ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဘဏ္ဍာငွေသုံးစွဲမှု လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီမှုမရှိခြင်းတို့ကြောင့် နိုင်ငံတော် နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်လျက်ရှိရာ အဂတိတိုက်ဖျက်ရေးကော်မရှင်နှင့် BPI စက်ရုံမှူးကိစ္စကို နမူနာယူသင့်ကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ထောက်ပြ

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဘဏ္ဍာငွေသုံးစွဲမှု လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီမှုမရှိခြင်းတို့ကြောင့် နိုင်ငံတော် နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်လျက်ရှိရာ အဂတိတိုက်ဖျက်ရေးကော်မရှင်နှင့် BPI စက်ရုံမှူးကိစ္စကို နမူနာယူသင့်ကြောင်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ထောက်ပြ
စာရင်းစစ်ချုပ်၏ အကျဉ်းချုပ်အစီရင်ခံစာနှင့် ပတ်သက်၍ လွွှတ်တော်တွင် ဆွေးနွေးနေသည့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းအား ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
စာရင်းစစ်ချုပ်၏ အကျဉ်းချုပ်အစီရင်ခံစာနှင့် ပတ်သက်၍ လွွှတ်တော်တွင် ဆွေးနွေးနေသည့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းအား ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 22 January 2020
ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ဘဏ္ဍာငွေသုံးစွဲမှု လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီမှု မရှိခြင်းတို့ကြောင့် နိုင်ငံတော်နစ်နာ ဆုံးရှုံးမှုများစွာဖြစ်ပေါ်လျက်ရှိရာ အဂတိကော်မရှင်နှင့် BPI စက်ရုံမှူးကိစ္စအား နမူနာယူသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့်စပ်လျဉ်းပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီကိုယ်စား ဥက္ကဌ ဒေါ်စန္ဒာမင်းက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများသည် ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာစည်းမျဉ်းအရ ၎င်းတို့၏ ဆောင်ရွက်မှုများအား စီမံကြီးကြပ်ခြင်းနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာဥပဒေနှင့်အညီ ဖြစ်စေရန် ဌာနတွင်း စာရင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရကြောင်း၊ ဌာနတွင်းစာရင်းစစ်များမှ စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း အကြီးအကဲများကိုလည်း တင်ပြရကြောင်း၊ သက်ဆိုင်ရာဌာန၊ အကြီးအကဲများက မိမိဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှန်ကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်များနှင့် ပေါင်းစပ်ညှိနှိုင်းနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့သော အခြေအနေတွင် ရှိမနေသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့၏ ဆောင်ရွက်ချက်များသည် ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံရာတွင် တည်ဆဲလုပ်ထုံးလုပ်နည်းကို ချိုးဖောက်ပြီး နိုင်ငံတော်နစ်နာ ဆုံးရှုံးမှုများ ပေါ်ပေါက်လျက်ရှိကြောင်း စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရတွေ့ရကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“ ပြည်သူ့ဘဏ္ဍာငွေများကို လုပ်ထုံးလုပ်နည်းချိုးဖောက်၍လည်းကောင်း၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူတစ်ဦးတစ်ယောက် အခွင့်အရေးရရှိစေရန်အတွက်လည်းကောင်း၊ ဆောင်ရွက်ထားခြင်းဖြစ်တာကို