ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ
လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား တွေ့ရစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)
လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား တွေ့ရစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)
Published 6 February 2020

လစ်လပ်နေသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။

“လစ်လပ်လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးနေရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ပေးပို့လာတဲ့ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၄ ပုဒ်မခွဲ(ဂ)နဲ့ အညီ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ(ခ)တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် ပေးပို့ထားပါတယ်” ဟု ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား အတည်ပြု ခန့်အပ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော်တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ကန့်ကွက်လိုသူများ အနေဖြင့်လည်း ယင်းနေ့တွင် ဖေဖော်ဝါရီ ၇ ရက်နောက်ဆုံးထား တင်သွင်းနိုင်ကြောင်း ဦးတီခွန်မြတ်က ပြောကြားသည်။

“နိုင်ငံတော်သမ္မတထံမှ အဆိုတင်ပြလာတဲ့ ပုဂ္ဂိုလ်နှင့်စပ်လျဉ်းပြီး ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိပါက ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း သို့မဟုတ် ကန့်ကွက်လိုတဲ့ ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်း အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက် တနင်္လာနေ့ နံနက် ၁၀ နာရီ်မှာ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆောင်ရွက်ဖို့ လျာထားပါတယ်။ နိုင်ငံတော်သမ္မတက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုကြောင်း တင်ပြထားတဲ့ ပုဂ္ဂိုလ်အား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၃၄ ပုဒ်မခွဲ(က)ပါ သတ်မှတ်ထားတဲ့ အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ် ရှိပါက မနက်ဖြန် ၇ ရက် ၂လ ၂၀၂၀ ရက်မှာ သောကြာနေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးပို့နိုင်ပါတယ်” ဟု ဦးတီခွန်မြတ်က ပြောကြားသည်။

ယခင်ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှာ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဖြစ်သည်။

ခန့်အပ်ရန်အမည်စာရင်း တင်သွင်းခံရသည့် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်မှာ ဗိုလ်မှူးချုပ်လွန်းမောင်၏ သားဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ရာ ၅၉ နှစ်နှင့် ကိုးလရှိပြီဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်တွင် သားသုံးဦးရှိပြီး ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားသည့် ကိုယ်ရေးအကျဉ်းအရ သိရသည်။

 

Most Read

Most Recent