ချေးငွေနှင့်ပတ်သက်၍ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါး ရယူထားသည့် ရန်ကုန်တိုင်းအစိုးရနှင့် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်သာ ရယူထားသည့် မန္တလေးတိုင်းအစိုးရ၏ လုပ်ဆောင်ချက်များကို နှိုင်းယှဉ်ဆွေးနွေးခဲ့ပြီး တိုင်းအစိုးရများအနေဖြင့် လုပ်ချင်သည်များထဲမှ လုပ်နိုင်သည်ကိုရွေးချယ်၍ ရလဒ်ကောင်းအောင် အကောင်အထည်ဖော်ပေးသင့်ကြောင်း ကယားပြည်နယ်မဲဆန္ဒနယ် အမှတ် (၉) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက လွှတ်တော်၌ အကြံပြုဆွေးနွေးခဲ့သည်။
ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပိုလန်နိုင်ငံ အစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေး ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၌ ဆွေးနွေးရာတွင် ဦးစိုးသိန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ချေးငွေကိစ္စ ဆက်လက်တင်ပြပါမယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါးရှိပြီး ယခုချေးငွေနဲ့ပါဆိုရင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်သွားမှာ ဖြစ်ပါတယ်။ သူက ပြန်ဆပ်နိုင်တယ်ဆိုပေမဲ့ သူ့တိုင်းဒေသကြီးတစ်ခုတည်း ချေးငွေတွေများနေလားလို့ စဉ်းစားသင့်ပါတယ်။ တိုင်းဒေသကြီး အစိုးရတွေအနက်လည်း ဘတ်ဂျက်သုံးစွဲတာအများဆုံးလို့ မြင်မိပါတယ်။ ချေးငွေထဲက ဘယ်နှစ်ခုအကောင်အထည်ဖော်ပြီးပြီလဲ။ ဆန်းစစ်ဖို့လိုပါတယ်။ စာရင်းစစ်ချုပ်အစီရင်ခံစာမှာရော ပွင့်လင်းမြင်သာစွာ လက်ခံဖြေရှင်းနေသလား။ မြို့တော်စည်ပင်ကလည်း အရှုံးပေါ်နေတာကို သိရတယ်။ အဲဒီတော့ သူနဲ့ လူဦးရေ မတိမ်းမယိမ်းရှိတဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရနဲ့ နှိုင်းယှဉ်ကြည့်ရင် ချေးငွေယူထားတဲ့ ငွေပမာဏက အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက်ပဲရှိတယ်။ ပြည်သူတွေလိုအပ်ချက် အဆင်ပြေကြတယ်။ တိုးတက်သန့်ရှင်းနေတယ်။ စာရင်းစစ်ချုပ်အစီရင်ခံစာ ပြဿနာမကြားရပါဘူး။ ဒါလည်း စဉ်းစားသင့်ပါတယ်။ လုပ်ချင်တာတွေ အများကြီးထဲက လုပ်နိုင်တာရွေးပြီး ရလာဒ်ရအောင် အကောင်အထည်ဖော် ပေးသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်” ဟု ဦးစိုးသိန်းက ပြောကြားသည်။
ထို့ပြင် လွှတ်တော်ထဲတွင် ဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်၊ တင်ပြချက်များကို ချေးငွေယူမည့် အစိုးရအနေနှင့် နားထောင်ပေးရန် ပန်ကြားလိုကြောင်း၊ အမှိုက်ပြဿနာကို အဘက်ဘက်မှ ခြုံငုံပြီး သုံးစွဲခြင်း၊ စွန့်ပစ်ခြင်း၊ သိမ်းဆည်းခြင်း၊ စက်ရုံပို့ခြင်း၊ စက်ရုံမှထုတ်ခြင်းစသည့် Chain တစ်ခုလုံးကို စီမံနိုင်ပါက အကောင်းဆုံးဖြစ်မလားဟုလည်း အကြံပြုလိုကြောင်း ၎င်းက ဆိုသည်။
အမှိုက်ပြဿနာကို အစိုးရနှင့် ပြည်သူ ရှင်းလင်းကြရမည်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်း အမှိုက်မှ စွမ်းအင်ထုတ်သည့် စက်ရုံများ များစွာလိုအပ်နေကြောင်း၊ ယင်းသို့လိုအပ်နေသော်လည်း ဘတ်ဂျက်မရှိခြင်း၊ ငွေမရင်းနိုင်ခြင်း၊ မည်သည့်နေရာက ငွေချေးယူရမည်နည်းဆိုသည့် ပြဿနာများကို ဖြေရှင်းရန်လည်း PPP စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။
“ အစိုးရက တာဝန်ခံချေးဖို့မလိုဘူး။ လွှတ်တော်ကလည်း ခွင့်ပြုချက်တောင်းဖို့ မလိုဘူး။ အစိုးရက ပြန်ဆပ်ဖို့ တာဝန်လည်း ကင်းသွားတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို EOI ခေါ် Requirement တွေ၊ Specification တွေ ထုတ်ပြန်ပြီး သမ္မတရုံးရဲ့ လမ်းညွှန်ချက်နဲ့အညီ တင်ဒါခေါ်၊ အမှိုက်စွမ်းအင် ထုတ်မယ့်စက်ရုံတွေ တစ်ပြိုက်နက် တည်ဆောက်၊ သူတို့အချင်းချင်း ပြိုင်ခိုင်း၊ အစိုးရက စစ်ဆေး၊ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်သင့်တယ်လို့ အကြံပြုလိုပါတယ်။ ဒီတော့ ပြည်သူတွေ လက်ငင်းအကျိုးခံစားရ၊ ပြည်သူတွေကကြိုက်၊ မဲနိုင်ပြီပေါ့” ဟု ၎င်းက ဆိုသည်။
အမှိုက်ရှင်းလင်းသည့်ကိစ္စကို မူအားဖြင့်သဘောတူပြီး ထိန်ပင်တစ်ခုတည်း မဟုတ်ဘဲ ရန်ကုန်မြို့တွင် အနည်းဆုံး လေးနေရာခန့် စက်ရုံတည်ဆောက်ရမည်ဖြစ်ကြောင်း၊ အမှိုက်ပြဿနာသည် လူဦးရေ ထူထပ်များပြားသော မြို့ကြီးများတွင်လည်း ကြုံတွေ့နေခြင်းကြောင့် မန္တလေး၊ ပုသိမ်၊ မုံရွာ၊ စစ်ကိုင်း စသည့် မြို့ကြီးများတွင်လည်း လိုအပ်ကြောင်း ဦးစိုးသိန်းက ပြောကြားသည်။