ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ARSA အဖွဲ့နှင့် မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပဋိပက္ခအတွင်း ကျူးလွန်ခဲ့မှုများနှင့် ပတ်သက်၍ ICOE ၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် အထောက်အထားခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်ရန် နိုင်ငံတော်သမ္မတ သဘောတူ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ARSA အဖွဲ့နှင့် မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပဋိပက္ခအတွင်း ကျူးလွန်ခဲ့မှုများနှင့် ပတ်သက်၍ ICOE ၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် အထောက်အထားခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်ရန် နိုင်ငံတော်သမ္မတ သဘောတူ
Published 21 January 2020
မင်းနိုင်စိုး

ရခိုင်ပြည်နယ်၌ ၂၀၁၆-၂၀၁၇ ခုနှစ် တွင် ဖြစ်ပွားခဲ့သော ARSA ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့နှင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပဋိပက္ခအတွင်း ကျူးလွန်ခဲ့မှုများနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားစေရန်နှင့် အထောက်အထားများ ခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားစေရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဘောတူသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ICOE ၏ အပြီးသတ်အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်တွင် လက်ခံရရှိပြီး အဆိုပါအစီရင်ခံစာနှင့် ပတ်သက်၍ ဇန်နဝါရီ ၂၁ ရက်တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း သဘောတူထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများအတွင်း ပေါ်ပေါက်ခဲ့သော ပစ္စည်းဥစ္စာ ဖျက်ဆီးခံရမှုများ (သို့မဟုတ်) လုယက်မှုများ (သို့မဟုတ်) အရပ်သားများက ကျူးလွန်ခဲ့သည့် အခြားရာဇဝတ်မှုကြီးများအား ဆက်လက် စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများ ပြုလုပ်သွားစေရန်အတွက် နိုင်ငံတော်သမ္မတက ကော်မရှင်၏ အစီရင်ခံစာအပြည့်အစုံကို နောက်ဆက်တွဲများနှင့်အတူ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတက ARSA အဖွဲ့ဝင်များ (သို့မဟုတ်) အလိုတူ ပူးပေါင်းပါဝင်ခဲ့သူများက ကျူးလွန်ခဲ့သည့် ကြီးလေးသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ မည်သို့ပြုလုပ်သွားသင့်သည်ကို စစ်ဥပဒေချုပ်နှင့် လိုအပ်သလို တိုင်ပင် ဆောင်ရွက်သွားရန် ပြည်ထောင်စု ရှေ့နေချုပ်အား အကြောင်းကြားထားကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် တပ်မတော်သားများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် ရာဇဝတ်မှုများ၊ အထူးသဖြင့် မင်းကြီးရွာနှင့် ချွတ်ပြင်ကျေးရွာများတွင် သတ်ဖြတ်မှုများနှင့် စွန့်ခွာခဲ့သည့် မွတ်စလင်ကျေးရွာများရှိ နေအိမ်မီးလောင်မှုများကို တားဆီးရန် ပျက်ကွက်ခဲ့ခြင်းတို့အပေါ် တပ်မတော် စစ်ဥပဒေချုပ်ရုံးအနေဖြင့် လက်ရှိဆောင်ရွက်ဆဲဖြစ်သော စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲမှုများကို တိုးချဲ့ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကော်မရှင်၏ အစီရင်ခံစာ အပြည့်အစုံနှင့် နောက်ဆက်တွဲများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့လည်း ပေးပို့ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံတော်သမ္မတရုံးသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၃၀ ရက်တွင် ယင်းကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ARSA အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အလိုတူ ပူးပေါင်းပါဝင်ခဲ့သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများက စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများရှိခဲ့သည်ဟု ကော်မရှင်မှ တွေ့ရှိခဲ့ကြောင်း၊ အရပ်သားများအား သတ်ဖြတ်ခြင်း၊ အင်အား မမျှမတသုံးစွဲခြင်း၊ လုယက်မှု ကျူးလွန်ခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် မွတ်စလင်များ၏ စွန့်ခွာသွားသော နေအိမ်များကို ဖျက်ဆီးခြင်း စသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ကော်မရှင်သည် ကျေးရွာများ၊ အထူးသဖြင့် မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနှင့် မောင်နုရွာတို့တွင် အသက်ဆုံးရှုံးမှု များပြားခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့ပြီး လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ကျူးလွန်ခဲ့သည်ဟု ကောက်ချက်ချနိုင်သော လုပ်ဆောင်ချက်မျိုး ဖြစ်ပွားခဲ့ခြင်း အလျဉ်းမရှိခဲ့ကြောင်း ကော်မရှင်က တွေ့ရှိခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်ခံစားခဲ့ရသူများ အားလုံးအတွက် စာနာဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး တာဝန်ခံမှုနှင့် တရားမျှတမှုရှိစေရေးအတွက် လည်းကောင်း၊ အဆင့်မီလုံခြုံရေးတပ်ဖွဲ့များ ဖြစ်လာစေရေးအတွက် လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားအပ်သည်ဟု နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

 ICOE ၏ အစီရင်ခံစာသည် ကျယ်ပြန့်ပြည့်စုံမှုရှိပြီး နောက်ဆက်တွဲ ၃၁ ခု အပါအဝင် စုစုပေါင်းစာမျက်နှာ ၄၅၀ ကျော်ပါ ရှိကြောင်း၊ ကော်မရှင်သည် ထိုဖြစ်စဉ်ကာလများအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ သက်သေများ၏ ထွက်ဆိုချက် စုစုပေါင်း ၁၅၀၀ ခန့်တို့အား သေချာစွာ စုဆောင်းခဲ့ပြီး ယင်းထွက်ဆိုချက်များအပေါ် အခြေခံ၍ အစီရင်ခံစာတွင် လေ့လာသုံးသပ်ချက်များဖြင့် ပြုစုတင်ပြထားကြောင်း သိရသည်။

 

Most Read

Most Recent