လက်စတာ နှင့် ချယ်လ်ဆီး (စနေည ရးဝ၀ နာရီ)
လက်စတာနဲ့ချယ်လ်ဆီးတို့က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်တိုက်ပွဲဝင်ရမယ့်အသင်းတွေဖြစ်ပြီး King Power ကွင်းမှာကစားမယ့် ဒီပွဲက ဖျော်ဖြေမှုပေးနိုင်တဲ့ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်။ လက်စတာက ဆောက်သမ်တန်နဲ့ ဘန်လေတို့ကို ရှုံး ခဲ့တဲ့ပွဲတွေကနေ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပြန်ခုန်ထွက်နိုင်ခဲ့ပြီး (၄-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တယ်။ ဒါ့အပြင် FA ဖလားပွဲမှာလည်း ဘရန့်ဖို့ဒ်ကိုအနိုင်ယူခဲ့ပြီး ဒီပွဲမှာ ဗာဒီကို အနားပေးထားခဲ့တယ်။ ချယ်လ်ဆီးကတော့ လန်ဒန်ဒါဘီမှာ တစ်ယောက်လျော့အာ ဆင်နယ်အသင်းကို အနိုင်ယူနိုင်ခြင်းမရှိခဲ့ဘူး။ ဒါပေမဲ့ ဟားလ်စီးတီးနဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာတော့ အဓိကကစားသမား တော်တော်များများကို အနားပေးထားခဲ့ပြီး အနိုင်ယူခဲ့တာတွေ့ရတယ်။ လက်ရှိအချိန်မှာ ဒီနှစ်သင်းအကြားခြေစွမ်းကွာဟမှု သိပ်မရှိဘူး။ ဒါပေမဲ့ လက်စတာက အိမ်ကွင်းမှာ အခွင့်အရေးပိုသာတာတော့အမှန်ပဲ။ ချယ်လ်ဆီးက တိုက်စစ်ပိုင်းမှာ ပြဿနာ ရှိနေပြီး ခံစစ်ကလည်း နောက်ပိုင်းပွဲတွေမှာ ဂိုးတွေပေးနေရတယ်။ လက်စတာကို ပိုကြိုက်တယ်။
လီဗာပူးလ် နှင့် ဆောက်သမ်တန် (စနေည ၉း၃၀ နာရီ)
လီဗာပူးလ်ကအမှတ်ပေးဇယားထိပ်ဆုံးမှာ အထိုင်ချထားတဲ့အသင်းဖြစ်ပြီး နေရာပြန်ဖယ်ရဖို့လည်း မဖြစ်နိုင်သလောက်ဖြစ်နေပြီ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့အသင်း တစ်သင်းအနေနဲ့ ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းနေချိန်ဖြစ်ပြီး Attacking Style of Play လည်းငြိမ်တယ်။ ဆောက်သမ်တန်က ပုံစံကောင်းပြနေပေမယ့် လီဗာပူးလ်ကို ရပ်တန့်ဖို့တော့ မလွယ်ကူပါဘူး။ လီဗာပူးလ် (၂-၁)လောက်နဲ့ နိုင်ဖို့ရှိတယ်။

ဘုန်းမောက် နှင့် အက်စတွန်ဗီလာ (စနေည ၉း၃၀ နာရီ)
တန်းဆင်းဇုန်ထဲရောက်နေတဲ့ ဘုန်းမောက်အတွက် ဗီလာနဲ့ ပွဲက အရမ်းအရေးကြီးတယ်။ ဗီလာက မန်စီးတီးကို ဂိုးပြတ်ရှုံးပြီးနောက်ပိုင်းပွဲတွေမှာ ပုံစံကောင်းပြန်ပြနေတယ်။ ခြေတက်နေတဲ့ ဝက်ဖို့ဒ်ကိုအနိုင်ကစားခဲ့သလို၊ FA ဖလားပွဲမှာလည်း လက်စတာကို အနိုင်ကစားခဲ့တယ်။ နှစ်သင်းစလုံးကရပ်တည်မှုရော၊ ခြေစွမ်းပါ သိပ်မကွာပေမယ့် လက်ရှိအချိန်မှာတော့ ဗီလာကို ပိုကြိုက်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် နှင့် ရှက်ဖီးယူနိုက်တက် (စနေည ၉း၃၀ နာရီ)
