ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးခုကို မေ ၂ ရက်အထိ အင်တာနက်လိုင်း ပိတ်ထားမည်ဖြစ်ပြီး ကြားကာလအတွင်း တည်ငြိမ်အေးချမ်းသွားပါက ပြန်ဖွင့်မည်ဖြစ်ကြောင်း ပို့/ဆက် ဒုတိယဝန်ကြီး ပြောကြား

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးခုကို မေ ၂ ရက်အထိ အင်တာနက်လိုင်း ပိတ်ထားမည်ဖြစ်ပြီး ကြားကာလအတွင်း တည်ငြိမ်အေးချမ်းသွားပါက ပြန်ဖွင့်မည်ဖြစ်ကြောင်း ပို့/ဆက် ဒုတိယဝန်ကြီး ပြောကြား
Published 8 February 2020
အောင်မင်းသိန်း

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးခုကို ဖေဖော်ဝါရီ ၃ ရက်မှ မေ ၂ ရက်အထိ  သုံးလအင်တာနက်လိုင်း ပိတ်ထားမည်ဖြစ်ပြီး ကြားကာလအတွင်း တည်ငြိမ်အေးချမ်း ငြိမ်သက်သွားပါက ပြန်ဖွင့်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦသာဦးက ပြောကြားသည်။

ဖေဖော်ဝါရီ ၇ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအပြီးတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များကို အင်တာနက်လိုင်း ပိတ်လိုက်ခြင်းနှင့်ပတ်သက်၍ မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်က ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ရှစ်မြို့နယ်တွင် အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ပြီး ဒေသအခြေအနေများ ငြိမ်းအေးလာခြင်းကြောင့် ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ မောင်တော၊ ဘူးသီတောင်၊ ရသေ့တောင်၊ မြေပုံမြို့နယ်များအား သြဂုတ်လ ၃၁ ရက် ပြန်ဖွင့်ပေးခဲ့ပြီး လေးမြို့နယ်ကို ဆက်၍ပိတ်ထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

 “ အခုထပ်ပြီးတော့ နဂိုဖွင့်ထားပေးတဲ့ ဥစ္စာ ငါးမြို့နယ်ကို ပြန်ပြီးပိတ်တာကတော့ ဥပဒေအရ အများပြည်သူ အကျိုးငှာ ဒီဟာကို ဥပဒေအရ ကျွန်တော်တို့က နဂိုကတည်းကလည်း ပြောထားပါတယ်။ တည်ငြိမ်အေးချမ်းမှုမရှိရင် ပြန်ပြီးတော့ ပိတ်ရပါလိမ့်မယ်။ အခု ပိတ်တာကတော့ ကျွန်တော်တို့က ဘယ်နေ့ကနေ ဘယ်နေ့ဆိုပြီး Date နဲ့ ကန့်သတ်ထားတာပါ။ အရင်ပိတ်တုန်းကတော့ ဘယ်တော့ပြန်ဖွင့်မလဲ မပါဘူး။ အခုတော့ ဒီငါးမြို့နယ်ကို ၃ ရက် ၂ လကနေပြီးတော့၂ ရက် ၅ လအထိ သုံးလပိတ်မှာပေါ့။ ဒီကြားထဲမှာ တည်ငြိမ်အေးချမ်းသွားရင် ငြိမ်သက်သွားရင်တော့ ပြန်ဖွင့်မှာပေါ့” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

လက်ရှိတွင် အထက်ပါဒေသများ၌ အင်တာနက်လိုင်း ဖြတ်တောက်ထားသော်လည်း တယ်လီဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းများကို ပိတ်မထားကြောင်းနှင့် ယင်းသို့ဖြတ်တောက်မှုများ ပြုလုပ်မှုသည် ဝန်ကြီးဌာန၏ ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

 

 

Most Read

Most Recent