တစ်ခါတလေ က‌ံက ငါ့ကို စမ်းတယ်

တစ်ခါတလေ က‌ံက ငါ့ကို စမ်းတယ်
Photo: Unsplash
Photo: Unsplash
Published 18 January 2020
မင်းချောမြင့်

 

ရုံးကားကြီးတွေလို တအိအိနဲ့ပဲ။ ယန္တရားတစ်ခုထဲမှာ လည်ပတ်နေခဲ့ရတာလည်း ကြာနေခဲ့ပါပြီ။ ပိုပြီး ချိုမြလာနိုင်ကောင်းရဲ့လို့ မျှော်လင့်ရင်း သောက်နေမိခဲ့တာလည်း ဒီအရွယ်ရောက်တဲ့ အထိပါပဲ။ ငယ်ရွယ်တဲ့ သူတွေလို တက်တက်ကြွကြွ မရှိနိုင်တော့တာလည်း ကိုယ့်ကိုယ်ကိုယ်တော့ သတိထားမိပါရဲ့။ စကားတွေ နှေးသွားခဲ့တာတော့ မဟုတ်ခဲ့ပေမဲ့ စကားတွေ နည်းသထက် နည်းလာတာ သတိထားမိတယ်။ အနိုင်ရလိုစိတ် နည်းသထက် နည်းလာသလို ဝေဒနာတချို့ သက်သာရာရစေဖို့  ရှိနေရခြင်းတွေမှာ နစ်မြုပ်ထားရမှာ။ တစ်ခါတလေလည်း ချောက်ချားရတယ်။ ရပ်တည်နေရခြင်းမှာကိုက ယိုင်နဲ့သလို ဖြစ်ဖြစ်သွားတတ်တော့ သတိထားရမှာပဲ။ အသိတရားကလည်း လွတ်လွတ်သွားတတ်တော့ ကံတရားပဲလို့ တွေးပါတယ်။ အခုထိ ကံကောင်းနေသေးတာက ကံတရားကို အပြစ်ပုံချလို့ ရနေသေးတာ။ တစ်ခါတလေ ကံကလည်း ဆန်းတယ်။

စတစ်ကော်လာအကျႌလေး ကောက်စွပ်။ အုန်းဆီလေး နည်းနည်းပါးပါးလိမ်း။ သင့်တင့်အောင် နေထိုင်ပြီးသကာလ နေ့တာတစ်ခုရဲ့ အစ။ မဖွံ့ဖြိုးနိုင်သေးတဲ့ ဗျူရို ကရက်ယန္တရားတစ်ခုထဲက အမှုန်အမွှားလေးတစ်ခု ပြန်လည်စတင် လည်ပတ်ပါတော့မယ်။ အတက်မှာ မီးခိုးတွေ တအူအူ မှုတ်ထုတ်နေရတဲ့ အင်ဂျင်အိုကြီးတစ်လုံးလို တိုင်းပြည်ငယ်ကလေးကတော့ ယက်ကန် ယက်ကန်နဲ့။ အဟာရပြည့်ဝအောင် မမှီဝဲခဲ့ရတဲ့ သားသည်မိခင်ရဲ့ ခြေလှမ်းတွေနဲ့။ ဖောသွပ်သွပ်မျက်နှာတွေရဲ့ အလိုက်သိမှုမျိုးနဲ့ စတင်လည်ပတ်ဖို့ ရောက်ရှိလာရပြီ ဖြစ်တယ်။

ဝန်းကျင်တစ်ခုကနေ လွတ်မြောက်လာခြင်းကိုက စိတ်ကို လန်းဆန်းနေစေတယ်။ ရှိနေကြတဲ့ အဟောင်းအမြင်းတွေကိုက ကျွန်တော်အဖို့တော့ သစ်နေတယ်။ တည်ရှိနေမှုတချို့ကို အကောင်းပဲ မြင်ရတော့မှာ ဖြစ်ပြီး အလိုက်သင့်နေတတ်ဖို့လည်း ဘဝနဲ့ရင်းပြီး သင်ယူခဲ့ဖူးပြီ။ ရှိနေခြင်းကိုက တိတ်ဆိတ်သင့်တာ တိတ်ဆိတ်ရမယ်။ သူရဲဘောကြောင်တယ်လို့ ဆိုနိုင်ပေမဲ့ သူရဲ‌ကောင်းဖြစ်ခွင့်လည်း မကြုံကြိုက်နိုင်ခဲ့ပါ။ ခန္ဓာဝန်ထမ်းနေရတဲ့အတွက်လည်း တချို့ရဲ့စာသားတွေကို အလွတ် မကျက်ချင်တော့ပါဘူး။ မျက်နှာချို မသွေးလိုပါ။ မဆန့်ကျင်လိုပါ။ ငါ့လူငယ်ဘဝဟာ လောင်းကြေး နည်းနည်းနဲ့ ၀ါးမျိုခံခဲ့ရတာ။

ရှင်သန်မယ်။ နေထိုင်မယ်။ ပျင်းရိလေး သွဲ့စရာကောင်းတဲ့ ခြေလှမ်းတွေနဲ့ စတင်ရခြင်းဖြစ်လိမ့်မယ်။ ခန့်မှန်းထားတာထက် လွန်စွာပဲ ကွဲလွဲသွားနိုင်တဲ့ အစအဦးလည်း ဖြစ်မယ်။ အတွေးမှာ ရှိနေခြင်းကိုက ပကတိ ရိုးသားတယ်။ အမေရိကန်တပ်သားလည်း သေခြင်းတရားကို ကြောက်ရွံ့ကြတာပါပဲ။ သူ့မှာ အင်နဲ့ အားနဲ့ နောက်ခံဘက်ဂရောင်းနဲ့။ သူ သေသွားရင်တောင် လူရာဝင်ခွင့် သူ့မျိုးဆက်က ရနေပြီးသား။ အင်အားကြီးသူရဲ့ငိုပွဲလား။ အာဏာရှိသူရဲ့ ဉာဏ်ကစားခြင်းလား။ ဉာဏ်ပညာမြင့်မှ ကစားနိုင်တာလား။ သက်ရှိနဲ့ မျှားရမယ့် မျှော်လင့်ခြင်းလား။ မျက်ရည်ခြွေတဲ့ စစ်ဘုရင်ကြီးတွေဆို ရွံလေ မုန်းလေ။ ခင်ဗျားတို့ သိပ်ကြိုက်နေခဲ့တဲ့ အောင်မြင်ခြင်းနီတိတွေမှာ ခင်ဗျားတို့ကိုယ်နှိုက်က အာဏာရှင်ဆန်နေပြီးသား။ ဆုမတောင်းပါနဲ့။ မပြည့်နိုင်ပါ။ ခုတလော မြန်မာပြည်မြေပုံကြီး ကြည့်ကြည့်ပြီး ရယ်ရတာ သိပ်အရသာရှိနေတယ်။

အိပ်မက်အကြီးကြီး မက်လေ့ရှိကြတယ်။ အချိန်မရွေး ကွယ်လွန်သွားနိုင်တဲ့ ခန္ဓာကိုယ်ကြီး ရရှိသွားရတဲ့ အစုံစားသတ္တဝါ တစ်ဦးဟာ အိပ်မက် မက်ပါလိမ့်မယ်။ အိပ်မက်ပါလို့ တင်စားထားပေမဲ့ အိပ်ပျော်နေတုန်း မက်တဲ့ အိပ်မက်မျိုးတော့ မဟုတ်ပေဘူး။ စိတ်ကူးရှိရှိနဲ့ သေချာရေးဆွဲထားတဲ့ အိုင်ဒီယာဟာ အိပ်မက်မဟုတ်ဘူးလို့တော့ ငြင်းမနေတော့ပါ။ လူစင်စစ်တစ်ယောက်ဆီမှာ မရှိနိုင်တဲ့ ရည်ရွယ်ချက်တွေ ထားခဲ့ပါလိမ့်မယ်။ သူကလည်း သေချာကြံရွယ်ခဲ့တာတော့ ဖြစ်လိမ့်မယ်။ ယန္တရားကြီးတစ်ခုက လိုအပ်နေတဲ့ အမည်မဲ့နေမှုမှာ သူ့ကို နစ်သွားစေတာပဲလို့ တွေးလို့ ရချင်ရလိမ့်မယ်။ သူတို့ အရူးထမှုတွေမှာ သတ္တလောကကြီးတောင်မှ နစ်မွန်းချင် နစ်မွန်းသွားပါလိမ့်မယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ပြဌာန်းခံခဲ့ရတဲ့ လူတန်းစား။ သူ့သမိုင်း သူလောင်းတမ်း စားတမ်း ကစားသွားတဲ့ လူသားရုပ်မပီတဲ့ အတ္တရဲ့ နာမ်စားတွေ ရှိနေပါလိမ့်မယ်။

