ကြိုးစားဖို့ကွာ ဆရာကမှာ

ကြိုးစားဖို့ကွာ ဆရာကမှာ
ဓာတ်ပုံ-ကြည်နိုင်
ဓာတ်ပုံ-ကြည်နိုင်
Published 18 January 2020

ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်တစ်ဦးဖြစ်ခဲ့သူ ဆရာကြီး ဒေါက်တာရဲအောင် (၁၉၂၉-၂၀၀၆) သည် ကျွန်တော်တို့၏ ညွှန်ကြားရေးမှူးလည်း ဖြစ်ခဲ့ပါသည်။

စကားပြောလျှင် အသံအားကောင်းကောင်း အသံသြသြဖြစ်ပြီး စာရေးအသားလည်း ရှင်းလင်းပါသည်။

ဆရာကြီး၏ ဖခင်သည် မူလတန်း ကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်၍ ကျောင်းဆရာမျိုးရိုး ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဥပစာတန်းကိုအောင်ပြီး အသက် ၂၂ နှစ်တွင် အလယ်တန်းပြဆရာ ဖြစ်ခဲ့သည်။ ရွှေလောင်မြို့ အစိုးရအထက်တန်းကျောင်းတွင်ဖြစ်ပြီး ၁၉၅၁ မှ ၁၉၅၅ အထိတွင် အထက်တန်းပြဆရာလည်း ဖြစ်ခဲ့သည်။ ဆက်လက်၍ ထုံးဘိုမြို့ အစိုးရအထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးဖြစ်ခဲ့သည်။ ထိုကာလတွေအတွင်း ဆရာသည် ပညာရေးမဟာဌာနမှ ဘီအေ (အီးဒီ) ဘွဲ့ရခဲ့သည်။ ထို့နောက် ဘီ၊ အီးဒီဘွဲ့ ရခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုသို့ ပညာတော်သင်စေလွှတ်ခံရပြီး မော်စကိုတက္ကသိုလ်မှ ပါရဂူဘွဲ့ကိုလည်း ရရှိခဲ့သည်။

ကျွန်တော် သတိရမိသေးသည်။

၁၉၈၈ ခုနှစ်တွင် လူရည်ချွန်စီမံကိန်း အစီအစဉ်များ ဆောင်ရွက်ရန် ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကို ပြည်လမ်းရှိ ပညာရေးသုတေသနအဖွဲ့ရုံးတွင် ကျင်းပရန် ဖိတ်ကြားထားခဲ့သည်။ ထိုကာလတွင် အရေးအခင်းက စနေပြီဖြစ်၍ ထိုနေ့တွင် လမ်းပေါ်ကားတွေက မထွက်၊ ရုံးဌာနကားများလည်း သွားလာ၍မရတော့။ ဤသို့ဖြင့် အစည်းအဝေး ပျက်တော့မလား၊ ရွှေ့ဆိုင်းရတော့မလားဟု ဝန်ထမ်းများက ဝေခွဲနေကြသည်။ ညွှန်ကြားရေးမှူးချုပ် ဆရာကြီး ဒေါက်တာရဲအောင်က ကမ်းနားလမ်း ခြောက်ထပ်ရုံးကနေ လာရမည်ဖြစ်သည်။ အစည်းအဝေး ပျက်တော့မှာလား။

အစည်းအဝေး မပျက်ပါ။ ဆရာကြီး ဒေါက်တာရဲအောင်နှင့် အတွင်းရေးမှူး ဆရာကြီးဦးညွန့်ရင်တို့သည် ကမ်းနားလမ်း ခြောက်ထပ်ရုံးမှ ပြည်လမ်းသုတေသနရုံးသို့ ကုန်းကြောင်း ခြေကျင်လျှောက်ကာ ရောက်လာကြသဖြင့် အစည်းအဝေး ကျင်းပဖြစ်ခဲ့ပါသည်။ ထိုနှစ် လူရည်ချွန်စီမံကိန်းသည်လည်း မရပ်ဆိုင်းမီ နောက်ဆုံးနှစ်အဖြစ် စခန်းများ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ထိုနှစ်က သုံးကြိမ်နှင့်အထက် လူရည်ချွန်မောင်မယ်များသည် ပုပ္ပားတောင်ကလပ်တွင် စခန်းဖွင့်လှစ်ပြီး နယ်လှည့်လေ့လာသည့် စခန်းအစီအစဉ်ဖြစ်ရာ ဆရာကြီး ဒေါက်တာရဲအောင်သည် စခန်းဖွင့်ရာ ပုပ္ပားသို့ရောက်ခဲ့သေးပြီး လူရည်ချွန်များနှင့်အတူ လေ့လာရေးခရီးတချို့သို့ လိုက်ပါခဲ့ပါသေးသည်။

