ရန်ကုန်တိုင်းအတွင်းရှိ မှတ်ပုံတင်ထားသည့် အိမ်မွေးတိရစ္ဆာန်နှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် တိရစ္ဆာန်များခွဲခြားနိုင်ရန် IT နည်းပညာဖြင့် Chip များ ထည့်သွင်းဆောင်ရွက်နေဟုဆို

ရန်ကုန်တိုင်းအတွင်းရှိ မှတ်ပုံတင်ထားသည့် အိမ်မွေးတိရစ္ဆာန်နှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် တိရစ္ဆာန်များခွဲခြားနိုင်ရန် IT နည်းပညာဖြင့် Chip များ ထည့်သွင်းဆောင်ရွက်နေဟုဆို
Published 22 January 2020
ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းအတွင်းရှိ မှတ်ပုံတင်ထားသည့် အိမ်မွေးတိရစ္ဆာန်နှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် တိရစ္ဆာန်များခွဲခြားနိုင်ရန် IT နည်းပညာဖြင့် Chip များ ထည့်သွင်းဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ဇန်နဝါရီ ၂၁ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ တိရစ္ဆာန်ဆေးကုနဲ့ အသားထုတ်လုပ်ရေး အလုပ်ရုံများ စီမံခန့်ခွဲရေးကနေပြီးတော့ အလုပ်ရုံများမှာ အိမ်မွေးတိရစ္ဆာန်တွေကို တရားဝင်မှတ်ပုံတင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို မှတ်ပုံတင်အချက်အလက်များ ပြုစုထိန်းသိမ်းရှာဖွေခြင်း၊ မှတ်ပုံတင်ခြင်းမရှိတဲ့ ခွေးများကို ခွဲခြားပြီးတော့ ရှာဖွေဖော်ထုတ်ခြင်းများကို တိကျမှန်ကန်စွာဆောင်ရွက်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးမှာ ခေတ်မီ IT နည်းပညာနဲ့ Chip လေးတွေထည့်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ၌ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၂၁၆ တွင် ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကျွဲ၊ နွား တိရစ္ဆာန်နှင့် အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ကျွဲနွားပွဲစျေးနှင့် တိရစ္ဆာန်အရှင်ရောင်းဝယ်ရေးစျေး ဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ ပုဒ်မ ၃၂၁၊ ပုဒ်မခွဲ (ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ် သို့မဟုတ် လုပ်ငန်းလိုင်စင်မရှိဘဲ အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းမပြုရ။ ပုဒ်မ ၃၂၁၊ ပုဒ်မခွဲ (ခ) ပါ တားမြစ်ချက်ကို လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ပထမအကြိမ် ကျူးလွန်ခြင်းအတွက် ငွေဒဏ်ကျပ် တစ်သိန်းမှ ကျပ်ငါးသိန်းအထိ ချမှတ်ရမည်ဖြစ်ပြီး ဆက်လက်ကျူးလွန်မှုအတွက် ထောင်ဒဏ်ခြောက်လအထိ ချမှတ်ရမည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။

အထက်ပါ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့တော်နယ်နိမိတ်အတွင်း၌ တာဝန်ယူမှုရှိသော အိမ်မွေးတိရစ္ဆာန် မွေးမြူသည့်စနစ် (Responsible Pet Ownership) ပိုမိုထွန်းကား မြင့်မားလာစေရေးအတွက် ကော်မတီအနေဖြင့် အိမ်မွေး ခွေးပြပွဲ၊ ပြိုင်ပွဲကို ၂၀၁၈ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ်လည်းကောင်း၊ ၂၀၁၉ ခုနှစ်၌ ပဥ္စမအကြိမ်အဖြစ်လည်းကောင်း ကျင်းပခဲ့ကြောင်း၊ မြို့တော်နယ်နိမိတ်အတွင်း မှတ်ပုံတင်ရန်လိုအပ်သည်ဟု ကော်မတီက သတ်မှတ်သည့် အိမ်မွေးတိရစ္ဆာန် (ခွေး၊ ကြောင်) မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ ခရိုင်နယ်မြေအလိုက် ကွင်းဆင်း၍ နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် အိမ်မွေးခွေးကြောင်များ မှတ်ပုံတင်ခြင်းဆောင်ရွက်ရာ၌ လွယ်ကူစွာ လျှောက်ထားနိုင်ရေးနှင့် စနစ်တကျ စိစစ်ခွင့်ပြုနိုင်ရေးတို့အတွက် အိမ်မွေး တိရစ္ဆာန်မွေးမြူခွင့် မှတ်ပုံတင်လျှောက်လွှာ ပုံစံကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ Website (www.ycdc.gov.mm) တွင် Download ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးများတွင်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် စျေးများလုပ်ငန်းတာဝန်ခံအဖွဲ့၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန လက်အောက်ရှိ ကုသရေးနှင့် ကာကွယ်ရေး ဌာနခွဲ (ခရိုင်ရုံး) များတွင်လည်းကောင်း ရယူ၍ အချက်အလက်ပြည့်စုံစွာဖြည့်စွက်ကာ ကုသရေးနှင့် ကာကွယ်ရေးဌာနခွဲ (ခရိုင်ရုံး) များတွင် ပြန်လည်လျှောက်ထားနိုင်ရန်နှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိကြောင်း စိစစ်တွေ့ရှိရပါက သတ်မှတ် အခွန်အခပေးသွင်းစေပြီး အိမ်မွေးခွေး၊ ကြောင် မှတ်ပုံတင်ကို အလျင်အမြန်ထုတ်ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့ တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

 

 

Most Read

Most Recent