ခရစ္စတယ်ပဲလေ့စ်နဲ့ ရှက်ဖီးယူနိုက်တက်တို့က အမှတ်ပေးဇယားအလယ်မှာ ရပ်တည်နေတဲ့အသင်းတွေဖြစ်ပြီး ပဲလေ့စ်ကတော့ လက်ရှိအချိန်မှာ အခြေအနေဆိုးနေတယ်လို့ ပြောရမယ်။ ၂၀၂၀ ထဲမှာ နိုင်ပွဲလုံးဝမရသေးဘဲ ကစားခဲ့တဲ့ (၆) ပွဲစလုံး နိုင်ပွဲပျောက်ခဲ့တယ်။ ရှက်ဖီးယူနိုက်တက်က အနိုင်ယူဖို့ ခက်ခဲတဲ့အသင်းဖြစ်ပြီး ပဲလေ့စ်ကွင်းမှာလည်း ကောင်းကောင်း တုံ့ပြန်နိုင်မှာပါ။ ရှက်ဖီးယူနိုက်တက်ကို ကြိုက်တယ်။
နယူးကာဆယ် နှင့် နောဝစ်ချ် (စနေည ၉း၃၀ နာရီ)
နယူးကာဆယ်က အောက်စဖို့ဒ်နဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာ စိတ်ပျက်စရာပုံစံပြခဲ့ပြီး ဒီပွဲမှာတော့ နိုင်ပွဲပြန်ရှာဖို့ ကြိုးစားမှာပါ။ အသင်းကို ဆော်ဒီမင်းသားဝယ်မယ်ဆိုတဲ့ သတင်းတွေနဲ့ မငြိမ်မသက်ဖြစ်နေချိန်မှာ စတိဗ်ဘရုစ်ရဲ့အသင်းက နိုင်ပွဲအတွက် ရုန်းကန်လိမ့်မယ်လို့ မျှော်လင့်ရတယ်။ ဒါပေမဲ့ နောဝစ်ချ်က နယူးကာဆယ်ကို ယှဉ်ကစားနိုင်စွမ်းရှိတဲ့အသင်းပါ။ နယူးကာဆယ်ကွင်းမှာ သရေကျသွားရင် အံ့သြစရာမရှိဘူး။
ဝက်ဖို့ဒ် နှင့် အဲဗာတန် (စနေည ၉း၃၀ နာရီ)
နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အဲဗာတန်အသင်း ကံမကောင်းခဲ့ဘူး။ သရေတစ်မှတ်ပဲ ယူနိုင်ခဲ့တယ်။ ယုံကြည်မှုကျဆင်းနေတာက အန်ဆယ်လော့တီရဲ့အသင်းမှာ အဓိကပြဿနာဖြစ်နေပြီး နယူးကာဆယ်နဲ့ပွဲမှာလည်း နောက်ဆုံးမိနစ်တွေမှာ နှစ်ဂိုးပြန်ပေးခဲ့ရတယ်။ အသင်းမှာ ဒဏ်ရာပြဿနာတွေများပြားနေချိန်မှာ ဝက်ဖို့ဒ်ကလည်း ပုံစံကောင်းပြနေလို့ အဲဗာတန်မလွယ်ဘူး။ ဝက်ဖို့ဒ်ကိုကြိုက်တယ်။
ဝက်စ်ဟမ်း နှင့် ဘရိုက်တန် (စနေည ၉း၃၀ နာရီ)
ဘရိုက်တန်က ပြိုင်ပွဲစုံမှာ (၅)ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေတဲ့အသင်းဖြစ်တယ်။ ဒီပွဲက တန်းဆင်းဇုန်အန္တရာယ်အတွက်စိုးရိမ်ရတဲ့အသင်းနှစ်သင်းရဲ့ပွဲဖြစ်ပြီး (၆)မှတ်တန်ပွဲပါ။ ဝက်စ်ဟမ်းက မွိုက်စ်ရဲ့လက်ထက်မှာတိုးတက်လာပေမယ့် ပုံစံကောင်းပြနိုင်ဖို့အတွက်တော့ ရုန်းကန်နေရဆဲပါ။ နှစ်သင်းစလုံးရဲ့ခံစစ်တွေက အားရစရာမရှိတဲ့အတွက် အပြန်အလှန်ဂိုးတွေသွင်းပြီး သရေကျသွားနိုင်တယ်။

မန်ယူ နှင့် ဝုလ်ဗ် (စနေည ၁၂းဝ၀ နာရီ)
မန်ယူက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ စိတ်ပျက်စရာပုံစံကိုပြသခဲ့ပြီး အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဘန်လေကို ရှုံးခဲ့တယ်။ ထရန်မဲနဲ့ ကစားခဲ့တဲ့ပွဲမှာ (၆)ဂိုးပြတ်နိုင်ပြီး အခြေအနေဆိုးကနေ ပြန်ရုန်းထွက်ခဲ့ပေမယ့် မန်ယူက စိတ်ချလို့မရတဲ့အသင်းအဖြစ်တော့ ရှိနေတုန်းပဲ။ ဝုလ်ဗ်က မာကျောပြီး အနိုင်ယူဖို့ခက်တယ်။ မန်စီးတီး၊ လီဗာပူးလ်တို့လည်း အနိုင်ယူဖို့ ရုန်းကန်ခဲ့ရတယ်။ မန်ယူလည်း အိမ်ကွင်းဆိုပေမယ့်သရေကျသွားနိုင်တယ်။















