခွင့် မရဖြစ်နေဟုဆို
Published 8 February 2020
ဉာဏ်လင်းထွန်း

ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်လိုသည့် ပါတီဝင်လွှတ်တော် ကိုယ်စားလှယ်အချို့ ပါတီမှ နုတ်ထွက်ခွင့်မရ၍ အခြားပါတီသို့ တရားဝင် ဝင်ရောက်နိုင်ရေး အခက်အခဲဖြစ်နေသည်ဟု ကိုယ်စားလှယ်အချို့ ပြောကြားချက်အရ သိရသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ပြီး ရခိုင့်ဦးဆောင်ပါတီ တည်ထောင်ပြီးနောက် ယင်းပါတီသို့ ဝင်ရောက်လိုသည့် ရခိုင်အမျိုးသားပါတီဝင် လွှတ်တော်ကိုယ်စားလှယ်အချို့ ပါတီမှ နုတ်ထွက်ခွင့်ရရေး အခက်တွေ့နေခြင်းဖြစ်သည်ဟု ရခိုင့်ဦးဆောင်ပါတီသို့ ဝင်ရောက်လိုသည့်  ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောကြားသည်။

“ ကျွန်တော့်အမြင်ကတော့ ညစ်ပတ်ထားတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆို ALD (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) ဘက်က လူတွေကျ ထွက်ခွင့်ပေးပြီးတော့ ဒေါက်တာအေးမောင်ရဲ့ လူတွေဖြစ်တဲ့ ကျွန်တော်တို့ကို ကျတော့ ထွက်ခွင့်မပေးဘူးဆိုတာက တစ်ခုခု စိုးရိမ်နေတဲ့ပုံစံမျိုးပါ” ဟု ဦးကျော်လွင်က ပြောကြားသည်။

ဦးကျော်လွင်သည် ရခိုင်အမျိုးသားပါတီထံ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းများတွင် နှစ်ကြိမ် နုတ်ထွက်စာ တင်ခဲ့သော်လည်း ပါတီက နုတ်ထွက်ခွင့် မပြုသေးခြင်းဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

“ အမည်ရှိတာက ရခိုင်အမျိုးသားပါတီမှာ ရှိနေတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ လုပ်နေတာကတော့ ရခိုင့်ဦးဆောင်ပါတီအတွက် အဲဒီလိုဖြစ်နေတာပေါ့” ဟု ဦးကျော်လွင်က လက်ရှိအခြေအနေကို ပြောကြားသည်။

ထို့ပြင် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ် ငါးဦးထက်မနည်းရှိနေပြီး အများစုမှာ ရခိုင့်ဦးဆောင်ပါတီသို့  ဝင်ရောက်လိုသူများဖြစ်သည်ဟု ဦးကျော်လွင်က ဆိုသည်။

ရခိုင်အမျိုးသားပါတီတွင်း သဘောထား ကွဲလွဲမှုများနှင့် ခေါင်းဆောင်မှုအပိုင်း ပြဿနာများကြောင့် ပါတီမှ နုတ်ထွက်လိုခြင်းဖြစ်သည်ဟု နုတ်ထွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားသည်။

၂၀၁၉ ခုနှစ် မေလတွင် စစ်တွေမြို့ ကျင်းပသည့် ရခိုင်အမျိုးသားပါတီညီလာခံတွင် နုတ်ထွက်စာတင်ထားသည့် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်ကို ထည့်သွင်းဆွေးနွေးခဲ့ပြီး ညီလာခံက လက်ရှိလွှတ်တော် သက်တမ်းကုန်ဆုံးသည်အထိ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များကို နုတ်ထွက်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်  ပါတီကိုယ်စားပြုယှဉ်ပြိုင်ပြီး အနိုင်ရလာခြင်းဖြစ်သောကြောင့် လက်ရှိ လွှတ်တော်သက်တမ်းပြီးဆုံးချိန်အထိ ပါတီတာဝန်များ ဆောင်ရွက်ရမည်ဟု ရခိုင်အမျိုးသားပါတီက ယူဆထားသည်။

“ မဲပေးတဲ့ မဲဆန္ဒရှင်တွေက လွှတ်တော်ကိုယ်စားလှယ် မောင်ဖြူ၊ မောင်ဝါဆိုတဲ့ ပုဂ္ဂိုလ်ကို မဲပေးလိုက်တာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့က သုံးသပ်တာ။ သူတို့က ကိုယ့်ဟာကို ဝင်ပြိုင်လာတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ပါတီနာမည်ခံပြီး ဝင်ပြိုင်လာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက်ကြောင့် လောလောဆယ် အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေက ပါတီကို တာဝန်ခံရဦးမယ်။ ရွေးကောက်ပွဲကာလအထိ     ကျွန်တော်တို့ပါတီက ထွက်ခွင့်ပေးမှာမဟုတ်ဘူး။ တကယ်လို့ သူတို့က ပါတီကထွက်ချင်ရင် လွှတ်တော်ကိုယ်စားလှယ်က ထွက်မယ်ဆိုရင် ဒါကို ကျွန်တော်တို့စဉ်းစားမယ်” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။ ရခိုင်အမျိုးသားပါတီသည် ၂၀၁၄ ခုနှစ်က ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပေါ်ပေါက်လာသည့်ပါတီ ဖြစ်သည်။

ထို့နောက် ၂၁၀၇ ခုနှစ်၌ ပါတီတွင်း သဘောထားကွဲလွဲမှုများကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က မူလပါတီအမည်ဖြင့် ပြန်လည်ခွဲထွက်ရပ်တည်ခဲ့ပြီး ယင်းနှစ်ကုန်ပိုင်းတွင် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည်လည်း ပါတီမှ နုတ်ထွက်စာတင်ခဲ့သည်။

 

 

Most Read

Most Recent