ဆရာ မင်းခိုက်စိုးစန်ကတော့ သူ့ဝတ္ထု တစ်ပုဒ်ထဲ ရေးခဲ့ဖူးတယ်။ သူ့ဇာတ်ကောင်က ဇော်ဝင်းထွဋ်သီချင်းကို လေချွန်သတဲ့။ ကျွန်တော်လည်း ရပ်သီချင်းတွေ ဗမာလို လေချွန် ကြည့်မိတယ်။ ဘယ်လိုများလည်းလို့ သိချင်ရင် သင်ကိုယ်တိုင် ကြိုးစားကြည့်ပါလေ။ အမြီးအမောက်မတည့်တဲ့ ဆိုလိုရင်းတွေထဲက သန့်စင်မှုအဓိပ္ပာယ်ကို လိုက်ရှာတယ်။ ဗျူရို ကရက်ပဲ။ ယန္တရားကြီးနဲ့။ သင့်ကိုယ်သင် ကြိတ်ဝါးခံခဲ့ရပြီး သင်ကိုယ်နှိုက်က မက်မောနေလိမ့်မယ်။ လူဖြစ်ရင် ဇိမ်ခံချင်တယ်။ သမိုင်းနဲ့တော့ လောင်းကြေးထပ်ရပါလိမ့်မယ်။ တချို့လည်း ဟိုဘက်လိုလို ဒီလိုလိုနဲ့ သူတို့ ပွပေါက်ရအောင် ကြံကြတာပါပဲ။ သူတို့က အစကတည်းက နစ်မြုပ်နေကြရသူတွေပါ။ ဒါပေမဲ့ သူတို့တတွေဟာ အင်နဲ့ အားနဲ့ ရှိနေကြပါတယ်။ လူ့ဘဝဆိုတာက မတတ်နိုင်တော့ရင် ဆွေးရုံ ဝေးရုံ ကျဆုံးသွားရုံလောက်ပါပဲ။

မျက်ရည်လွယ်တတ်သူပါပဲ။ တိုက်ဆိုင်လာတတ်တဲ့အခါကျ မျက်လုံးအိမ်မှာ ဝေ့ခနဲ။ ဝမ်းနည်းသွားစေနိုင်တဲ့ နင့်သီး ဆွတ်ပျံ့မှုနဲ့။ ဇာတ်လမ်းရဲ့ သယ်ဆောင်ရာမှာ ဟိုဘက်ကမ်းထိ လွင့်လွင့်သွားတတ်တဲ့ အလိုက်မသိတတ်မှုတွေလည်း ရှိခဲ့တယ်။ ဆာလောင်နေတဲ့ မြက်ရိုင်းတွေကြားထဲ ငုပ်လျှိုးသွားကြချိန်။ နှင်းအဖြစ် ရှိခဲ့တယ်ဆိုဖူးရုံလောက်ပါပဲ။ အလွယ်တကူ တံခါးဖွင့်လာခွင့်ရရက်နဲ့ ရောက်လာပြီးမှ နောက်ကျနေရတဲ့ ရက်စွဲမျိုး။ ပျိုမြစ်နုနယ်မှုတွေနဲ့ လောင်းကြေး ထပ်လဲလိုက်ရတဲ့ အရယ်မဲ့မှုမျိုး။ အနုပညာပါလို့ အော်ဟစ်ငိုကြွေးလိုက်ချင်တဲ့ အဆုံးအစမဲ့မှုမျိုးတွေထဲ လေလေလွင့်လွင့် ရှိခဲ့တဲ့ နေ့တွေပေါ့။

