၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD နှင့် USDP ကဲ့သို့ ပါတီကြီးများကို ဓနအင်အားအရ မယှဉ်သာ၍ အမျိုးသားရေး ခေါင်းစဉ်ဖြင့် စည်းရုံးယှဉ်ပြိုင်မည်ဟု ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းထားသည့် နိုင်ငံရေးပါတီဖြစ်ပြီး ဖလုံ- စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပါတီဝင်အချို့လည်း ပါဝင်သည်ဟု သိရသည်။
“ ကျွန်တော်တို့ကတော့ ပြောရမယ်ဆိုရင် ဓနအင်အားကတော့ သူတို့ကိုဘယ်လိုမှ မမီနိုင်ဘူးလေ။ မမီနိုင်တဲ့အတွက် လူမျိုးရေးအရ ကျွန်တော်တို့က တိုင်းရင်းသားပါတီဖြစ်တယ်။ တိုင်းရင်းသားပါတီတွေကို မဲပေးကြပါ။ အဲဒီအပေါ်မှာပဲ ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်ဖို့ ရှိပါတယ်။ အမျိုးသားရေးခေါင်းစဉ်နဲ့ ကျွန်တော်တို့ စည်းရုံးဆောင်ရွက်ပြီးတော့ ပါတီကြီးတွေကိုယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်” ဟု မန်းအောင်ပြည်စိုးက ပြောကြားသည်။
လက်ရှိတွင် ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်အရည်အချင်းနှင့် စည်းကမ်းသတ်မှတ်ချက်များရေးဆွဲ၍ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးလုပ်ငန်းစဉ်များ စတင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ကရင်ပါတီများပူးပေါင်း၍ တည်ထောင်မှု နှစ်နှစ်ခန့်သာ ရှိသေးသောကြောင့် လက်ရှိတွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင်် ပါတီရုံးခွဲနှင့် စည်းရုံးရေးကော်မတီများ ဖွဲ့စည်းရန် ကျန်ရှိနေသည်ဟု ၎င်းက ဆိုသည်။
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီအနေဖြင့် ပါတီမှတ်ပုံတင်ကို ပြည်ထောင်စု တစ်ဝန်းလျှောက်ထားခြင်းဖြစ်ရာ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အပြင် အခြားဒေသများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။
ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့်ကို ၂၀၁၇ ခုနှစ် သြဂုတ်တွင်် စတင်လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ရရှိခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်အများစုကို NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အနိုင်ရခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကရင်ပြည်သူ့ပါတီမှ ကိုယ်စားလှယ် အနည်းငယ် အနိုင်ရခဲ့သည်။