ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွင် အားလုံးဝိုင်းဝန်းဆွေးနွေးပြီး မဲခွဲခြင်းကို လိုချင်သည့်အတွက် ပူးပေါင်းကော်မတီအစည်းအဝေး မတက်ရောက်ခြင်းဖြစ်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ပြောကြား

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွင် အားလုံးဝိုင်းဝန်းဆွေးနွေးပြီး မဲခွဲခြင်းကို လိုချင်သည့်အတွက် ပူးပေါင်းကော်မတီအစည်းအဝေး မတက်ရောက်ခြင်းဖြစ်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ပြောကြား
Published 14 January 2020
အောင်မင်းသိန်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စများကို လုပ်ဆောင်ရာတွင် ကော်မတီဝင်အားလုံး တက်ရောက်ပြီး ဆွေးနွေးမဲခွဲခြင်းကို လိုချင်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ပူးပေါင်းကော်မတီ၏ အစည်းအဝေး မတက်ခြင်းဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။

ဇန်နဝါရီ ၁၄ ရက်က ပြည်ထောင်စုလွှတ်တော် (D) ဆောင်တွင် ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး (၂/၂၀၂၀) သို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မတက်ရောက်ခြင်းနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင်တွေအနေနဲ့ မနေ့ကလည်း ဒီအစည်းအဝေးကိုပေါ့၊ မတက်ခဲ့ဘူး။ မတက်ရခြင်းအကြောင်းက ဘာကြောင့်လဲလို့ ဆိုလို့ရှိရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ဒါဟာ Finishing လို့ ပြောလို့ရတာပေါ့။ နောက်ဆုံးပုံစံ၊ နောက်ဆုံး Level လောက်မှ ဖျက်ရတော့မယ့် အနေအထား ဖြစ်နေတာပေါ့။ အဲဒီတော့ အဲဒီလိုအနေအထားမှာ ဒီမှာ ဘာသွားတွေ့လဲဆိုတော့ တိုင်းရင်းသား ပါတီငယ်တွေပေါ့၊ အဲဒီပါတီငယ်တွေကနေ၊ တိုင်းရင်းသားပါတီတွေကနေ ကော်မတီဝင် ၁၀ ယောက်လောက်က ခွင့်ယူထားတယ်။ ဒီမှာ လူစုံတက်စုံ မရှိဘူး။ တက်တဲ့အဖွဲ့တွေ ပြန်ကြည့်လိုက်တဲ့ အခါမှာလည်း အနိုင်ရ NLD ပါတီနဲ့ တို့တွေနဲ့ပဲရှိပြီးတော့မှ ဆုံးဖြတ်၊ ဆွေးနွေး၊ မဲခွဲရမယ့်ပုံစံ ဖြစ်နေတာပေါ့။ အဲဒီလိုမျိုးဖြစ်နေတဲ့ဟာကိုတော့ ငါတို့ကတော့ လက်မခံနိုင်ဘူး။ ဘာလို့လက်မခံနိုင်လဲဆိုတော့ ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေကို လုပ်တဲ့အခါမှာ လူစုံတက်စုံနဲ့ ပြည့်ပြည့်စုံစုံနဲ့ ၀ိုင်းဝန်းပြီး ဆွေးနွေးပြီး မဲခွဲတာမျိုးကို လိုချင်လို့ မတက်ရောက်ခြင်း ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ပြောကြားသည်။

ဇန်နဝါရီ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော် (D) ဆောင်တွင် ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး (၁/၂၀၂၀)၊ ဇန်နဝါရီ ၁၄ ရက်က ပြည်ထောင်စုလွှတ်တော် (D) ဆောင်တွင် ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၂/၂၀၂၀) များသို့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ ကော်မတီဝင်များ တက်ရောက်ခဲ့ခြင်း မရှိခဲ့ပေ။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)  ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက “ဘာဖြစ်လို့လဲ ဆိုတဲ့အခါကျတော့ ဒီဟာက Time Schedule က တောက်လျှောက်ကို ရှိနေတာလေ။ ကျွန်တော်တို့အနေနဲ့ကကျတော့ လွှတ်တော်မစတင်မီ ၁၀ ရက်၊ နောက်ပြီးတဲ့အခါကျတော့ လွှတ်တော်ပိတ်ပြီး ၁၀ ရက်ဆိုတဲ့ အခြေအနေတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ၁၄ ကြိမ်မြောက် အစည်းအဝေး ပြီးသွားတဲ့အခါမှာ လွှတ်တော် ပြီးဆုံးသွားပြီတဲ့။ ၁၀ ရက်မှာ အစည်းအဝေးလုပ်ခွင့် မရခဲ့ပါဘူး။ ဘာလို့လဲ ဆိုတဲ့အခါကျတော့ နှစ်သစ်ကူး ရုံးပိတ်ရက်တို့၊ လွတ်လပ်ရေးအစားထိုးရုံး ပိတ်ရက်တို့၊ ကရင်နှစ်သစ်ကူးတို့၊ ဒါမျိုး ရုံးပိတ်ရက်တွေ အများကြီးနဲ့ တိုက်ဆိုင်နေတဲ့အတွက်ကြောင့်မိုလို့ ဒါကဖောက်ထွက်ပြီးတော့ လုပ်တာမဟုတ်ပါဘူး။ တောက်လျှောက်လုပ်ခဲ့တဲ့ အစီအစဉ်အတိုင်း လုပ်တာသာလျှင် ဖြစ်ပါတယ်။ အခုဟာ (၂/ ၂၀၂၀) ဆိုတော့ ဟိုဘက် ၂၀၁၉ ထဲမှာ ၇၁ ကြိမ်လုပ်ပြီးပြီ။ အခုဟာက ဒီနေ့ဆိုရင် ၇၃ ကြိမ်မြောက် အစည်းအဝေးပေါ့။ ၂၀ ရက်နေ့မှာဆိုရင် ၇၄ ကြိမ်မြောက် အစည်းအဝေး ဖြစ်မယ်။ ဒါတွေအကုန်လုံးက တောက်လျှောက် ပုံမှန်ဆွဲထားတဲ့ လွှတ်တော်ကလည်း လွှတ်တော်ရဲ့ ပြက္ခဒိန်ဆိုတာလည်း ကြိုပြီး ဝေထားပြီး ဖြစ်ပါတယ်။ အားလုံး အစီအစဉ်တကျပဲ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး (၁/၂၀၂၀)သို့ မတက်ရောက်နိုင်ခြင်းသည် ခရီးစဉ်အချိန်မီ မရောက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ကော်မတီ၏ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်းကို လက်ခံပြီးသား ဖြစ်သည့်အတွက် မည်သည့်အခက်အခဲမျှ မရှိကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီကိုယ်စားပြု ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၀) မှ ပူးပေါင်းကော်မတီဝင် ဦးမိုင်းအုဏ်းခိုင်က ပြောကြားသည်။

Most Read

Most Recent