မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုအပိုင်း၌ အထည်ချုပ်ကဏ္ဍသည် ယခင်နှစ်များထက် ရာခိုင်နှုန်း ၆၀ အထိ တိုးတက်လာဟု သိရ

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုအပိုင်း၌ အထည်ချုပ်ကဏ္ဍသည် ယခင်နှစ်များထက် ရာခိုင်နှုန်း ၆၀ အထိ တိုးတက်လာဟု သိရ
Published 18 January 2020
ဇေယျာငြိမ်း

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုအပိုင်း၌ အထည်ချုပ်ကဏ္ဍသည် ယခင်နှစ်များထက် ရာခိုင်နှုန်း ၆၀ အထိ တိုးတက်လာခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ “ မြန်မာ့စီးပွားရေး လေ့လာမှုအစီရင်ခံစာ အနှစ်ချုပ်” မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။

“ ကုန်ထုတ်လုပ်မှုပိုင်းမှာ ကြည့်မယ်ဆိုရင် အထည်ချုပ်ပိုင်းကတော့ တော်တော်လေးကို မြင့်တယ်။ ရာခိုင်နှုန်း ၆၀ လောက် တိုးတက်လာတယ်ဆိုတာ တွေ့ရတယ်။ နှစ် အလိုက်ပေါ့။ ပြီးခဲ့တဲ့နှစ်က ၅၅ ရာခိုင်နှုန်း အခုဆိုရင် ၆၀ ရာခိုင်နှုန်းအထိ တော်တော်လေးကို အထည်ချုပ်ပိုင်းက တိုးတက်လာတာကို တွေ့ရတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ဌာနေကိုယ်စားလှယ် (ယာယီ) ဖြစ်သူ Gevorg Sargsyan က ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာသန်း ၈၅၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၈၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“ ဒီဘဏ္ဍာနှစ် ဒီဇင်ဘာ ၆ ရက်အထိ ဒေါ်လာ ၈၅၄ သန်း ရှိတယ်။ ကာလတူက ၇၇၁ သန်းပဲ ရှိတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ နှစ်လကျော်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၈၃ သန်းပိုမိုရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP စနစ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်တွင်း CMP လုပ်ငန်းများ၌ အထည်ချုပ်လုပ်ငန်းသည် အများဆုံးဖြစ်သည်။ လက်ရှိအချိန်တွင်လည်း CMP ပို့ကုန်များမှာ  နှစ်စဉ်တိုးတက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ ပုံမှန်ကလည်း CMP လုပ်ငန်းတွေက တောက်လျှောက် တိုးတက်နေတယ်။ နှစ်စဉ် နှစ်စဉ် တိုးတက်နေတဲ့ အခြေအနေမှာရှိတယ်” ဟု ဦးခင်မောင်လွင်က ဆိုသည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ  ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း၊ ၂၀၁၉ ခုနှစ် မေ ၁၁ ရက်က  ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း၏ ပဥ္စမအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေး၌ အသင်းအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် ၅၀၀ ကျော်ပြီး အလုပ်သမားခန့်ထားမှုမှာလည်း ငါးသိန်းကျော်ရှိကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်သဖြင့် ချုပ်ခအနေဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာ ရရှိကြောင်း သိရသည်။

အီးယူက မြန်မာနိုင်ငံကို ပေးထားသည့် GSP အခွင့်အရေး ပြန်လည်ရုပ်သိမ်းရန် ပြင်ဆင်နေခြင်းကြောင့် GSP ခံစားခွင့်ရရှိထားသည့် မြန်မာ့ပို့ကုန်များ စျေးကွက်အသစ်ထိုးဖောက်နိုင်ရေး ကြိုတင်ပြင်ထားရန် အကြံပြုထားကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

(၃၁) ကြိမ်မြောက် ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်များ၏ လစဉ် ပုံမှန်အစည်းအဝေးတွင် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယခုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။    

 

 

Most Read

Most Recent