အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တွင် ရှယ်ယာဝင်ထားသည့် ရှယ်ယာရှင် ၂၂၉ ဦးက အစုရှယ်ယာများ ပြန်လည်ထုတ်မပေးသည့်အတွက် လာမည့် ဖေဖော်ဝါရီလ ပထမအပတ်တွင် လမ်းပေါ်ထွက်ကာ YUPT ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှယ်ယာရှင် ၂၂၉ ဦး၏ အစုရှယ်ယာ ၅ ဒသမ ၆၃၄၄ ဘီလျံ ရင်းနှီးမြှုပ်နှံထားမှုသည် သုံးနှစ်ကျော်သည့်တိုင် အရင်းနှင့် အမြတ်ငွေများ မရရှိသည့်အတွက် အစုရှယ်ယာရှင်များမှ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုငွေကြေးများကို ပြန်လည်ထုတ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ကာ နိုင်ငံတော်အတိုင်ပင်ခံ၊ သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌသို့ တိုင်ကြားခဲ့သော်လည်း ယနေ့အချိန်ထိ ဖြေရှင်းမပေးသည့်အတွက် အစုရှယ်ယာရှင်များက စုပေါင်းကာ YUPT ကုမ္ပဏီရုံးရှေ့သို့ လာမည့် ဖေဖော်ဝါရီ ပထမအပတ်တွင် ဆန္ဒပြ တောင်းဆိုသွားမည်ဟု YUPT ကုမ္ပဏီ၏ မတည်ရှယ်ယာရှင် ဦးထိန်ဝင်းက Eleven Media သို့ ပြောကြားသည်။
“ ဇန်နဝါရီ ၈ ရက်နေ့မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို စာတင်ထားတယ်။ အဲဒီစာဟာ နောက်ဆုံးတင်တဲ့စာဘဲ။ ဝန်ကြီးချုပ်အနေနဲ့ စာတင်ပြီး သုံးပတ်ကြာသည့်တိုင် တစ်စုံတစ်ရာ ဖြေရှင်းမပေးဘူးဆိုရင် ကျွန်တော်တို့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မယ်။ သက်ဆိုင်ရာ နယ်မြေခံရဲစခန်း ခွင့်ပြုချက်ကို ယူပြီး ကုမ္ပဏီရုံးရှေ့မှာ ကျွန်တော်တို့စုပြီး ဆန္ဒထုတ်ဖော်တောင်းဆိုသွားမှာပါ” ဟု ဦးထိန်ဝင်းက ပြောကြားသည်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက် ကျင်းပသည့် YRTA သုံးနှစ်ပြည့် အခမ်းနားတွင် ရှယ်ယာရှင်များ၏ အစုရှယ်ယာများကို ငါးနှစ်ပြည့်မှ အရင်းကျေမည်ဖြစ်ပြီး အမြတ်ကို ငါးနှစ်ကျော်မှသာ ထုတ်ယူခွင့်ရရှိမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းပြောကြားချက်ကို အစုရှယ်ယာရှင်များက ယခင်ပြောကြားခဲ့မှုများနှင့် ကွဲလွဲနေသည့်အတွက် မကျေမနပ်ဖြစ်ကာ ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မထသ စနစ်ကို ဖျက်သိမ်းပြီး YRTA စနစ်ကို အကောင်ထည်ဖော်ချိန် ၂၀၁၆ ခုနှစ် ဇွန် ၁၉ ရက်က ကားပိုင်ရှင်များကို အိမ်နေရင်း လစဉ်ဝင်ငွေရမည်ဖြစ်ကြောင်း၊ ၎င်းအစိုးရအဖွဲ့ကို ယုံကြည်ပြီး အရွေ့တစ်ခုကို အတူတူ လိုက်ပါစေချင်ကြောင်း အရည်ကျိုကားများကိုရောင်းကာ ရရှိသည့်ငွေများကို ၎င်းတို့ထံတွင် ရှယ်ယာထည့်ဝင်စေလိုကြောင်း ရှယ်ယာရှင်များကို စည်းရုံးပြောဆိုခဲ့သည်ဟု သိရသည်။
“ ကျွန်တော်တို့ကို စပြောတဲ့ အချိန်တုန်းကသာ ငါးနှစ်မှ အရင်းကျေမယ်။ အမြတ်ကို ငါးနှစ်ကျော်မှ ထုတ်ပေးမယ်လို့ ပြောခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေ ဘယ်သူမှ ဒီယာဉ်လိုင်းမှာ ရှယ်ယာဝင်ကြမှာ မဟုတ်ဘူး။ ရှယ်ယာ အမြတ်ကို တစ်လကို တစ်ခါထုတ်ပေးပါ့မယ်လို့ သူပြောခဲ့တာပါ။ ခုမှ စကားတွေ ပြောင်းသွားတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေနဲ့ ယခင်က ပြောဆိုတာနဲ့ အခုပြောဆိုတာတွေ အရမ်းကွဲလွဲနေတယ်။ သူပြောခဲ့တာတွေ သူပြန်တာဝန်ယူစေချင်ပါတယ်” ဟု အစုရှယ်ယာရှင် ကိုမောင်မောင်က ပြောကြားသည်။
ထိုသို့ ပြောဆိုခဲ့သော်လည်း YRTA သုံးနှစ်ပြည့်သည့်တိုင် ရှယ်ယာရှင်များ၏ အစုရှယ်ယာများကို ခွဲဝေပေးခြင်းမရှိဘဲ ကုမ္ပဏီစီမံခန့်ခွဲမှုများတွင်လည်း အလုပ်နှင့် မသက်ဆိုင်သည့် ပါတီဝင်များကို ထည့်သွင်းခန့်အပ်ထားကြောင်း ဦးထိန်ဝင်းက ဆိုသည်။
“ ကုမ္ပဏီဥက္ကဋ္ဌနေရာနဲ့ အုပ်ချုပ်မှု ဒါရိုက်တာနေရာကို NLD ပါတီက လူကို ခန့်အပ်ထားတယ်။ ခန့်ထားတဲ့ လူတွေကလည်း ယာဉ်နဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ နားမလည်ကြသူတွေ။ တကယ်က ယာဉ်လိုင်းက အရှုံးပေါ်စရာ အကြောင်းမရှိပါဘူး။ ဒီယာဉ်လိုင်းကို စီမံခန့်ခွဲမှု ညံ့လို့သာ အရှုံးပေါ်နေကြတာပါ” ဟု ဦးထိန်ဝင်းက ပြောကြားခဲ့သည်။
၂၀၁၆ - ၂၀၁၇ စာရင်းစစ်ချုပ် အစီရင်ခံစာအရ YUPT နှင့် YUJC သည် ကျပ်သန်း ပေါင်း ၃၈၀၀ ကျော် အရှုံးပေါ်နေသည့်အတွက် အရင်းပြုတ်မည့်အနေအထားတွင် ရှိနေကြောင်း ဒဂုံမဲဆန္ဒနယ်မှ ဦးကျော်ဇေယျက တိုင်းလွှတ်တော်တွင် ပြောဆိုခဲ့သေးသည်။