တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် သဘောတူထားသော်လည်း UPDJC တွင် အဆုံးအဖြတ်ယူရမည်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် သဘောတူထားသော်လည်း UPDJC တွင် အဆုံးအဖြတ်ယူရမည်
ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဖေဖော်ဝါရီ ၃ ရက်တွင်  အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ JICM ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ်
ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဖေဖော်ဝါရီ ၃ ရက်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ JICM ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ်
Published 5 February 2020
မင်းနိုင်စိုး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲများကျင်းပရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အကြား သဘောတူထားသော်လည်း အဆိုပါ ကိစ္စသည် နိုင်ငံရေးဆွေးနွေးပွဲနှင့် သက်ဆိုင်သည့်အတွက် UPDJC တွင် အဆုံး အဖြတ်ယူရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ JICM ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန် ယခင်ကတည်း က နှစ်ဖက်သဘောတူထားပြီးဖြစ်သော်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့မှာ အကြောင်းအမျိုးမျိုးကြောင့် ပြုလုပ်နိုင်ခြင်း မရှိသေးပေ။

RCSS အနေဖြင့် ၎င်းတို့ဦးဆောင်ပြု လုပ်ရမည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးတွင် ပြုလုပ်ရန် ယခင်ကတည်းက သဘောတူထားပြီးဖြစ်ပြီး ALP ကမူ ၎င်းတို့၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို သံတွဲတွင် ပြုလုပ်ရန် အဆိုပြုထားကြောင်း သိရသည်။

“ဒီနေ့က ကျွန်တော်တို့ အလုပ်အဖွဲ့ အစည်းအဝေးဖြစ်တဲ့အတွက် National Dialogue နဲ့ပတ်သက်တဲ့ ကိစ္စတွေကိုပေါ့နော်။ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဆိုင်တဲ့ကိစ္စတွေ ကျရင်တော့ UPDJC မှာတင်ပြီး ကျွန်တော်တို့ အဆုံးအဖြတ် ယူရမှာဖြစ်တယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပမည်ဆိုပါက RCSS အနေဖြင့် ၎င်းတို့ ၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲကို မဖြစ်မနေလုပ်ရမည့် သဘောရှိနေပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအား ဧပြီလမကုန်မီပြုလုပ်ရန် ရှစ်ကြိမ်မြောက် JICM အစည်းအဝေးက ဆုံးဖြတ်ထားသည်။

“အဲဒါဆိုရင် ဒီညီလာခံကို ရောက်ဖို့အတွက် National Dialogue ကို သူတို့ ဘယ်အချိန်လောက်လုပ်ဖို့  အဆင်ပြေမလဲဆိုတာကိုလည်း သူတို့ဘက်က အဆိုပြုတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

“ National Dialogue ကိုတော့ မလုပ်ရသေးတဲ့ RCSS က သူတို့ ဦးဆောင်ပြီး လုပ်လိမ့်မယ်။ ကျန်တဲ့အဖွဲ့အစည်းတွေ ဆိုရင် ကျွန်တော်တို့က အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲလုပ်ပြီးတဲ့ အဖွဲ့တွေရှိ တယ်။ ဒါကိုလည်း ကျွန်တော်တို့ တစ်မျိုးသားလုံးဆိုင်ရာ သဘောထားစုစည်းချက်အနေနဲ့တော့ ကိုယ့်ဒေသမှာလုပ်ဖို့ အဲဒီလိုတော့ အဆိုပြုထားပါတယ်” ဟုလည်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များကို လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ ဒေသအလိုက်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဟူ၍ ခေါင်းစဉ်သုံးမျိုးဖြင့်ပြုလုပ်ရပြီး အဆိုပါသုံးမျိုးအနက် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ဦးဆောင် ပြုလုပ်ရခြင်းဖြစ်သည်။                 

 

 

 

Most Read

Most Recent