လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ပါက ဒဏ်ငွေကျပ် အနည်းဆုံး သိန်း ၅၀၀ မှ သိန်း ၁၅၀၀ အထိ ချမှတ်နိုင်မည့် အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်ပြု 

လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ပါက ဒဏ်ငွေကျပ် အနည်းဆုံး သိန်း ၅၀၀ မှ သိန်း ၁၅၀၀ အထိ ချမှတ်နိုင်မည့် အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်ပြု 
Published 5 February 2020
စည်သူ

လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ပါက ဒဏ်ငွေကျပ် အနည်းဆုံး သိန်း ၅၀၀ မှ သိန်း ၁၅၀၀ ထိ ချမှတ်နိုင်မည့် အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အသေးစားငွေရေးကြေးရေး ဥပဒေကြမ်း ပြင်ဆင်ချက်အဆိုအား ဆွေးနွေးခြင်းနှင့် လွှတ်တော်အဆုံးအဖြတ် ရယူခဲဲ့ခြင်းဖြစ်သည်။

“ အဓိကကတော့ လိုင်စင်မရှိဘဲနဲ့ ဒီလုပ်ငန်းတွေ လုပ်တယ်ဆိုရင် ဥပမာအသေးစားငွေချေးလုပ်ငန်း လုပ်မယ်ဆိုရင် လိုင်စင်လျှောက်ရမယ်။ လိုင်စင်မရှိဘဲ လုပ်တယ်ဆိုရင် ဒဏ်ကြေးငွေကို မြှင့်လိုက်တာပေါ့။ ၁၅၀၀ ထိ။ အနည်းဆုံးကိုလည်း သတ်မှတ်ပေးလိုက်တယ်။ အရင်ကတော့ ဝန်ကြီးဌာနက အမြင့်ဆုံးကိုပဲ သတ်မှတ်ပေးထားတာ။ ကျွန်တော်တို့ ဥပဒေကြမ်းက အမြင့်ဆုံးဆိုရင် အနည်းဆုံးတော့ ရှိရမယ်။ အရမ်းကွာရင် အဂတိရှိလာနိုင်လို့ အမြင့်ဆုံးနဲ့ အနိမ့်ဆုံးကို သတ်မှတ်ပေးတဲ့ သဘောလေးပါ။ များသောအားဖြင့် ငွေချေးမယ်ဆိုရင် ဘဏ်တွေမှာဆိုရင် အပေါင်ပစ္စည်းထားပြီးတော့ ချေးရမယ်။ အိမ် သို့မဟုတ် ဝိုင်းပေါ့နော်။ အခု ဒီဥပဒေလုပ်တယ်ဆိုရင် အပေါင်ပစ္စည်း ပေးစရာမလိုဘဲနဲ့ ဥပမာ လယ်စိုက်ချင်တယ်။ ပစ္စည်းတွေ ဝယ်ချင်တယ်။ ဒါမျိုးလေးတွေကို အသေးစားတို့ အလတ်စားတို့ ငွေချေးချင်ရင် ဒီဥပဒေအရ အကျုံးဝင်သွားနိုင်တယ်။ ပြီးရင် လက်လုပ်လက်စားတွေအတွက် အဆင်ပြေရေးအတွက်ကို အဓိကရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းလုပ်တဲ့သူတွေ အတွက်လည်း အာမခံချက်လည်း ဖြစ်ရမယ်။ ငွေချေးပြီး အလုပ်လုပ်တဲ့သူတွေအတွက်လည်း လွယ်ကူစွာ ချေးယူနိုင်ရေးအတွက်ကိုလည်း ဒီဥပဒေက ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။

မည်သူမဆို လိုင်စင်မရှိဘဲ ဤဥပဒေပါ အသေးစားငွေရေးကြေးရေး လုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရဆိုသော တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ အများဆုံး ကျပ်သိန်း ၁၅၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ ငါးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေကြမ်းကော်မတီက ဥပဒေကြမ်းတွင် စိစစ်တင်ပြခဲ့ခြင်းအပေါ် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အသေးစားငွေရေးကြေး အဖွဲ့အစည်းမှ မည်သူမဆို ယင်းအဖွဲ့အစည်း၏ ငွေရေးကြေးရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာ သတင်းအချက်အလက်များကို လုပ်ငန်းအတွက် အသုံးပြုခြင်းမှအပ ထုတ်ဖော်ပြောဆိုခြင်း၊ ကြည့်ရူ့စေခြင်း၊ စစ်ဆေးခြင်း၊ကြေညာခြင်း သို့မဟုတ် အသုံးပြုခြင်း မပြုရဆိုသော တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု အတည်ပြုထားသည်။

ဆက်လက်၍ ကြီးကြပ်မှုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဦးစီးဌာနတို့မှ ကော်မတီဝင် သို့မဟုတ် ဝန်ထမ်းမည်သူမဆိုတာ ဝန်ဝတ္တရားများကို ဆောင်ရွက်ရာမှရရှိသည့် သတင်းအချက်အလက်များကို လုပ်ငန်းအတွက် အသုံးပြုခြင်းမှအပ ထုတ်ဖော်ပြောဆိုခြင်း၊ ကြည့်ရူ့စေခြင်း၊ စစ်ဆေးစေခြင်း၊ ကြေညာခြင်း သို့မဟုတ် အသုံးပြုခြင်း မပြုရဆိုသော တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သိန်း ၃၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။  

Most Read

Most Recent