ကမ်းကနေ သင်္ဘောကြီး ခွာခွင့်ပြုလိုက်ပါပြီ။ စကားမစပ် ပြောရရင်ဖြင့် ကုံလုံလှတဲ့ လောကကြီးအကြောင်း ပြောချင်ရင် နိမိတ်ပုံတွေ သိပ်ရှားပါးရပါတယ်။ ဖန်တစ်ရာ တေနေတဲ့ စကားတွေ ထည်လဲသုံးစွဲရင်း အသက် မရှိနိုင်တဲ့ ၀ါကျအဖြစ် နစ်ဝင်လို့။ ဒဏ်ရာရ စွပ်ကြောင်းလေးဟာ ပြတ်သားလို့။ အမျိုးမျိုးသော အ‌ခြေနေအရပ်ရပ်မှာ ကမ်းက ခွာနိုင်ခဲ့တာပဲ ကျေးဇူးတော်အဖြစ် အောက်မေ့ရမှာပါ။ ကိုယ့်အတွက် နိဗ္ဗာန်အစစ် မဖြစ်နိုင်သေးတဲ့ ကာလတစ်ခုမှာမှ နစ်မြုပ်သွားချင်လည်း သွားပါစေတော့။ ကမ်းက ခွာနိုင်ခဲ့တာလည်း ပြတ်သားရဲဖို့တော့ လိုလိမ့်မယ်။

သောကရောက်နေတာလည်း ပါတယ်။ ခွက်ထဲကို ရေတစ်ဝက် ထပ်ရောလိုက်တယ်။ ရှိနေတဲ့ ပစ္စုပ္ပန်ကို အနေအထားတစ်ခုထိ လျှော့ချထားလိုက်ချင်တာနဲ့ပဲ ရောက်ရှိလာခဲ့တာ။ ရောက်ရှိလာခဲ့တာလို့ ပြောတော့ အဝေးကြီး ထင်မနေနဲ့ဦး။ အသင့်ဝယ်ယူထားတဲ့ ပုလင်းတစ်လုံးရှိရာ အရပ်ပဲ။ ကြေကွဲနာကျင်ရတာတွေလည်း ဘယ်သူမှ မဆယ်ယူခိုင်းစေချင်တော့လို့ ကိုယ်တိုင်နစ်မြုပ်လိုက်ချင်တဲ့ ကာလတစ်ခုပေါ့လေ။ တစ်ခွက် ချလိုက်တယ်။ မြန်မာပြည်မှာ ပြုလုပ်ထားကြတဲ့ သံယောဇဉ်တွေနဲ့ ရီဝေနေခဲ့ရပြီ။ ဆူပွက်နေတဲ့ လမ်းမကြီးဟာ ‌ဖြောင့်တန်းလို့။ လောင်ကျွမ်းနေတဲ့ ငါဟာ ပျံသန်းလို့။ထီမထိုးဘဲ ပေါက်ဖို့ စိတ်ကူးယဉ်ခဲ့မိတဲ့ နေ့ ရက်တွေအတွက်ပေါ့။ စမ်းထားမိတဲ့ ကံတရားတွေကလည်း လန့်စရာကောင်းနေပြန်တယ်။

