၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သုံးလကျော်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၉၄၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာသန်း ၂၇၀ ကျော် ရရှိထား

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သုံးလကျော်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၉၄၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာသန်း ၂၇၀ ကျော် ရရှိထား
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဘုရင့်နောင်ရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 18 January 2020
ဇေယျာငြိမ်း

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သုံးလကျော်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၉၄၀,၀၀၀ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ သန်း ၂၇၀ ကျော်အထိ ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၃ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၉၄၁,၈၃၅ ဒသမ ၄၉၃ အထိ တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၂၇၀ ဒသမ ၂၃၀ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

အဆိုပါကာလအတွင်း နိုင်ငံပေါင်း ၅၅ နိုင်ငံသို့ ဆန်တန်ချိန် ၆၄၈,၀၀၀ ကျော် တင်ပို့မှုမှ ဝင်ငွေဒေါ်လာသန်း ၁၉၀ ကျော်ရရှိထားသည်။ ထို့အတူ နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၉၃,၀၀၀ ကျော်တင်ပို့မှုမှ ဒေါ်လာ ၇၆ သန်းကျော် ရရှိထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု နှစ်ခုစလုံးမှ တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်း ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် သုံးလအတွင်း နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၃၀,၀၀၀ ကျော်တင်ပို့မှုမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၃၄ သန်းကျော် ရရှိထားသည်။ စုစုပေါင်းတင်ပို့မှု၏ ၁၅ ရာခိုင်နှုန်းခန့်ရှိသည်။

ပင်လယ်ရေကြောင်းတင်ပို့မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၇၆၀,၀၀၀ ကျော်တင်ပို့မှုမှ ဝင်ငွေအမေရိကန် ဒေါ်လာ သန်း ၂၂၀ ကျော် ရရှိထားသည်။ စုစုပေါင်းတင်ပို့မှု၏ ၈၅ ရာခိုင်နှုန်းကျော်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတန်ချိန် ၂ ဒသမ ၃၅၅ သန်းတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၇၀၉  ဒသမ  ၆၉၃ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်တွင် စပါးစျေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲဖြစ်နေခြင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆောင်ရွက်သင့်သော ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သိုလှောင်ရုံအခက်အခဲ၊ အဆင့်အတန်းရှိသည့် စပါးများ အခြောက်ခံရန် အခက်အခဲ၊ သယ်ယူပို့ဆောင်ရေးယာဉ် အခက်အခဲများ ရှိနေသဖြင့် လုပ်ငန်းတွင်ကျယ်မှု အားနည်းမှုများကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ မေလ ၁၈ ရက်က ထုတ်ပြန်ထားသည်။

“ အရင်က တရုတ်နိုင်ငံကို တင်ပို့ခွင့်ရရှိတဲ့ ကုမ္ပဏီက ၁၁ ခုပဲရှိပါတယ်။ မကြာခင်က ဆန်စက်ပေါင်း ၁၀၀ ကျော်ကို စစ်ဆေးမှုများ ပြုလုပ်ပြီးတဲ့အခါကျတော့ ကုမ္ပဏီပေါင်း ၄၀ ကျော် ရွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေရဲ့ စာရင်းတွေကို တရုတ်နိုင်ငံဘက်ကို ပေးပို့ဖို့ရှိပါတယ်။ ဒီလိုစစ်ဆေးပြီးသား ဆန်စက်များရဲ့ စာရင်းရောက်သွားတာနဲ့ တရုတ်နိုင်ငံဘက်ကို တင်ပို့မှုတွေ ပြန်လည်တင်ပို့နိုင်မှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ၂၀၁၉ ခုနှစ်အတွင်းက ပြောကြားထားသည်။

သတ်မှတ်ထားသော အခြေခံစပါးစျေးနှုန်း အောက်ကျဆင်းပါက နိုင်ငံတော်မှ စပါးဝယ်ယူနိုင်ရန်အတွက် ရန်ပုံငွေအဖြစ် ကျပ် ၁၅ ဘီလျံလျာထားခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နေကြောင်း သိရသည်။

 

 

Most Read

Most Recent