အိမ်အကူဥပဒေနှင့် ပတ်သက်၍ ဥပဒေကြမ်းရေးဆွဲမှု ပြီးစီးတော့မည်ဖြစ်ပြီး အိမ်ရှင်နှင့် အိမ်အကူများအတွက် အကာအကွယ် ခိုင်ခိုင်မာမာရနိုင်သော ဥပဒေဖြစ်ရန်အတွက် ကြိုးစားဆောင်ရွက်နေဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား

အိမ်အကူဥပဒေနှင့် ပတ်သက်၍ ဥပဒေကြမ်းရေးဆွဲမှု ပြီးစီးတော့မည်ဖြစ်ပြီး အိမ်ရှင်နှင့် အိမ်အကူများအတွက် အကာအကွယ် ခိုင်ခိုင်မာမာရနိုင်သော ဥပဒေဖြစ်ရန်အတွက် ကြိုးစားဆောင်ရွက်နေဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 1 February 2020
အောင်မင်းသိန်း

အိမ်အကူဥပဒေနှင့် ပတ်သက်၍ ကော်မတီတွင် ဥပဒေကြမ်းရေးဆွဲမှုသည် ပြီးစီးတော့မည်ဖြစ်ပြီး အိမ်ရှင်နှင့် အိမ်အကူများအတွက် အကာအကွယ် ခိုင်ခိုင်မာမာရနိုင်သော ဥပဒေဖြစ်ရန်အတွက် ကြိုးစားဆောင်ရွက်နေကြောင်း အမျိုးသားလွှတ်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးအစီအစဉ်များ ပြီးဆုံးချိန်တွင် အိမ်အကူ လုပ်သားများနှင့်ပတ်သက်၍ ရေးဆွဲနေသည့် ဥပဒေသည် မည်သည့်အချိန်တွင် လွှတ်တော်သို့ ရောက်နိုင်မည်နည်းဆိုသည့် မီဒီယာများမေးမြန်းမှုကို ဦးကျော်ထွေးက အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ အိမ်အကူဥပဒေကတော့ ကော်မတီထဲမှာ ဥပဒေကြမ်းကိုလုံးနေတယ်။ ပြီးခါနီးပြီပေါ့။ ကော်မတီက ဥပဒေကြမ်းလုံးတာ စိတ်တိုင်းကြလောက်ပြီလို့ ယူဆလို့ရှိရင် သက်ဆိုင်ရာ ဝန်ကြီးဌာနပေါ့။ အဓိကကတော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနပေါ့။ အဲဒီဌာနနှစ်ခုကိုတော့ သဘောထားမှတ်ချက် လှမ်းတောင်းထားတယ်။ အဲဒါက ရှေ့နေချုပ်ရုံးကလည်း သဘောထားမှတ်ချက်တောင်း၊ ဥပဒေရေးထုံးနဲ့ ညီလား၊ မညီလားပေါ့။ အဲဒီလိုမျိုးရတဲ့အခါကျတော့ ကျွန်တော်တို့ ပြည်သူလူထုကို ချပြပါမယ်” ဟု ဦးကျော်ထွေးက ပြောကြားသည်။

ပြည်သူလူထုကို ချပြရခြင်းသည် ဥပဒေနှင့်ပတ်သက်၍ အကြံပြုချက်များကို တောင်းခံရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးက “ ပြီးရင် သက်ဆိုင်ရာအလုပ်သမား အဖွဲ့အစည်းတွေ၊ အလုပ်ရှင် အဖွဲ့အစည်းတွေပေါ့၊ အဲဒါတွေအကုန်လုံး ကျွန်တော်တို့က ပြည့်စုံအောင် ယူပြီးတော့မှ သဘောထားမှတ်ချက်တွေ စုစည်းပြီးတော့ ကော်မတီက သွားချင်တဲ့ပုံစံပေါ့။ တိုင်းပြည်အတွက် အလုပ်ရှင်ရော၊ အလုပ်သမားရော၊ အိမ်ရှင်အတွက်ရော၊ အိမ်အကူအတွက်ရော အကာအကွယ် ခိုင်ခိုင်မာမာရနိုင်တဲ့ ဥပဒေဖြစ်ဖို့ ကြိုးစားဆောင်ရွက်မယ်။ ဘာကြောင့်လဲဆိုတော့ အိမ်အကူ လုပ်သားတွေက လုပ်သားအဆင့် သတ်မှတ်ခံရတာမရှိဘူး။ တကယ်တော့ မိသားစုတိုင်းမှာ ကျွန်တော်တို့မြင်တာကတော့ အိမ်ထဲမှာနေပြီးတော့ အရေးပါတဲ့လုပ်ငန်းတွေ လုပ်နေရတဲ့ လုပ်သားတွေပေါ့။ သူတို့လုပ်သား အဆင့်သတ်မှတ်ဖို့ လိုတယ်လို့ ကျွန်တော်တို့က ရည်ရွယ်ပါတယ်” ဟု ပြောကြားသည်။

အလုပ်ရှင်များအနေဖြင့်လည်း မိမိအိမ်တွင် လူစိမ်းတစ်ယောက် အလုပ်လာလုပ်နေခြင်းအတွက် အိမ်ရှင်များဘက်မှ လုံခြုံစိတ်ချရမှုရှိစေရန်လည်း အရေးကြီးကြောင်း၊ အိမ်အကူများ နှိပ်စက်ခံရခြင်း၊ မတရားခံရခြင်းများကို ပြည်သူလူထုက သိရှိသော်လည်း အလုပ်သမားများကြောင့် အိမ်ရှင်များ ထိခိုက်နေခြင်းများလည်း အများအပြားရှိနေကြောင်း ဦးကျော်ထွေးက ပြောကြားသည်။

“ အဲဒါလေးတွေလည်း နှစ်ဖက်အကာအကွယ်ပေါ့။ အလုပ်ရှင်နဲ့ အလုပ်သမားပေါ့။ အိမ်ရှင်နဲ့ အိမ်အကူ စိတ်ချယုံကြည်စွဲနဲ့ အလုပ်လုပ်နိုင်တဲ့  အခြေအနေလေးတစ်ရပ် ဖြစ်အောင်တော့ ကျွန်တော်တို့ ကြိုးစားကြည့်ပါ့မယ်” ဟု ဦးကျော်ထွေးက ပြောကြားသည်။

လက်ရှိရေးဆွဲနေသည့် ဥပဒေကြမ်းသည် ပြည်တွင်းအတွက် ရည်ရွယ်၍ ရေးဆွဲခြင်းဖြစ်သော်လည်း ပြည်ပအတွက် ဥပဒေကြမ်းတွင် အခန်းတစ်ခန်းအနေဖြင့် ထည့်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားသည်။

 

 

Most Read

Most Recent