အဲဒီနေ့တွေက အဲဒီလောက် ပျော်စရာကောင်းနေမယ် မထင်ဘူး။ ပျော်ရွှင်ရခြင်း၊ ဝမ်းနည်းရခြင်းတွေဟာ သူ့အလိုလို ရောက်လာကြတာ ဟုတ်ဟန်မတူဘူး။ မတူညီတတ်တဲ့ သဘာဝနှစ်ခုကို တစ်ချိန်တည်း ခံစားတတ်ဖို့ကလည်း ကာလတစ်ခုတော့ လိုလိမ့်မယ်။ သနားဖွယ်ဖြစ်အောင် နေတတ်ဖို့ကလည်း သိပ်ကို သရုပ်ဆောင်ကောင်းမှ ဖြစ်မယ်။ အိပ်မက်တောင် အလွဲလွဲအချော်ချော် မက်ခဲ့ရတဲ့ကောင်ဆိုတော့ မျှော်လင့်လို့ မရပြန်ဘူးပေါ့။ စကားလုံးပေါင်းများစွာကို ပစ်ပေါက်ခံလိုက်တယ်။ မြားအစင်းပေါင်းများစွာ ပစ်လွှတ်တာကို ကျေနပ်စွာ ခံယူလိုက်နိုင်တယ်။ ပြန်လည်ပေးဆပ်နိုင်တာက ကျေနပ်စွာ ဖူးပွင့်လိုက်ခြင်းပဲ။ ဘဝဆိုတာ ရှင်သန်ခြင်းကို လောင်းကြေးထပ်ခဲ့ရတာ မဟုတ်လား။ တစ်ခါတလေ ကံကို ငါစမ်းတယ်။

ကျွန်တော် အန်စာတုံးလေး ဖြစ်သွားတယ်။ မျက်နှာက ‌ခြောက်ခု။ ဂဏန်းက ၁ ကနေ‌ ၆ အထိ။ အန်စာတုံးလေးကို လေထဲ မြှောက်ကြည့်ပြီး မြေပေါ်ပြန်ကျလာရင် ဂဏန်းတစ်ခုတော့ ပေါ်ရမှာပဲ။ ဖြစ်တန်စွမ်းပေါ့။ ၁ ဂဏန်း ကျဖို့ ဖြစ်နိုင်ခြေဟာ ‌ခြောက်ပုံပုံ တစ်ပုံ ရှိတယ်။ ဂဏန်းတွေဟာ မြေပေါ် ပြန်မကျမချင်း မျှော်လင့်ရတာတွေ ကိုယ်စီနဲ့ပေါ့။ ပါဝင်ရင်ခုန်ကြတဲ့သူတွေလည်း နှစ်သက်ရာ ကိန်းဂဏန်းနဲ့ ပါဝင်ရင်ခုန်ခွင့်တော့ ရကြတယ်။ ၀ိုင်းလေး ဘာလေး စိုပြည်သွားအောင် အချင်းချင်း လောင်းကြေးထပ်ခွင့် ပေးထားတယ်။ ဖြစ်လာမယ့် ကိန်းဂဏန်းကို မျှော်လင့်ရင်း အိတ်ထဲက သေနတ်တွေကို ဆွဲထုတ်လိုက်ကြတယ်။ ပြီးတော့မှ လောင်းကြေးထပ်ကြတာပေါ့။ ဘာမှ ပါမလာခဲ့ရင်တောင် စိတ်ကူးနဲ့ မှန်းဆပြီး လောင်းကြေး ထပ်လိုက်နိုင်တာပဲ။ ပွဲက တ‌ဖြည်း‌ဖြည်း ကြမ်းလာတယ်။ ပိုင်ဆိုင်မှုအစ ငွေကြေး အဆုံး လောင်းကြေး ထပ်ကြတော့ပါပဲ။ သိက္ခာတွေ မာနတွေ အပြိုင်လောင်းကြေးထပ်လို့ပေါ့။ ပွဲက အရှိန်ရလာတာနဲ့အမျှ အစွယ်တွေ၊ မီးတောက်တွေ ထုတ်ပြလာကြတော့တယ်။ အပြိုင်းအရိုင်းပဲ ဒေါသအစွယ်တွေ မှုတ်ထုတ်လာကြတာ အန်စာတုံးလေး သိတယ်။ ပြိုင်ပွဲကို ဘယ်သူက ထိန်းသိမ်းနိုင်မလဲ အန်စာတုံးလေး တွေးရပြီ။ တစ်ချိန်လုံး အန်စာတုံးလေးဘဝ လေထဲ မြောက်လိုက် ပြန်ကျလိုက်နဲ့ ပင်ပန်းနွမ်းနယ်လှပြီ။ အန်စာတုံးလေးဘဝ ဘယ်ပြေးမလဲ။ ဘယ်ကို လွတ်လမ်းဆင်ရမလဲ။ ပြိုင်သူတို့ရဲ့ သေနတ်သံတွေက အစကတော့ လေထဲ။ နောက်တော့ လူအုပ်ထဲ။ နောက်ဆုံး အန်စာတုံးကလေးကို ချိန်ရွယ်လာကြတယ်။ အန်စာတုံးလေးရဲ့ တည်ရှိနေမှုကို အဆုံးသတ်ကြတော့မယ်။ ကျွန်တော်  အန်စာတုံးလေး ဘယ်ပြေးရမလဲ။

