ဘူးသီးတောင်မြို့နယ် သိန်းတန်ကျေးရွာရှိ ဘင်္ဂါလီ အမျိုးသမီးများကို AA အဖွဲ့ဝင်များက အဓမ္မကျင့်မှု ဖြစ်ပွားခဲ့ပြီး ရွာသားများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်

ဘူးသီးတောင်မြို့နယ် သိန်းတန်ကျေးရွာရှိ ဘင်္ဂါလီ အမျိုးသမီးများကို AA အဖွဲ့ဝင်များက အဓမ္မကျင့်မှု ဖြစ်ပွားခဲ့ပြီး ရွာသားများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Published 2 February 2020
မင်းနိုင်စိုး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သိန်းတန်ကျေးရွာ အတွင်းရှိ ဘင်္ဂါလီအမျိုးသမီးများကို AA အဖွဲ့ဝင်များက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး ထိုသို့အဓမ္မပြုကျင့်မှုအပေါ် တားဆီးခဲ့သည့်အတွက် ရွာသားများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီခန့်တွင် သိန်းတန်ကျေးရွာအတွင်းသို့ AA အဖွဲ့ဝင်လေးဦးခန့် ရောက်ရှိလာပြီး ကျေးရွာဆယ်အိမ်မှူး လေးဦးကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် ကျေးရွာအနီး ၎င်းတို့အဖွဲ့ ထောင်ထားသည့် ရီမုမိုင်း လေးလုံးအား နေရာရွှေ့ထားသဖြင့် တစ်လုံးလျှင် ကျပ် ၁၀ သိန်းပေးလျော်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။

၎င်းတို့ရွာသားများ ပြုလုပ်ခြင်း မဟုတ်၍ မလျော်ပေးနိုင်ကြောင်း ဆယ်အိမ်မှူးများက ပြန်လည်ပြောကြားခဲ့ရာ AA အဖွဲ့ဝင်များက ထိုးကြိတ်ခဲ့သည့်အတွက် ဆယ်အိမ်မှူးများတွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ထို့နောက် AA အဖွဲ့ဝင်များသည် ရွာထဲမှ ပြန်လည်ထွက်ခွာ သွားခဲ့သော်လည်း ညနေ ၄ နာရီခန့်တွင် ၎င်းတို့လေးဦးမှာ ရွာအတွင်းသို့ ထပ်မံရောက်ရှိလာကာ ကျေးရွာအတွင်းရှိ ဆယ်အိမ်မှူးတစ်ဦး၏ နေအိမ်သို့ ဝင်ရောက်၍ နေအိမ်အတွင်းရှိ ဘင်္ဂါလီ အမျိုးသမီးများအား အဓမ္မပြုကျင့်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ အဓမ္မပြုကျင့်မှုကို ဘေးပတ်ဝန်းကျင်မှ ရွာသားများက ဝင်ရောက်တားဆီးစဉ် ရွာသားများနှင့် AA အဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး AA အဖွဲ့ဝင်နှစ်ဦးကို ရွာသားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင်မူ စေတီတောင်ကျေးရွာမှ ဦးမောင်သိန်းဆိုသူ ရောက်ရှိလာပြီး AA အဖွဲ့ဝင်များကို ပြန်လည် ခေါ်ဆောင်သွားကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ထို့ပြင် AA အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁ ရက် ည ၈ နာရီခန့်တွင် ကျေးရွာအတွင်းသို့ ထပ်မံရောက်ရှိလာပြီး အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးများ၊ မျက်မြင်များနှင့် ဆယ်အိမ်မှူးများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုသို့ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအား ဟုတ်မှန်ခြင်း မရှိကြောင်း ထွက်ဆိုခိုင်း၍ ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်း၊ ခံဝန်ကတိများပေါ်တွင် အတင်းအကျပ် လက်ဗွေနှိပ်ခိုင်းခြင်းနှင့် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဆယ်အိမ်မှူများ အပါအဝင် ဖမ်းဆီးခံရသူများကို AA အဖွဲ့က ပြန်လွှတ်ပေးလိုက်သော်လည်း ၎င်းတို့မှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အတွက် ကျေးရွာသို့ ပြန်လည် ရောက်ရှိလာခြင်း မရှိဘဲ အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးသည့်နောက်တွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့်အတွက် ကျေးရွာရှိ ရပ်မိရပ်ဖများက အနီးဆုံးရှိ တပ်မတော်စစ်ကြောင်းထံ စာရေးသားပေးပို့၍ အကူအညီတောင်းရာ တပ်မတော်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာသို့ ရောက်ရှိခဲ့ပြီး လိုအပ်သော ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်ပေး၍ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည် ဟုဆိုသည်။

AA အဖွဲ့အနေဖြင့် သိန်းတန်ကျေးရွာတွင် ယင်းကဲ့သို့ အကြမ်းဖက် အဓမ္မပြုကျင့်မှုများ ဆောင်ရွက်ခဲ့သည့်အပြင် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သည့်အတွက် ရွာသားနှစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျေးရွာအနီး မိုင်းထောင်ခြင်းများကြောင့် ဇန်နဝါရီ ၇ ရက်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိပ်တူပေါက်ကျေးရွာမှ ကလေးငယ်လေးဦး သေဆုံးခဲ့ပြီး ကျောင်းဆရာတစ်ဦး အပါအဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent