မြန်မာနိုင်ငံတွင် ထားဝယ် အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် သီလဝါ အထူးစီးပွားရေးဇုန်တို့ အကောင်အထည်ဖော်မည်ဖြစ်သည်။
ဂျပန်နိုင်ငံနှင့် ပူးပေါင်းအကောင်အထည်ဖော်ခဲ့သည့် သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လုပ်ကိုင်၍ အောင်မြင်လာသည့်အခါ ထားဝယ်အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် အာရုံစိုက်လာကြသည်။
အခြားတစ်ဖက်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံနှင့် ပူးပေါင်း အကောင်အထည်ဖော်ရန် ဇန်နဝါရီ ၁၇ ရက်က လာရောက်သည့် တရုတ်သမ္မတ ရှီကျင်ပင်း၏ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်။
ကာလအတန်ကြာ ရပ်ဆိုင်းထားရသည့် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည်စတင်နိုင်ရန် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီအီတာလျံ-ထိုင်းတို့ ပြင်ဆင်နေသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည် ဖော်နိုင်ရေးအတွက် စီမံခန့်ခွဲမှုကော်မတီသည် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ကာလရှည်ကြာစွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရပြီး စာချုပ်ပါအချက်အလက်များ ပြင်ဆင်ခဲ့ရသည်ဟု သိရသည်။
မူလက ထားဝယ်အထူးစီးပွားရေးဇုန်၏ ဧရိယာသည် ၁၉၆ စတုရန်း ကီလိုမီတာရှိပြီး နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်ပြီး ဇုန်၏အရွယ်အစား ကိုချု့ံ၍ ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းဟူ၍ နှစ်ခုခွဲလိုက်သည်။
လက်ရှိတွင် ကနဦးစက်မှုဇုန် စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် စာချုပ်ပိုင်းဆိုင်ရာအစီအစဉ်များ ပြင်ဆင်ပြီးစီးမှုသည် အခြားကနဦး အဆင့်စီမံကိန်း ရှစ်ခု အကောင်အထည်ပေါ်လာရေးအတွက် အဓိကအခြေခံအချက်ဖြစ်သည်ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက သတင်းထုတ်ပြန်လိုက်သည်။
၂၀၀၈ ကတည်းက စတင်ခဲ့သည့် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရန် ၂၀၀၈ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည်။ စတင်စဉ်က စီမံကိန်းလုပ်ငန်းများတွင် ရေနက်ဆိပ်ကမ်း၊ မြန်မာ-ထိုင်းအဝေးပြေးလမ်းမကြီး၊ စက်မှုဇုန်များ၊ စီးပွားရေး အဆောက်အအုံများ၊ လူနေအိမ်ရာများ၊ လူမှုရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်ကာ လုပ်ငန်းပမာဏ ကြီးမားသဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရန် နှစ်ရှည်လုပ်ငန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ အီတာလျံ-ထိုင်း (ITD) ၏ လုပ်ဆောင်ချက်များ နှေးကွေးခဲ့သည့်အတွက် ၂၀၁၃ ခုနှစ်တွင် စီမံကိန်းကို ရပ်ဆိုင်းခဲ့ရသည်။
၂၀၁၅ ခုနှစ်တွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက တင်ဒါအသစ် ပြန်ခေါ်ခဲ့ရာ အီတာလျံ-ထိုင်း (ITD) ကပင် စီမံကိန်းလုပ်ကိုင်ခွင့် ပြန်လည်ရရှိခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် ၂၀၁၅ ခုနှစ် သြဂုတ်နှင့် ၂၀၁၆ ခုနှစ် မတ်တို့၌ မူလပင်မစီမံကိန်း ၁၉၆ စတုရန်း ကီလိုမီတာအနက်မှ ယခုအကောင်အထည်ဖော်လျက်ရှိသော ၂၇ စတုရန်းကီလိုမီတာအကျယ်ရှိ ထားဝယ် အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အီတာလျံ-ထိုင်း ဦးဆောင်သော ရင်းနှီးတည်ဆောက်မည့် ကုမ္ပဏီများနှင့် စီမံကိန်းအလိုက်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့် စာချုပ်များ ချုပ်ဆိုခဲ့သည်။
“ အရွယ်အစားအားဖြင့် စတုရန်းကီလိုမီတာ ၂၀၀ လောက်ကနေ နောက်ပိုင်းမှာ စတုရန်းကီလိုမီတာကို အရမ်းသေးပစ်လိုက်တယ်။ သေးလိုက်တဲ့အပြင် ဇုန်ကို နှစ်ခုခွဲလိုက်တယ်။ ကနဦးစီမံကိန်းနဲ့ ပင်မစီမံကိန်း နှစ်ခုခွဲလိုက်တယ်။ အခု ကျွန်တော်တို့ထုတ်လုပ်တဲ့ Landuse Agreement က ကနဦး စီမံကိန်းနဲ့ပတ်သက်တဲ့ မြေငှားစာချုပ်ကို ချုပ်ဆိုဖို့အတွက် ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးဒေါက်တာ တင်ထူးနိုင်က ပြောကြားသည်။
၂၀၁၅ ခုနှစ်တွင် အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရန် စာချုပ်ပေါင်း ရှစ်ခုနှင့် စီမံကိန်းပေါင်း ကိုးခုအတွက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
သို့သော် ITD ကုမ္ပဏီဘက်က အကောင်အထည်ဖော်မှု နှေးကွေးခဲ့သည်။ စီမံကိန်း အကောင်အထည်ဖော်နိုင်မှု နှေးကွေးသည်ဆိုသော်လည်း ကုမ္ပဏီဘက်ကအခက်အခဲများ ရှိသကဲ့သို့ ကော်မတီဘက်မှ ဖြည့်ဆည်းပေးရမည့် အချက်အလက်အချို့လည်း ရှိခဲ့သည်။
ကုမ္ပဏီဘက်က တင်ပြလာသည့် အချက်အလက်များအပေါ် စီမံခန့်ခွဲကော်မတီက လိုက်လျောနိုင်သမျှ လိုက်လျောခဲ့ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့ရသည်ဟု သိရသည်။
စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာအစိုးရအတွက် ပိုမို၍စွန့်စားမှု ပြုလုပ်ရန် ဖြစ်ပေါ်စေခြင်း သို့မဟုတ် ငွေကြေး အကျိုးအမြတ် တစ်စုံတစ်ရာ လျော့နည်းစေခြင်းများ မပေါ်ပေါက်စေရဘဲ စက်မှုဇုန်လုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီး လိုအပ်ချက် ဖန်တီးရရှိနိုင်ရေးအပေါ် အခွင့်အလမ်း ပိုမိုကောင်းမွန်စေပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် သဘောတူညီချက် ရလဒ်များရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် အဆိုပါ သဘောတူညီမှုရလဒ်များ ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည့် အကြံဉာဏ်များကို စီမံခန့်ခွဲမှုကော်မတီအနေဖြင့် မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ ကျွမ်းကျင်သူများထံမှ ရယူခဲ့သည်ဟု ကော်မတီက သတင်းထုတ်ပြန်ထားသည်။
လျော်ကြေးပေးခြင်းနှင့် ရွှေ့ပြောင်း နေရာချထားခြင်းကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက်ရမည်
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းစတင်သည်နှင့် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် စက်မှုဇုန်အတွင်း နောင်တွင် မြေငှားရမ်း၍ လာရောက် ရင်းနှီးမြှုပ်နှံမည့် သူများအနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် ထိခိုက်နစ်နာသည့် ပုဂ္ဂိုလ်များအတွက် လျော်ကြေးပေးခြင်းနှင့် ရွှေ့ပြောင်းနေရာချထားခြင်းကို နိုင်ငံတကာစံနှုန်းများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အခြေအနေများအား ပြည့်မီကိုက်ညီအောင် ဆောင်ရွက်သွားရမည်ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန်ထားသည်။
“ စက်မှုဇုန်တွေ အထူးစီးပွားရေးဇုန် စီမံကိန်းတွေ စတင်ပြီဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့နှစ်ဖက် ကြည့်ရမယ်။ တစ်ဖက်ကအကျိုးစီးပွား (Benefit) ပေါ့နော်။ တစ်ဖက်က ထိခိုက်နစ်နာမှု (Costs) တွေရှိလိမ့်မယ်။ အကျိုးစီးပွားမှာ ရေတိုအကျိုးစီးပွား၊ ရေရှည် အကျိုးစီးပွား တွက်ချက်လေ့လာရသလို တစ်ဖက်ကလည်း Costs လို့ခေါ်တဲ့ ထိခိုက်နစ်နာမှုတွေကို အမြဲတမ်းစဉ်းစားပါတယ်” ဟု ဒေါက်တာ တင်ထူးနိုင်က ဆိုသည်။
ယင်းသို့ စဉ်းစားရာတွင် Individual ထိခိုက်မှုများရှိသကဲ့သို့ Society ကို ထိခိုက်မှုရှိသည်။ ထို့ပြင် Region တစ်ခုလုံးထိခိုက်မှုလည်း ရှိမည်။ ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် ယင်းအခြေအနေများကို အနည်းဆုံးဖြစ်အောင် လျှော့ချရေး ဆောင်ရွက်မည်ဟု သိရသည်။
အလားတူ စီမံကိန်း အကောင်အထည်ဖော်ရာတွင် ထိခိုက်သွားသည့် လူတစ်ဦးချင်းစီအတွက် သို့မဟုတ် ရွှေ့ပြောင်းသည့်အခါ ဒေသခံတို့ကို လျော်ကြေးပေးရန်နှင့် ရွှေ့ပြောင်းနေရာချထားသည့်အခါ ထားနိုင်ရန်အတွက် ဒေသဆိုင်ရာ အစိုးရ၊ ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်း၊ ဒေသခံများနှင့်အခြား Stakeholder များပါဝင်သည့် အဖွဲ့ကို ဖွဲ့စည်းပေးထားကြောင်း သိရသည်။
ယင်းအဖွဲ့မှ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်က ပြောကြားသည်။
စီမံကိန်း ကိုးခုနှင့် စတင်မည်
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ကနဦးစီမံကိန်းတွင် သဘောတူညီချက် ရှစ်ခုပါဝင်ပြီး ယင်းသဘောတူညီချက် ရှစ်ခုတွင် စီမံကိန်း ကိုးခုပါဝင်သည်။
၂၀၁၅ ခုနှစ် သြဂုတ် ၅ ရက်က ထားဝယ ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့ ချုပ်ဆိုခဲ့သည့် လုပ်ငန်းသဘောတူညီချက်အရ ကနဦးစီမံကိန်းတွင် စက်မှုလုပ်ငန်းနယ်မြေ၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ ဖောက်လုပ်မည့် နှစ်လမ်းသွား ကတ္တရာလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦး မြို့ပြအိမ်ရာလုပ်ငန်း၊ ကနဦး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ယာယီ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း (Boil-off Gas & Temporary Power Plant) ၊ ရေရရှိရေး လုပ်ငန်း (ပယင်းဖြူဆည်တည်ဆောက်ခြင်း)၊ တယ်လီဖုန်းလိုင်းဆက်သွယ်ရေးနှင့် သဘာဝဓာတ်ငွေ့ရည်ဆိပ်ကမ်း စသည်ဖြင့် လုပ်ငန်းစီမံကိန်း ကိုးခု ဖြစ်သည်။
ယင်းစီမံကိန်းများအနက် အဓိကအားဖြင့် မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိဖောက်လုပ်မည့် နှစ်လမ်းသွား ကားလမ်းစီမံကိန်းကို စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။
“ အဲဒါတွေ အကောင်အထည်ဖော်ဖို့ သဘောတူညီရမယ့် ဖြည့်ဆည်းပေးရမယ့်ဟာတွေကို ဖြည့်ဆည်းပေးလိုက်ပါပြီ။ လုပ်ငန်းစာချုပ်ချုပ်ဆိုနိုင်မယ့် အဆင့်အထိ ရောက်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးပြီးပြီ။ ဒီအဆင့် ပြီးသွားတာနဲ့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးပြီးပြီဆိုတာနဲ့ သူ့ရဲ့ မူရင်းစာချုပ်ပါအတိုင်း ဘယ်တော့အချိန်မှာ ဘာတွေလုပ်ရမယ်၊ ထိခိုက်နစ်နာမှု မဖြစ်ပေါ်ဖို့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူထုအကျိုးစီးပွားအတွက် ဘယ်လိုအချက်အလက်တွေကို ဆောင်ရွက်ရမယ်စတဲ့ အချက်တွေကို သဘောတူညီပြီးသွားပြီ။ အဲဒီအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ဒေါက်တာ တင်ထူးနိုင်က ပြောကြားသည်။
နှစ်လမ်းသွားကားလမ်းစီမံကိန်းသည် မြေသားလမ်းအနေဖြင့် ဖော်ဆောင်ပြီးသား ဖြစ်သည်။ အဆိုပါ မြေသားလမ်းကို အဆင့်မြှင့်တင်ရန် ပတ်ဝန်းကျင်ထိခိုက်နိုင်မှုဆိုင်ရာ EIA/SIA ပြန်လည်သုံးသပ်လျက် ရှိသည်။ ထို့ပြင် လမ်းကြောင်းတစ်လျှောက် လမ်းကြောင်းဆိုင်ရာ ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
၁၃၈ ကီလိုမီတာအရှည်ရှိသည့် အဆိုပါ နှစ်လမ်းသွားကားလမ်း စီမံကိန်းအတွက် ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလျံချေးယူရန် လွှတ်တော်၏ သဘောတူညီချက်ကို ရရှိထားပြီးဖြစ်သည်။
နှစ်လမ်းသွားလမ်းစီမံကိန်းအတွက် လေ့လာသုံးသပ်ပြီးမှုများ ပြီးစီးပါက မြန်မာအစိုးရနှင့် ထိုင်းအစိုးရအကြား ချေးငွေ စာချုပ်လက်မှတ် ရေးထိုးရမည်ဖြစ်သည်။
ထို့နောက် နှစ်လမ်းသွားကားလမ်းစီမံကိန်း အဆင့်မြှင့်တင်ရန် တင်ဒါခေါ်ယူရဦးမည် ဖြစ်သည်။ တင်ဒါလုပ်ကိုင်ခွင့်ရကုမ္ပဏီကို ရွေးချယ်ပြီးနောက် ယင်းကုမ္ပဏီက စတင်ဆောင်ရွက်မည်ဖြစ်သည်။ နှစ်လမ်းသွားကားလမ်းစီမံကိန်းကို မြန်မာဘက်မှ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်သည်။ ထိုင်းဘက်မှ အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုး တိုးတက်ရေးကူညီပေးရေး အေဂျင်စီ (NEDA) က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
“ ဒီစီမံကိန်းက စီမံကိန်း ကိုးခုထဲမှာ မြန်မြန်ဆန်ဆန်နဲ့ စတင်မယ့် စီမံကိန်းဖြစ်ပါတယ်။ ဒီနှစ်ကုန်ပိုင်းလောက် ပွင့်လင်းရာသီမှာ မြေပြင်ပေါ်မှာ မြင်သာတဲ့ရလဒ်တွေ ရလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာ တင်ထူးနိုင်က ဆိုသည်။
ထားဝယ်အထူးစီးပွားရေးဇုန်၏ မြေငှားသက်တမ်းမှာ အထူးစီးပွားရေးဇုန် ဥပဒေအရ ခွင့်ပြုသွားမည်ဖြစ်ပြီး စီမံခန့်ခွဲမှုကော်မတီသည် မြေငှားရမ်းခွင့် သို့မဟုတ် မြေအသုံးပြုခွင့်အတွက် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူအား မြေငှားရမ်းခ သို့မဟုတ် မြေအသုံးပြုခပေးသွင်းစေပြီး နှစ် ၅၀ အထိ ခွင့်ပြုနိုင်သည်။ ယင်းသက်တမ်းကုန်ဆုံးပြီးနောက် ရင်းနှီးမြှုပ်နှံသူက ဆက်လက်လုပ်ကိုင်လိုလျှင် ၂၅ နှစ်အထိ သက်တမ်းတိုးမြှင့်ပေးနိုင်ကြောင်း သိရသည်။
“ ITD အနေနဲ့ အခြေခံ အဆောက်အအုံတွေ ဆောက်လုပ်တဲ့နေရာမှာ သူ့အတွက် အခက်အခဲ အများကြီးရှိတယ်။ အဲဒီအတွက် နှစ်လမ်းသွားဆိုရင် ကျွန်တော်တို့က ချေးငွေယူပြီး ဆောင်ရွက်ပေးတယ်။ အလားတူပဲ မီးကိုလည်း ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဆောင်ရွက်ပေးနေသလို အခြားသော ရင်းနှီးမြှုပ်နှံသူတွေနဲ့လည်း ဆွေးနွေးနေပါတယ်” ဟု ဒေါက်တာ တင်ထူးနိုင်က ပြောကြားသည်။