ဇာတ်လမ်းက ခုမှပြန်စမှာ။ အန်စာတုံးလေးဟာ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ကြိုးစားရတော့မှာပဲ။ အန်စာတုံးလေးဖြစ်တဲ့ ကျွန်တော်ဟာ အသက်ကို ဝအောင် ရှူလိုက်တယ်။ ရှိတဲ့ ခွန်အားအလုံးစုံကို ရှင်သန်လွတ်မြောက်မှုအတွက် အသုံးချရမယ်။ ရှင်သန်လိုခြင်းအတွက် တစ်ခုခုတော့ စွန့်စားရတော့မှာပဲ။ ဖြစ်နိုင်ခွင့်က နည်းချင် နည်းပါးပါစေ။ ရှင်သန်ခြင်းအတွက် အန်စာတုံးလေး ကျွန်တော်ဟာ သူတို့ ကစားဝိုင်းထဲကနေ အပြင်းအထန် ခုန်ထွက် လိုက်တော့တယ်။

အန်စာတုံးလေး ပြန်ကျလာတော့ သာမန်မြေပြင် ဖြစ်မနေတော့ဘူး။ အရင် ကန္တာရတစ်ခုဟာ မြစ်ပြင်ကြီး ဖြစ်လာတယ်။ ရေခန်းလက်စ ရေအိုင်ဟာ ရေနည်းသွားပြီ။ ကန္တာရရဲ့ အနားသတ်ဆိုတော့ ချောက်တွေလည်း ရှိတယ်။ သူတို့ကစားဝိုင်းက ပြေးလာတဲ့ အန်စာတုံးကလေး ကျွန်တော်ဟာ ချောက်ကြီးရဲ့ တွင်းကလေးတစ်ခုထဲ ကျသွားတယ်။ ပျော်တယ်။ ကစားသမားလူတွေ လက်ထဲက လွတ်မြောက်သွားတဲ့အတွက်ကြောင့် အန်စာတုံးလေး ပျော်သွားပြီ။

တွင်းထဲ အန်စာတုံးကလေး လိမ့်ခနဲ။ ပြီးတော့ တလိမ့်လိမ့်။ တွင်းနက်ကြီးက မဆုံးတော့ဘူး။ တွင်းနက်ကြီးဟာ ရှည်လျားလွန်းလှတယ်။ အန်စာတုံးကလေးက တစ်လိမ့်ပြီး တစ်လိမ့်။ ဖြစ်တန်စွမ်းတွေက တစ်လိမ့်ပြီး တစ်လိမ့်။ ကျွန်တော် အသက်ရှူကျပ်လာပြီ။ အန်စာတုံးလေးလည်း အော်ဟစ်ငိုယိုလို့။ လွတ်မြောက်ရာ ရှင်သန်ခြင်းပဲ။ ရှင်သန်ခြင်းဟာ တွင်းနက်ကြီးတစ်ခုပဲ။ တစ်ခါတလေ ကံက ငါ့ကို စမ်းတယ်။

 

Most Read

Most Recent