လက်ရှိကျင့်သုံးလျက်ရှိသော လက်နက်နှင့်သက်ဆိုင်သည့် ဥပဒေများအား နိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေရန် လက်နက်ဥပဒေသစ်ကို ရေးဆွဲလျက်ရှိဟု ပြည်ထဲရေး ဒုတိယဝန်ကြီး ပြောကြား

လက်ရှိကျင့်သုံးလျက်ရှိသော လက်နက်နှင့်သက်ဆိုင်သည့် ဥပဒေများအား နိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေရန် လက်နက်ဥပဒေသစ်ကို ရေးဆွဲလျက်ရှိဟု ပြည်ထဲရေး ဒုတိယဝန်ကြီး ပြောကြား
ဖေဖော်ဝါရီ ၅ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပစဉ်
ဖေဖော်ဝါရီ ၅ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပစဉ်
Published 5 February 2020
စည်သူ

လက်ရှိကျင့်သုံးလျက်ရှိသော လက်နက်နှင့် သက်ဆိုင်သည့်ဥပဒေများအား နိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြေးညီ အာဏာသက်ရောက်မှု ရှိစေရန် လက်နက်ဥပဒေသစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေးဆွဲလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

နေပြည်တော်၌ ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိုင်းရှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေး မေးမြန်းသည့် ရှမ်းပြည်နယ်တွင် လက်နက်နှင့် သက်ဆိုင်သော ဥပဒေများအား မည်သို့ကျင့်သုံးလျက်ရှိသည်ကို ရှင်းလင်းစွာ ဖြေကြားပေးရန်နှင့် နိုင်ငံတော်တစ်ဝန်းလုံး တစ်ပြေးညီ အာဏာသက်ရောက်စေမည့် လက်နက်နှင့်သက်ဆိုင်သော ဥပဒေတစ်ရပ်ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ အသစ်ရေးဆွဲ ပြဋ္ဌာန်းသွားရန် အစီအစဉ် ရှိမရှိမေးခွန်းနှင့် စဉ့်ကူးမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးဇော်ဝင်းမြင့် မေးမြန်းသော ခေတ်စနစ် အချိန်ကာလ ရွေ့လျားတိုးတက် ပြောင်းလဲလာမှုဖြစ်စဉ်တို့နှင့် ဆီလျော်မှု မရှိတော့သော ၁၈၇၈ ခုနှစ် လက်နက်ဥပဒေအား မဖြစ်မနေပြင်ဆင်ခြင်း (သို့) ပယ်ဖျက်ခြင်းများပြုလုပ်၍ အသစ်ပြန်လည် ပြဋ္ဌာန်းရန် အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးလျက်ရှိနေတဲ့ လက်နက်နဲ့သက်ဆိုင်တဲ့ ဥပဒေများအား လက်ရှိအခြေအနေများနှင့် ကိုက်ညီမှု ရှိသော်လည်း ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေရန် လက်နက်ဥပဒေအသစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေးဆွဲလျက်ရှိကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” ဟု ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

ရှမ်းပြည်နယ်တစ်ဝှမ်းလုံး အစိုးရပိုင် သို့မဟုတ် ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် လက်နက်ခဲယမ်းများ ခိုးယူလျှင် သို့မဟုတ် ခိုးယူရန် ကြံစည်လျှင်၊ သို့မဟုတ် ရောင်းချလျှင် ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေအရလည်းကောင်း၊ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရန် အကြံအစည်ဖြင့် သေနတ်ကျည်များ၊ ပေါက်ကွဲပစ္စည်းများ လက်ဝယ်ထားရှိလျှင် ၁၉၅၁ ခုနှစ် လက်နက်ယာယီပြင်ဆင်ချက် အက်ဥပဒေအရလည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် လက်နက်နှင့် သက်ဆိုင်သော ဥပဒေများ၊ စည်းမျဉ်းဥပဒေများနှင့် အမိန့်များမှာ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ၊ ၁၈၉၅ ခုနှစ် ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများဆိုင်ရာ စည်းမျဉ်းဥပဒေ ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက်အမိန့်၊ ၁၉၄၈ ခုနှစ် ချင်းပြည်နယ် လက်နက်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု ယာယီအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် လက်နက်ယာယီ ပြင်ဆင်ချက်အက်ဥပဒေတို့ ဖြစ်ကြောင်း ဒုတိယဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။