တွေ့ရှိရပါတယ်။ ထို့ပြင် ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲမှုအခြေအနေမှာ (၁/၂၀၁၇) ကို လိုက်နာမှုမရှိခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများ လိုက်နာမှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ပေါ်လျက်ရှိတာကိုလည်း တွေ့ရှိရပါတယ်။ လုပ်ထုံးလုပ်နည်းမှားယွင်း၍ နိုင်ငံတော် ဘဏ္ဍာနစ်နာဆုံးရှုံးသည်ဆိုလျှင် အဂတိမြောက်သည်ဟုဆိုကာ အဂတိကော်မရှင်နဲ့ BPI က ဒေါက်တာအောင်ဇော်အမှုကို နမူနာယူသင့်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ထုံးလုပ်နည်း မှားယွင်းမှုတွေကို ပြန်လည်ပြုပြင်သင့်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ထို့ပြင် ကျပ် ၃၀ ဘီလျံဖြင့် Limited Tender ခေါ်ယူပြီး ၂၅ မဂ္ဂါဝပ် မီးစက် ဝယ်ယူထားသည့် ကိစ္စရပ်သည် လုပ်ထုံးလုပ်နည်းကို ချိုးဖောက်ပြီး တစ်ဦးတစ်ယောက်ကို အခွင့်အရေးပေးခြင်းသည် ပြည်သူ့ဘဏ္ဍာ ငွေနစ်နာဆုံးရှုံးမှုဖြစ်ကြောင်း၊ ငွေကျပ် ဘီလျံ ၂၀ ကုန်ကျထားပြီး အရည်အသွေး ကြီးကြပ်စစ်ဆေးရေး ကော်မတီမှ လုပ်ငန်းလွှဲပြောင်း လက်ခံနိုင်မှုမရှိသေးသည့် အခြေအနေတွင်ရှိနေသော ခေတ်မီမီးပွိုင့်စနစ် တပ်ဆင်ခြင်းလုပ်ငန်းကို ၁၀၀ ရာခိုင်နှုန်း ငွေအပြီးပေးချေလိုက်ခြင်းသည် ဘဏ္ဍာရေး စည်းမျဉ်းကို မလိုက်နာသည့်အပြင် ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုဖြစ်ကြောင်း၊ Yangon Metropolitan Development Public.,Ltd မှ ကျပ်သန်းပေါင်း ၅၄ ဘီလျံ ရင်းနှီးမြှုပ်နှံရန် တောင်းခံထားသော်လည်း မူလလုပ်ငန်းရည်ရွယ်ချက်များ ပျောက်ကွယ်သွားပြီး မည်သည့်စီမံကိန်းမှ အောင်မြင်အောင် ပြသနိုင်ခြင်းမရှိဘဲ ၅၄ ဘီလျံမှ အတိုးရငွေကို YMD မှ စိတ်ကြိုက်သုံးစွဲနေခြင်းသည် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ၏ ငွေလုံးငွေရင်း အသုံးစရိတ်များနှင့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း ကိစ္စများအတွက် ပြဌာန်းထားချက်များနှင့် သွေဖယ်နေခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ဆက်လက်ပြီး စီမံကိန်းအောင်မြင်မှုမရှိသော ငွေပင်လယ်ကုန်တွင်းဆိပ်ကမ်းအတွက် အသုံးစရိတ် ၉၆ ဒသမ ၄ သန်း သုံးစွဲထားခြင်းသည် ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုဖြစ်သည်ကို တင်ပြလိုကြောင်း၊ မြေပြင်တွင်ပိုင်ဆိုင်မှု အငြင်းပွားမှုဖြစ်ပွားနေသည့် ဆူးလေဘုရားလမ်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရုံးဟောင်း ပြုပြင်ခြင်းလုပ်ငန်းအတွက် ငွေကျပ် ၁၉၂ ဒသမ ၃၆၃ သန်းသုံးစွဲထားမှုကိစ္စတွင် YMD ကုမ္ပဏီမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် တရားရုံးတက်ဖြေရှင်းနေရသည့် အခြေအနေတွင်ရှိခြင်း၊ ဌာနမှ အမှန်တကယ်ပိုင်ဆိုင်မှုမရှိသေးသည့် စီမံကိန်းတစ်ခုဖြစ်နေပြီး ထိုကဲ့သို့ ငွေကြေးမြောက်များစွာ သုံးစွဲထားခြင်းသည် ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုဖြစ်ကြောင်း၊ ရန်ကုန်မြို့သစ်စီမံကိန်းသည် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ထည့်ဝင်ငွေ၏ ၁၂ ဒသမ ၃၈ ရာခိုင်နှုန်းကို သုံးစွဲထားခြင်း၊ ထည့်ဝင်ငွေ၏ ၁ဝဘီလျံမှ ရရှိသော ဘဏ်တိုးငွေများအား NYDC မှ စိတ်ကြိုက်သုံးစွဲခွင့်ရရှိသည့် အခြေအနေဖြစ်ပေါ်နေခြင်းသည် ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုပင်ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။

 

 

Most Read

Most Recent