ကနဦးစီမံကိန်းတွင် မပါဝင်သည့်အခြားသော စီမံကိန်းများကိုလည်း အထူးစီးပွားရေးဇုန်အတွင်း ဆောင်ရွက်ခြင်းအားဖြင့် ဒေသအတွက်သာမက နိုင်ငံတော်အတွက်ပါ အထောက်အကူပြုမည့် စီမံကိန်းများကိုလည်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးလျက်ရှိသည်။
အနာဂတ်မျှော်လင့်ချက်
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ငွေလုံးငွေရင်း အရင်းအနှီးနှင့် တိကျသေချာသော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အထောက်အထားများ အီတာလျံ-ထိုင်းကုမ္ပဏီထံမှ ရရှိပြီးသည်နှင့် ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် အီတာလျံ-ထိုင်းကုမ္ပဏီသို့ စီမံကိန်းစတင်ဆောင်ရွက်ရန် အကြောင်းကြားစာပေးပို့သွားမည်ဖြစ်ပြီး စီမံကိန်းကို မကြာမီကာလအတွင်း စတင်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားသည်။
“ တောင်ပိုင်းစီးပွားရေးစင်္ကြံနဲ့ လေးနိုင်ငံဆက်သွယ်ထားတဲ့ စီးပွားရေးလမ်းမကြီးနဲ့ ချိတ်ဆက်ထားသလို မြန်မာနိုင်ငံမှာ အကြီးဆုံးရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်လာမှာပါ။ ဧကပေါင်း ၄၈၀၀၀ လောက်ရှိတယ်။ သီလဝါထက် အများကြီးကြီးတယ်။ ကျောက်ဖြူထက်ရော ကြီးတယ်။ ဒီဒေသတွင်းမှာ အကြီးဆုံးစီမံကိန်း တစ်ခုဖြစ်လာမှာ။ အဲဒီလိုကြီးမားတဲ့ စီမံကိန်းမျိုးနေရာကောင်းတဲ့ စီမံကိန်းမျိုး မြန်မာနိုင်ငံမှာ နောက်ထပ် တစ်ခု ဖြစ်လာဖို့ အရမ်းခဲယဉ်းသွားပြီ။ တကယ်သာ အောင်မြင်သွားရင် အခြားသော ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ ဒေသတွင်းမှာ အကျိုးအများကြီးရှိ နိုင်သလို တချို့နိုင်ငံတွေအတွက်လည်း စိုးရိမ်စရာ သူတို့ပြိုင်ဘက် ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ရလောက်အောင် ဒီစီမံကိန်းကြီးက အရေးကြီးပါတယ်” ဟု ထားဝယ် အထူးစီးပွားရေးဇုန် အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်က သုံးသပ်ပြောကြားခဲ့သည်။
ထားဝယ် အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းအတွင်း လမ်း၊ မီး၊ ရေ၊ ဆိပ်ကမ်းစသည့်အခြေခံ အဆောက်အအုံများ တည်ဆောက်ပြီးနောက် ထားဝယ် အထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်နိုင်မည်ဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာနိုုင်ငံရှိ အထူးစီးပွားရေး ဇုန်သုံးခုအနက် အရွယ်အစားအားဖြင့် အကြီးမားဆုံး စီမံကိန်းတစ်ခုဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လုပ်ကိုင်ရန်လွန်စွာ အရေးကြီးပါသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွင် ငွေကြေးသာမက နည်းပညာနှင့် ကျွမ်းကျင်မှုအပြင် စျေးကွက် ချိတ်ဆက်နိုင်မှုများပါ တစ်ပါတည်း ပါလာသည့်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် လိုအပ်သည်။
ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒေသအတွက် အကျိုးရှိနိုင်မည်ဖြစ်ပြီး ၂၀၂၀ နောက်ပိုင်းကာလတွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး သိသာသည့်ရလဒ်များ မြင်တွေ့လာရမည်ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။