ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်စေခြင်းနှင့် ဒုတိယဝန်ကြီးနှစ်ဦး ခန့်အပ်ခြင်းများ နိုင်ငံတော်သမ္မတရုံး အမိန့်ထုတ်ပြန်

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်စေခြင်းနှင့် ဒုတိယဝန်ကြီးနှစ်ဦး ခန့်အပ်ခြင်းများ နိုင်ငံတော်သမ္မတရုံး အမိန့်ထုတ်ပြန်
Photo: Myanmar President Office
Photo: Myanmar President Office
Published 4 February 2020

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်စေခြင်းနှင့် ဒုတိယဝန်ကြီးနှစ်ဦး ခန့်အပ်ခြင်းများကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်သည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်လျက်ရှိသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ အား မူလစစ်ဘက်တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင်စေမည်ဖြစ်သဖြင့် ခွင့်ပြုလိုက်သည်ဟု နိုင်ငံတော် သမ္မတရုံးက ဖေဖော်ဝါရီ ၄ ရက်တွင် အမိန့်ထုတ်ပြန်သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်များအရ ဝန်ကြီးဌာန နှစ်ခုတွင် ဒုတိယဝန်ကြီး နှစ်ဦး ခန့်အပ် တာဝန်ပေးကြောင်းလည်း ဖေဖော်ဝါရီ ၂ ရက်တွင်ပင် နိုင်ငံတော်မ္မတရုံးက အမိန့်ထုတ်ပြန်သည်။

၎င်းတို့မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ဦးမင်းလွင်အား လည်းကောင်း၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ဦးမြင့်ကြိုင်အား လည်းကောင်း ခန့်အပ်တာဝန်ပေးကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ စဉ်ကာလအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်းခရီးစဉ်များတွင် အနီးကပ် လိုက်ပါလေ့ရှိသူတစ်ဦးဖြစ်သည်။

ယခုအခါ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာကို စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား အစားထိုးခန့်အပ်သွားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တို့၏ ဝန်ကြီးနေရာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းရခြင်းဖြစ်ပြီး ထိုသို့ အမည်စာရင်း တင်သွင်းလာမှုကို နိုင်ငံတော်သမ္မတက အတည်ပြုပေးရခြင်းဖြစ်သည်။

Most Read

Most Recent