ဆရာကြီးသည် ပါရဂူဘွဲ့ရရှိပြီးနောက် ပညာရေးတက္ကသိုလ်တွင် လက်ထောက်ကထိက ဖြစ်ခဲ့သည်။ ယင်းနောက် ပညာရေးသုတေသနဗျူရိုတွင် သုတေသနအရာရှိ၊ အကြီးတန်း သူတေသနအရာရှိ၊ ယာယီဥက္ကဋ္ဌ တွဲဖက်ထမ်းဆောင်ရသည့် ပညာရေးတက္ကသိုလ်တွင် ပါမောက္ခချုပ် ထမ်းဆောင်ခဲ့ရပြန်သည်။ ၁၉၈၇ မှ ၁၉၈၉ အထိ အခြေခံပညာ ညွှန်ကြားရေးမှူးချုပ်ဖြစ်ကာ ထိုရာထူးမှ အငြိမ်းစားယူခဲ့ပါသည်။ ဘီအေအီးဒီမှ ပါရဂူဘွဲ့သို့တိုင် ဆရာကြီး ဆည်းပူးရယူခဲ့သည်မှာ လုပ်ခွင်တွင်းမှ ဖြစ်လေသည်။

ဆရာကြီးသည် လက်ထောက်ကထိကအဖြစ် သင်ကြားပို့ချစဉ် ပါချုပ်ဒုတိယဗိုလ်မှူးကြီး စံမြင့်က တာဝန်ပေးသဖြင့် ထိုစဉ်က ထွက်ရှိခဲ့ဘူးသော ‘ ပညာလောက’  စာစောင်တွင် စာများရေးသားခဲ့သည်။

၂၀၁၂ ခုနှစ် ပညာတန်ဆောင် နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် ‘ဆု’ စာပေတိုက်မှ ‘ ပညာရိပ်’ စာစဉ်မှာ ဆရာကြီးဒေါက်တာရဲအောင် ရေးသားခဲ့သော ဆောင်းပါးများကို စုစည်းပုံနှိပ်ထုတ်ဝေသည့် ‘ ဆရာဆိုတာ’ အမည်နှင့် စာအုပ်ဖြစ်ပါသည်။

ကျောင်းဆရာဟူသည် စာသင်ကြသည်။ ကျောင်းအုပ်ဖြစ်သောအခါ ကျောင်းကို စီမံခန့်ခွဲအုပ်ချုပ်သည်။ အောက်သက်ကျေလျက် ကျောင်းဆရာစိတ် ရှိလွန်းသူဖြစ်ကာ ရာထူးမြင့်၍ တာဝန်များသော်ငြား စာများ ရေးသားကာ မျှဝေခဲ့သည်။ သူသည် ရွှေတောင်မြို့ တန်းမြင့်ကျောင်းတွင် မမျှော်မှန်းမိ မရည်ရွယ်ထားပါသော်လည်း ဆရာဖြစ်ခဲ့ရသည်။ ထိုအခါ ထိုကျောင်းမှာ တာဝန်ထမ်းနေကြသော ဆရာများထံမှ ‘ ဆရာဖြစ် အကြိုသင်တန်း’ ရခဲ့သည်ဟု ထိုစာအုပ်ခေါင်းစီး ‘ ဆရာဆိုတာ’ ဆောင်းပါးတွင် ပြောပြထားခဲ့ပါသည်။

ဆရာ ဦးလူကလေးသည် သူ့ဖခင်နှင့်အတူ ရွှေတောင်အမျိုးသား အထက်တန်းကျောင်းတွင် လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ကြသည်။ ပုဂ္ဂိုလ်ချင်း ရင်းနှီးခင်မင်သည်။ ထိုဆရာ ဦးလူကလေးက အားတက်သရောရှိ၍လည်း သူသည် ကျောင်းဆရာဘဝသို့ ရောက်ရသည်။

