ကျွမ်းကျင်လုပ်သား၊ ချေးငွေနှင့်မြေယာရရှိမှု၊ စီးပွားရေးလုပ်သာကိုင်သာရှိစေရန် အားပေးသည့်မူဝါဒနှင့် ဥပဒေစိုးမိုးမှုတို့တွင် အားနည်းနေခြင်းကြောင့် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်ရန် ခက်ခဲလျက်ရှိနေဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ

ကျွမ်းကျင်လုပ်သား၊ ချေးငွေနှင့်မြေယာရရှိမှု၊ စီးပွားရေးလုပ်သာကိုင်သာရှိစေရန် အားပေးသည့်မူဝါဒနှင့် ဥပဒေစိုးမိုးမှုတို့တွင် အားနည်းနေခြင်းကြောင့် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်ရန် ခက်ခဲလျက်ရှိနေဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ
 မြောင်းတကာစက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
မြောင်းတကာစက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 16 January 2020
ဇေယျာငြိမ်း

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ကျွမ်းကျင်လုပ်သား၊ ချေးငွေနှင့် မြေယာရရှိမှု၊ သယ်ယူပို့ဆောင်ရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်သာကိုင်သာရှိစေရန် အားပေးသည့်မူဝါဒနှင့် ဥပဒေစိုးမိုးမှု စသည်တို့တွင် အားနည်းလျက်ရှိနေသောကြောင့် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်အောင်မြင် နိုင်ရန်ခက်ခဲလျက်ရှိကြောင်း ဇန်နဝါရီ ၁၅ ရက်က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် မိတ်ဆက်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ “မြန်မာ့စီးပွားရေးလေ့လာမှု အစီရင်ခံစာအနှစ်ချုပ်” တွင် ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်သည့် စီးပွားရေးလုပ်ငန်းများ လုပ်သာကိုင်သာရှိမှုအညွှန်းကိန်းတွင် လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း ဖော်ပြခဲ့သည်။

သို့သော် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ချေးငွေရရှိမှု၊ မြေယာရရှိမှု၊ ကျွမ်းကျင်လုပ်သားရရှိမှုနှင့် ပိုမိုကောင်းမွန်သည့် လုပ်ငန်းအချိတ်အဆက်နှင့် သယ်ယူပို့ဆောင်ဆက်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်သာကိုင်သာရှိစေရန် အားပေးသည့် မူဝါဒနှင့် ဥပဒေစိုးမိုမှုဝန်းကျင်စသည်တို့တွင် အားနည်းလျက်ရှိခြင်းကြောင့် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်အောင်မြင်နိုင်ရန် ခက်ခဲလျက်ရှိသည်ဟု ဖော်ပြထားသည်။

အဆိုပါအစီရင်ခံစာတွင် ပုဂ္ဂလိကကဏ္ဍကဦးဆောင်သည့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများအား အကြံပြုထားသည်။ ယင်းအကြံပြုချက်များမှာ စျေးကွက်ချဲ့ထွင်မှုကိုအားပေးရန်၊ တိုင်းပြည်၏ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ ခွဲဝေသုံးချနိုင်မှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် စီးပွားရေးကဏ္ဍတွင် ပါဝင်သူနေများ၏ စွမ်းဆောင်ရည်အား မြှင့်တင်ပေးရန်တို့ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာဆိုသည်မှာ မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အလားအလာများနှင့် မူဝါဒရေးရာ အကြံပြုချက်များကို ကမ္ဘာ့ဘဏ်အုပ်စုက ပုံမှန်ဆောင်ရွက်သည့် စီးပွားရေးစောင့်ကြည့်မှုနှင့် မူဝါဒရေးရာဆွေးနွေးမှုများမှ ရရှိထားခြင်းဖြစ်ပြီး တစ်နှစ်လျှင်နှစ်ကြိမ် ထုတ်ဝေသည့် အစီရင်ခံစာဖြစ်သည်။

ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအခြေအနေများမှာ အားရစရာမကောင်းသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးမှာ အားကောင်းလာရန်ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော်လည်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ၏ ကုန်ထုတ်စွမ်းအားနည်းပါးခြင်း၊ အဖွဲ့အစည်းဆိုင်ရာ အခက်အခဲများရှိနေခြင်းက ရင်းနှီးမြှုပ်နှံသူများ၏ သဘောထားအမြင်အပေါ် သက်ရောက်မှုရှိပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းများ ချမှတ်နိုင်ရန်နှင့် စီးပွားရေးဆောင်ရွက်ချက်ကောင်းများအား ဆက်လက်ထိန်းသိမ်းထား နိုင်ရန်အတွက် အရေးတကြီးဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ဘဏ်၏ ဌာနေကိုယ်စားလှယ် (ယာယီ)ဖြစ် သူ Gevorg Sargsyan က ပြောကြားသည်။

“ဆောင်ရွက်ရမယ့်ကိစ္စရပ်များမှာ ပဋိပက္ခများအား အဆုံးသတ်ရန်၊ လူမှုပါဝင်မှု အားကောင်းအောင် ဆောင်ရွက်ရန်၊ တာဝန်ယူမှုရှိသည့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍတစ်ရပ် ဖြစ်ထွန်းစေရန် အားပေးရမှာဖြစ်ပါတယ်” ဟု Gevorg Sargsyan က ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးမှုနှင့် ကုန်သွယ်ရေးတင်းမာမှုများ စသည့် ပြင်ပမှ ဖိအားနှင့် စိန်ခေါ်မှုအန္တရာယ်များသည် မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှုများရှိနိုင်သည်ဟုလည်း ဖော်ပြထားသည်။

ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဖော်ဆောင်သွားရန်ရှိသည့် အစိုးရ၏ အခြေခံအဆောက်အအုံစီမံကိန်းများကြောင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း “မြန်မာ့စီးပွားရေးလေ့လာမှု အစီရင်ခံစာအနှစ်ချုပ်” တွင် ဖော်ပြထားသည်။