စာသင်ကျောင်း၌ တပ်မတော်စစ်ကြောင်းနေရာယူထားစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ကျောင်းပိတ်ထားရကြောင်း ရခိုင်အမျို်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက်ကို မှတ်တမ်းမှပယ်ဖျက်ရန် တပ်မတော်သားကိုယ်စားလှယ် တောင်းဆို

စာသင်ကျောင်း၌ တပ်မတော်စစ်ကြောင်းနေရာယူထားစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ကျောင်းပိတ်ထားရကြောင်း ရခိုင်အမျို်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက်ကို မှတ်တမ်းမှပယ်ဖျက်ရန် တပ်မတော်သားကိုယ်စားလှယ် တောင်းဆို
Published 6 February 2020
စည်သူ၊ အောင်မင်းသိန်း

စာသင်ကျောင်းတွင် တပ်မတော်စစ်ကြောင်းတစ်ခုက နေရာယူထားစဉ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ယနေ့အချိန်ထိ ကျောင်းပိတ်ထားရကြောင်း ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်၏ ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တောင်းဆိုခဲ့သည်။

နေပြည်တော်၌ ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၏ ခြောက်လတာကာလလုပ်ငန်း ဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ ဆွေးနွေးချက်အပေါ် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“အလျဉ်းသင့်လို့ တင်ပြချင်တာ တစ်ခုကတော့ ကျွန်မရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ အထက်တန်းကျောင်းအဆောက်အအုံမှာ တပ်မတော်စစ်ကြောင်းတစ်ခုက နေရာယူထား စဉ်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ၎င်းအထကကျောင်းကို ယနေ့အချိန်ထိ ပိတ်ထားခဲ့ရပါတယ်။ ကျောက်တန်းရွာအပါအဝင် အနီးအနားမှာရှိတဲ့ ၂၄ ရွာက အမှီသဟဲပြု ကျောင်းတက်နေကြတဲ့ ကျောင်းသား ကျောင်းသူ ၁၀၀၀ ကျော်ဟာ ပညာသင်ကြားမှုမှာ အခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။ ဒါကြောင့်မို့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို စာသင်ကျောင်းများတွင် တပ်စွဲနေရာယူထားခြင်း မပြုလုပ်သင့်ကြောင်းကိုလည်း အကြံပြုတိုက်တွန်းဆွေး နွေးလိုပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်အနေဖြင့် စစ်ဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများမှ စစ်ရှောင်စခန်းကို ရောက်ရှိနေကြသော ကလေးများအတွက် မူဝါဒချမှတ်ပေးရန် လိုအပ်နေကြောင်း၊ လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသော ပြည်တွင်းစစ်မီးသည် နှစ်ပေါင်း ၇၀ ကျော် လာပြီဖြစ်ပြီး မည်သည့်အခါမှ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်လာမည်ကို မျှော်မှန်း၍မရသောကြောင့် ကလေးများ၏ပညာရေးကို ဥပေက္ခာမပြုဘဲ လက်တွေ့ကျကျမူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင်အနေဖြင့် တိုက်ပွဲဖြစ်ပွားသည့်ဒေသနှင့် စစ်ဘေးရှောင်စခန်းများကို လက်တွေ့ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ထို့ပြင် လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော် ကြာလာခဲ့ပြီဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ တိုက်ပွဲများ ကျယ်ပြန့်ပြင်းထန်လာသည်နှင့်အမျှ စစ်ဘေးရှောင် တစ်သိန်းကျော်ရှိလာခဲ့ကာ စစ်ဘေးရှောင်စခန်းများတွင် စာသင်ကြားခွင့်မရသည့် ကလေးငယ်များ သောင်းချီရှိနေကြောင်းနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသမှ ကျောင်းသားကျောင်းသူ ကလေးငယ်များကို ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် နိုင်ငံတော်က စီမံချက်ချပြီးတော့ စာသင်ခန်းများတွင် ပညာဆက်လက်သင်ကြားနိုင်ရန်အတွက် လိုအပ်သောအထောက်အပံ့ အကူအညီပေးနိုင်ရန် လိုအပ်ကြောင်း ဒေါ်ခင်စောဝေက ဆွေးနွေးခဲ့သည်။

ယင်းသို့ဆွေးနွေးချက်နှင့် ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက လွှတ်တော်အတွင်း မတ်တတ်ရပ်၍ “ကိုယ်စားလှယ်တော်ကြီး ဒေါ်ခင်စောဝေ ဆွေးနွေးတဲ့အခါမှာ အစီရင်ခံစာပါအကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ အလျဉ်းသင့်လို့ တင်ပြရရင်ဆိုတဲ့ အပိုဒ်မှာပါတဲ့ တပ်မတော်စစ်ကြောင်းများဟာ စာသင်ကျောင်းမှာ ယူတယ်ဆိုတဲ့အပိုဒ်ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ပေးဖို့နဲ့ နောက်နောင်မှာ မိမိဆွေးနွေးချက်ကို လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ တိုက်ရိုက်မသက်ဆိုင်တဲ့ အကြောင်းကို မထည့်ဘဲနဲ့ ကြုံရင်ကြုံသလို ဒီဟာမျိုးလေးထည့်ပြီးတော့ တခြားအဖွဲ့အစည်းတစ်ခုခုကို ထိခိုက်စေတဲ့ အပြုအမူ အပြောအဆိုများကိုမသုံးဖို့ တားမြစ်ပေးပါလို့ နာယကကြီးကို တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ တပ်မတော်သားကိုယ်စားလှယ်၏ ပြောကြားချက်အပေါ် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဒေါ်ခင်စောဝေ ဆွေးနွေးသွားသည့် ဆွေးနွေးချက်များ၏ လုံးကောက်ကို ပြန်လည်စစ်ဆေးပြီးမှ မသင့်လျော်သည့်အပိုင်း၊ ဥပဒေနှင့်မညီတဲ့အပိုင်းကို လွှတ်တော်မှ နုတ်ပယ်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 

 

Most Read

Most Recent