အဝေးကွင်းသရေပွဲနဲ့ ဖိအားတွေပိုများသွားတဲ့ မော်ရင်ဟိုနဲ့ စပါး

အဝေးကွင်းသရေပွဲနဲ့ ဖိအားတွေပိုများသွားတဲ့ မော်ရင်ဟိုနဲ့ စပါး
Published 18 January 2020

လက်ရှိအခြေအနေဟာ ပေါ်တိုအသင်းကို ကိုင်တွယ်ခဲ့ပြီးနောက်ပိုင်း ဖိအားအများဆုံးအချိန်ပါလို့ ဝန်ခံထားတဲ့ စပါးနည်းပြမော်ရင်ဟိုအတွက်တော့ အဝေးကွင်း ဂိုးမရှိသရေပွဲနဲ့အတူ ဖိအားတွေထဲ ပိုနစ်သွားခဲ့တယ်လို့ဆိုရပါလိမ့်မယ်။

ဝက်ဖို့ဒ်တိုက်စစ်မှူး ဒီးနီရဲ့ ပယ်နယ်တီကန်သွင်းချက်ကို  စပါးဂိုးသမား ဂါဇာနီဂါကာကွယ်နိုင်ခဲ့လို့သာ အရှုံးဆိုတဲ့ရလဒ်ကို မော်ရင်ဟိုရှောင်လွှဲနိုင်ခဲ့တာပါ။

လက်ရှိမော်ရင်ဟိုရဲ့အခြေအနေက ကွင်းတွင်းမှာ ကျေနပ်စရာကောင်းတဲ့ ပုံစံတစ်ခုကို ပြသနိုင်ခြင်းမရှိနိုင်တဲ့အပြင်၊ သူကိုယ်တိုင်လည်း ဖိအားတွေကိုမာထန်တဲ့အပြုအမူတွေနဲ့ တုံ့ပြန်မှုမရှိတာက ပရိသတ်အတွက် စိတ်ပျက်စရာဖြစ်စေပါလိမ့်မယ်။

ဒီနေ့ပွဲမှာလည်း စပါးအသင်းက ဝက်ဖို့ဒ်အသင်းကို ကစားကွက်ပိုင်းအရအသာစီးယူဖို့ခက်ခဲ့သလို၊ အခွင့်အရေးဖန်တီးမှုအပိုင်းမှာလည်း ဝက်ဖို့ဒ်ကတောင် သာသယောင်ရှိခဲ့ပါတယ်။

ဟာရီကိန်းမပါနိုင်တဲ့ တိုက်စစ်ဟာကွက်ကို လူးကပ်စ်မော်ရာ၊ ဆွန်ဟောင်မင်နဲ့ လာမယ်လာတို့ အကောင်းဆုံးမဖြည့်ဆည်းနိုင်ခဲ့ပါဘူး။

တိုက်စစ်ပိုင်းက အချိတ်အဆက်လွဲမှားမှုတွေနဲ့အတူ ဆွန်ဟောင်မင်၊ မော်ရာတို့ရဲ့ ဂိုးရဖို့အားထုတ်မှုတွေကလည်း ဝက်ဖို့ဒ်ဂိုးသမား ဖော်စတာရဲ့ လက်စွမ်းပြမှုတွေကြားမှာ ပျောက်ဆုံးခဲ့ရပါတယ်။

ပထမပိုင်းမှာ စပါးအသင်းဘောလုံးပိုင်ဆိုင်မှုအသာစီးယူနိုင်ခဲ့ပေမယ့် ဝက်ဖို့ဒ်အသင်းရဲ့ကွင်းလယ်နဲ့ ခံစစ်က စနစ်တကျဟန့်တားနိုင်ခဲ့လို့ အခွင့်အရေးကောင်းတွေမရခဲ့ပါဘူး။

ဝက်ဖို့ဒ်အသင်းက ဒီးနီ၊ ဒယ်လိုဖူ၊ ဆား၊ ဒူကူဟေတို့ရဲ့ တိုက်စစ်တွဲလုံးတွေကလည်း စပါးအသင်းရဲ့ခံစစ်ကို အလုပ်ရှုပ်စေခဲ့လို့လည်း စပါးအသင်းထင်သလောက် တိုက်စစ်မဖွင့်ရဲခဲ့တာပါ။

စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင် ဂိုးရဖို့ဆန္ဒဆောနေတာကလည်း စပါးတိုက်စစ်အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာ ပွဲအနည်းငယ်အေးသလိုရှိခဲ့ပြီး ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးဂိုးရဖို့ကြိုးစားလာခဲ့လို့ ပိုပြီးအကြိတ်အနယ်ရှိလာခဲ့ပါတယ်။

ဝက်ဖို့ဒ်အသင်းအတွက် အကြီးမားဆုံးနစ်နာမှုနဲ့ စပါးအသင်းအတွက် ကံကောင်းမှုကတော့ ပွဲချိန်မိနစ် (၇၀)မှာ ကြုံတွေ့ခဲ့ပါတယ်။

ဝက်ဖို့ဒ်အသင်းရဲ့ ဂိုးကန်သွင်းချက်ကိုတားဆီးရင်း စပါးနောက်ခံလူ ဗာတွန်ဂန် ဂိုးဧရိယာအတွင်းဘောလုံးကို လက်နဲ့တားခဲ့တာကြောင့် ဝက်ဖို့ဒ်အသင်းပယ်နယ်တီရရှိခဲ့ပါတယ်။

ဒီပယ်နယ်တီကို အသင်းခေါင်းဆောင် ဒီးနီကန်သွင်းရာမှာတော့ စပါးဂိုးသမား ဂါဇာနီဂါလက်စွမ်းပြကာကွယ်ခဲ့လို့သာ စပါးသက်သာရာရခဲ့တာပါ။

မိနစ် (၉၀)ပြည့်ပြီး နာကျင်အချိန်ပိုမှာ ဝက်ဖို့ဒ်ဂိုးဧရိယာအတွင်းရှုပ်နေတဲ့အနေအထားမှာ စပါးအသင်းရဲ့ဂိုးကန်သွင်းချက်ကို ဝက်ဖို့ဒ်ကွင်းလယ်လူ ပူဆက်တို ဂိုးစည်းပေါ်က ရှင်းထုတ်နိုင်ခဲ့လို့ စပါးအသင်းအတွက်နစ်နာခဲ့ရပါတယ်။

အခွင့်အရေးကိုယ်စီကိုအသုံးမချနိုင်ခဲ့တဲ့အသင်း (၂)သင်းရဲ့ပွဲကတော့ ဂိုးမရှိသရေနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဒီသရေပွဲဟာ စပါးနည်းပြမော်ရင်ဟိုအတွက်တော့ အချက်ပေးခေါင်းလောင်းသံဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက်လည်း ပိုပြီးစိုးရိမ်စရာကောင်းသွားပြီလို့ ဆိုရပါမယ်။

 

Most Read

Most Recent