ဆရာဦးလူကလေးသည် စိတ်ရှည်သူ၊ သည်းခံတတ်သူ၊ လက်ရေးလက်သား လှပသေသပ်သူ။ ထိုစဉ်ကာလများက ကျောင်းတိုင်းတွင် ကျောင်းစာရေးရာထူး ခန့်ထားရန် မရတတ်သဖြင့် ထိုကျောင်းတွင်လည်း ကျောင်းအုပ်ကြီးက ဆရာဦးလူကလေးအား ကျောင်းရုံးလုပ်ငန်းများကို ကြီးကြပ်လုပ်ကိုင်စေခဲ့သည်။ ဆရာကြီး ဒေါက်တာရဲအောင်က ဆရာဦးလူကလေးထံမှ ပထမဆုံး ရရှိခဲ့သော ‘ ညွှန်ကြားချက်’ မှာ ရှပ်အကျႌဖြူလည်ကတုံးနှင့် တိုက်ပုံဝတ်ဆင်ဖို့ဖြစ်လေသည်။ ပထမအစ၌ သူ့မှာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်ဟု ဆိုပါသည်။ နောင်တွင် ကော်လံပါသော ရှပ်အကျႌနှင့် တိုက်ပုံကို ဘယ်အခါမှ တွဲမဝတ်တော့ပါဟု ဆိုသည်။

“ ဆရာဆိုတာ ဆရာနဲ့ တူရတယ်။ ကော်လံမပါတဲ့ ရှပ်အကျႌပေါ်မှာ တိုက်ပုံ အကျႌထပ်ဝတ်။ ပြီးတော့ ကျောင်းစိမ်း (ထိုစဉ်က ရွှေတောင်ကျောင်း၌ ဆရာကျောင်းသားအားလုံး ထိုသို့ ဝတ်ကြရသည်) ကို ဝတ်လိုက်ရုံနဲ့ ဆရာဆိုပြီး ယူဆလို့မရသေးဘူး။ တောက တက်လာတဲ့ ပွဲစားလည်း ဒီလိုပဲဝတ်တတ်တယ်။ နိုင်ငံရေးသမားလည်း ဒီလိုပဲ ဝတ်တယ်။ ကုန်ကုန်ပြောမယ်။ အညာကဆင်းလာတဲ့ ဆီသည်တောင် ကော်လံအကျႌပေါ် တိုက်ပုံထပ်ဝတ်တယ်။ ဒီတော့ ငါတို့ဆရာတွေက လူကြီးလူကောင်းပုံစံဝင်တဲ့ လည်ကတုံး ကော်လံမပါတဲ့ ရှပ်အကျႌနဲ့ ကွဲပြားအောင် ဝတ်ကြရတယ်။ မင်း အဲဒါကိုသဘောပေါက်။ အဲဒါ ဝတ်တိုင်းလည်း ငါဟာ ဆရာဖြစ်နေပါပေါ့လားလို့ တစိမ့်စိမ့် သတိရနေပေတော့”

ဆရာဦးလူကလေး၏ သြဝါဒဖြစ်သည်။ ထိုအခါ လယ်/ပြဆရာလေး ဦးရဲအောင်က စက်ဆိုင်တွင် “ အကျႌအပ်ထားဆဲမို့ပါ” ဟု တောင်းပန်ပြောဆိုခဲ့ရသည်။ ဤသို့ဖြင့် သူသည် မြန်မာကျောင်းဆရာဝတ်ဆင်ပုံကို အစဉ်တစိုက် ဝတ်ဆင်လာခဲ့တော့သည်။ ရှေးရှေးအခါများကတော့ ဆရာဝါရှိသူက ငယ်သူလုပ်ဖော်ကိုင်ဖက်တို့ကို ထိုသို့နှယ်ပင် ဆရာစိတ်နှင့် အဝတ်အစားကိုပင် ဝတ်တတ်ဖို့ မွေ့ထုံစေခဲ့ကြသည်။ ခုခေတ်၌မူ “ ရှေးရိုးကြီးပဲ၊ တင်စီးပြီး ဆရာလာလုပ်နေတယ်၊ ကျောတာပဲ” ဟု မှတ်ကြမလား မဆိုနိုင်ပေ။

‘ ဆရာဆိုတာ’ စာအုပ်မှာ ဆရာကြီး ဒေါက်တာရဲအောင်၏ ဆောင်းပါး (၁၇) ပုဒ် ဖြစ်ရာ ခေါင်းစီးများကို ဖော်ပြချင်ပါသည်။