လက်ရှိအချိန်တွင် ရှမ်းပြည်နယ်အတွင်း လက်နက်များဥပဒေသည် ၁၈၇၈ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်အာဏာတည်ပြီး ရှမ်းပြည်နယ်ရှိ Notified Area များတွင် အာဏာသက်ရောက်ပြီး ကချင်တောင်တန်းဒေသ မျိုးရိုးတူစုများဆိုင်ရာ စည်းမျဉ်း ဥပဒေသည် လားရှိုးခရိုင်၊ မြောက်သိန္နီနယ်နှင့် မိုးမိတ်နယ်၊ ကိုးတောင်တန်းဒေသများအတွင်း နေထိုင်သော တောင်တန်းဒေသ မျိုးရိုးတူစုများအပေါ်တွင် အာဏာသက်ရောက်ကာ ရှမ်းပြည်လက်နက်အမိန့်သည် ၁၉၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ စတင်အာဏာတည်ပြီး ရှမ်းပြည်နယ်အတွင်း The ArmsAct အရ အာဏာသက်ရောက်သည်ဟု ကြေညာထားသည့်အတွက် Notified Area များမှ တစ်ပါး အာဏာသက်ရောက်သည်ကို တွေ့ရကြောင်း မေးခွန်းရှင် ဦးစိုင်းထွန်းအေးက ပြောကြားသည်။ 

ဆက်လက်၍ လက်ရှိ အာဏာသက်ရောက်လျက်ရှိသည့် ဥပဒေ၊ စည်းမျဉ်းဥပဒေ၊ အမိန့် သုံးခုစလုံးသည် အင်္ဂလိပ်ကိုလိုနီလက်ထက်ကတည်းက ပြဋ္ဌာန်းခဲ့သည့် ဥပဒေများဖြစ်ပြီး လက်ရှိအချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံကျင့်သုံးနေရခြင်း ဖြစ်သည့်အတွက် ကိုလိုနီခေတ်က နိုင်ငံတော် ဖွဲ့စည်းပုံနှင့် ယခုနိုင်ငံတော်ဖွဲ့စည်းပုံသည် တူညီခြင်း မရှိသည့်အပြင် ဥပဒေပါ ပြစ်မှုနှင့် ပြစ်ဒဏ်များသည်လည်း တစ်ပြေးညီပြဋ္ဌာန်းထားခြင်း မရှိကြောင်း လေ့လာတွေ့ရှိရသည်ဟု ၎င်းက ပြောကြားသည်။

“ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ ကျင့်သုံးနေတဲ့ လက်နက်နဲ့ဆိုင်တဲ့ ဥပဒေတွေက ကိုလိုနီခေတ်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကိုး။ ကိုလိုနီအစိုးရရဲ့ နိုင်ငံရေးရည်ရွယ်ချက်အရ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဖြစ်တယ်။ အဲဒီတော့ လက်နက်နဲ့ ပက်သက်တဲ့ ဥပဒေတွေကို ခေတ်နဲ့ လျှော်ညီအောင်ပြုပြင်ဖို့ လိုပါတယ်။ ခုခေတ်ကာလမှာ ဒီလိုဥပဒေတွေနဲ့ ဖိနှိပ်တာတွေ မရှိသင့်တော့ဘူး။ ပြည်ထဲရေးကလည်း ရေးဆွဲမယ်လို့ ဖြေကြားတယ်။ သူတို့ ဆွဲလာတဲ့ ဥပဒေအပေါ်မူတည်ပြီး ပြည့်စုံလုံလောက်မှုရှိ၊ မရှိဆန်းစစ်ရမှာပေါ့” ဟု ဦးစိုင်းထွန်းအေးက ပြောကြားသည်။

 

Most Read

Most Recent