လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် တပ်အတွင်းသို့ ဝင်ရောက် မဲဆွယ်စည်းရုံးခွင့် မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောကြား

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် တပ်အတွင်းသို့ ဝင်ရောက် မဲဆွယ်စည်းရုံးခွင့် မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောကြား
ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ နှစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ နှစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Published 6 February 2020
နေရိုင်း၊ ဇေယျာထွန်း

လာမည့် ၂၀၂၀  အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် တပ်အတွင်းသို့ ဝင်ရောက်မဲဆွယ် စည်းရုံးခွင့် မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ နှစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို အထက်ပါကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် လောင်းများအား တပ်အတွင်းသို့ ဝင်ရောက်မဲဆွယ်ခွင့်ရရှိရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ခွင့်ပြုပေးနိုင်ရန် ရှိသလားဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

ယင်းသို့မေးမြန်းမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “တပ်ထဲမှာဝင်ပြီးတော့ မဲဆွယ်စည်းရုံးမှုက မဖြစ်နိုင်ဘူးပေါ့နော်။ တပ်တွင်းမှာက လုံခြုံရေး အနေအထားတွေ ရှိတယ်ပေါ့နော်။ ဒီထဲမှာ သွားပြီးတော့ မဲဆွယ်စည်းရုံးမှုကတော့ မဖြစ်နိုင်ဘူးပေါ့” ဟုပြန်လည်ဖြေကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲ၌ တပ်မဲရုံများ အနေဖြင့် တပ်ပြင်ပတွင် ရှိရမည် ဖြစ်သော်လည်း ရပ်ကွက်ကျေးရွာနှင့် ဝေးသွားသည့် တပ်များနှင့် တပ်များသာ သီးသန့်ရှိသည့် နေရာများ၌ တပ်မတော်သားများနှင့် အတူနေ မိသားစုများက မဲပေးကြရမည်ဖြစ်ပြီး ရပ်ကွက်ကျေးရွာနှင့်နီးသည့် တပ်မတော်သားများနှင့် အတူနေ မိသားစုများ အနေဖြင့် ရပ်ကွက်မဲစာရင်း ပြုစုထားသည့် အတိုင်းသာ မဲပေးကြရန်မည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ဆိုသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ တပ်မတော်သားများနှင့် အတူနေမိသားစုများ မဲပေးနိုင်မည့် တပ်မဲရုံနှင့် ရပ်ကျေးနှင့် ပူးတွဲဆောင်ရွက်၍ မဲပေးနိုင်မည့်မဲရုံ စုစုပေါင်း ၁၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

“၂၀၂၀ ပြည့်နှစ် တပ်မဲရုံအဖြစ်နဲ့ ဆောင်ရွက်ဖို့ အကြမ်းဖျင်း လျာထားတာတော့ တပ်မဲရုံသီးသန့်က ခြောက်ရာကျော်လောက်ရှိမယ်။ ရပ်ကျေးနဲ့ ပူးတွဲပြီးလုပ်တာကတော့ လေးရာနီးပါးလောက် ရှိပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲ၌ တင်ပြလာသည့် စာရင်းဇယားများအရ တပ်မဲရုံ ယာယီဆောက်လုပ်ပေးရမည့် မဲရုံ ၁၅၀ ကျော်နှင့် ရပ်ကျေးနှင့် ပူးတွဲဆောင်ရွက်ရမည့် ယာယီမဲရုံ တစ်ရုံသာရှိကြောင်း သိရသည်။

 

Most Read

Most Recent