-ဆရာတွေ စကားများများပြောဖို့ ကြိုးစားကြပါ

-ဆရာတွေ စကားပြောတတ်ဖို့ ကြိုးစားပါ

-ဆရာတွေ စိတ်ခွဲပညာတတ်ဖို့ ကြိုးစားကြပါ

-ဆရာတွေ မရှက်ရမှာကို မရှက်တတ်ဖို့ ကြိုးစားကြပါ

-ဆရာတွေ အလွယ်တကူစိတ်မဆိုးဖို့ ကြိုးစားကြပါ

-ဆရာတွေ ပြစ်မှုနှင့် ပြစ်ဒဏ် ဆီလျော်အောင် ပေးတတ်ဖို့ ကြိုးစားကြပါ

-ဆရာတွေ ဆုပေးဖြစ်ဖို့ ကြိုးစားကြပါ

-ဆရာတွေ တပည့်များကို သနားကြင်နာတတ်ဖို့ ကြိုးစားကြပါ

-ဆရာတွေ တပည့်တွေအကြောင်းသိဖို့ ကြိုးစားကြပါ

-ဆရာတွေ တတ်နိုင်သမျှ တပည့်တွေကို သိထားဖို့ ကြိုးစားကြပါ

-ဆရာတွေ မိမိတပည့်တွေက အထင်ကြီး လေးစားစေဖို့ ကြိုးစားကြပါ

-ဆရာတွေ ဦးတည်ချက်ရှိရှိ၊ အဓိပ္ပာယ်ရှိရှိ အလုပ်လုပ်တတ်ဖို့ ကြိုးစားကြပါ

-ဆရာဟူသည် ဓားသွေးကျောက်လော ...

-နာသုံးနာနှင့် ပတ်သက်၍ ...

ဤခေါင်းစီးများဖြင့် ထိုစာများကို ဖတ်ရှုမိကြလျှင် အတွေ့အကြုံရင့်ကျက်ကြွယ်ဝ ပြီးသော ဆရာ/ပညာရှင်တစ်ဦး၏ ကြောင်းကျိုးဆင်ခြင်မှုဖြင့် ပေးထားသော “ စံ” များကို တွေ့မြင်ရရှိကြမည်ဟု ထင်မိပါသည်။ နောက်ဆုံးနှစ်ပုဒ်မှအပ ကျန်ဆောင်းပါးတို့မှာ “ ကြိုးစားကြပါ” ဟုချည်း တိုက်တွန်းအားပေး ထားပါသည်။ ကျောင်းဆရာ ဆရာမ လုပ်ကြမည့် အငယ်ကလေးများကလည်း အပိုဖတ်စာအဖြစ် ဖတ်ရှုလေ့လာဆည်းပူးသင့်သည့် ဆရာဖြစ်လာခဲ့ကြသူ ‘ အကြီး’ များလည်း ကိုယ့်ကိုယ်ကိုယ် ပေတံလို ပြန်တိုင်းတာနိုင်ကြပါသည်။

တကယ်ဆိုပါလျှင် ထိုစာအုပ်မျိုးကို ပညာရေးကောလိပ်တို့အတွက် အပိုပြဋ္ဌာန်း စာအုပ်အဖြစ်ပင် ပြဋ္ဌာန်းထားသင့်သည်ဟု မြင်ပါသည်။

စာအုပ်သည် ၂၀၁၂ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့ပြီး ထုံးစံအတိုင်းလည်း အုပ်ရေ စောင်ရေက နည်းနည်းမျှသာဖြစ်ပေရာ ယခုဆိုလျှင် ရှားပါးစာအုပ်ဟု ဆိုရတော့မည်။

ပညာရေးသမား ပုဂ္ဂိုလ်ကျော်တို့ ပေါ်ပေါက်တတ်ခဲ့လေ့ရှိပြီး ထိုပုဂ္ဂိုလ်တို့ကလည်း ဆင့်ကမ်းမျှဝေခဲ့ကြသော ဘဝနှင့်ယှဉ်ကာ သိမှတ်ဆင်ခြင်စရာများ ရှိခဲ့ငြားလည်း ထုံးစံအတိုင်း အစဉ်တစိုက်ပင် မလေ့မလာ မေ့လျော့ပစ်ထားတတ်ကြလေသလားဟု ထင်မိ၍ တင်ပြရပါသည်။

 

Most Read

Most Recent