ရှီကျင့်ဖျင်ခရီးစဉ်၊ ပလက်တီနမ်ရတုနှင့် စိန်ခေါ်ချက်များ

ရှီကျင့်ဖျင်ခရီးစဉ်၊ ပလက်တီနမ်ရတုနှင့် စိန်ခေါ်ချက်များ
၂၀၁၉ ခုနှစ် ဧပြီ ၂၄ ရက်က ပေကျင်းမြို့တွင် Belt and Road ဖိုရမ်မတိုင်မီ ရှီကျင့်ဖျင် (ယာ)နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်
၂၀၁၉ ခုနှစ် ဧပြီ ၂၄ ရက်က ပေကျင်းမြို့တွင် Belt and Road ဖိုရမ်မတိုင်မီ ရှီကျင့်ဖျင် (ယာ)နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်
Published 14 January 2020
ဒေါက်တာရန်မျိုးသိမ်း

 

ပေကျင်းနှင့် နေပြည်တော်သံခင်းတမန်ခင်းသည် ၂၀၂၀ ပြည့်နှစ် နှစ်လယ်တွင် ပလက်တီနမ်ရတု တိုင်တော့မည်ဖြစ်သည်။ အတက်အကျများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများသည် သံခင်းတမန်ခင်းတွင် ဖြစ်ရိုးဖြစ်စဉ်များဟု ဆိုသော်ငြား အိမ်နီးချင်း ပေါက်ဖော်ကြီးနှင့် ဆက်ဆံရေးကို ဗျူဟာမြောက် လေ့လာစောင့်ကြည့်၊ တည့်မတ်ထိန်းကျောင်းနိုင်ရန် လိုအပ်နေဆဲဖြစ်သည်။ နေပြည်တော်အနေဖြင့် ပေကျင်းအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဗျူဟာမြောက်ဆက်ဆံ၍ ကွဲပြားသော နည်းနာများအပေါ်အခြေပြုပြီး ခေတ်ပြိုင်သံခင်းတမန်ခင်းကို ပုံဖော်နိုင်မှသာ ဒီမိုကရေစီခရီးရှည်တွင် အကျပ်အတည်းတို့က လျော့သထက် လျော့လာမည်ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံသမ္မတဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့  ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ ချစ်ကြည်ရေး အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ Hua Chunying က ၂၀၂၀ ပြည့် နှစ် ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီအထွေ ထွေအတွင်းရေးမှူး၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌနှင့် သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံး နိုင်ငံခြားချစ်ကြည်ရေးဖြစ်ပြီး ဒုတိယမြောက် မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်င ံသမ္မတ ရှီကျင့်ဖျင် ချစ်ကြည်ရေး အလည်အပတ်ခရီး လာရောက်သည့် နဝမမြောက် အာဆီယံနိုင်ငံ ဖြစ်လာမည်ဖြစ်သည်။ ရှီကျင့်ဖျင်သည် ၂၀၁၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံ၊ ၂၀၁၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၁၆ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ၂၀၁၇ ခုနှစ်တွင် လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ၊ ၂၀၁၈ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့ကို ချစ်ကြည်ရေးအလည်အပတ်ခရီး သွားရောက်ခဲ့သည်။ ပေကျင်းသည် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်၊ သမုဒ္ဒရာနှစ်စင်းမူဝါဒ၊ အနောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးမဟာဗျူဟာ၊ အိမ်နီးချင်းကောင်းမူဝါဒတို့နှင့် ထုံမွှမ်းထားပြီး ခေတ်ပြိုင်သံခင်းတမန်ခင်းတွင် ဗျူဟာမြောက် သော့ချက်ကျလင့်ကစား နေပြည်တော်အနေဖြင့် ပေကျင်းအပေါ် ပိုမိုအားကိုးအားထားပြုနေရသည့်အလျောက် သမ္မတရှီကျင့်ဖျင်၏ ချစ်ကြည်ရေးခရီးစဉ် နောက်ကျခဲ့ရခြင်းသည် ဖြစ်နိုင်ခြေများထဲမှ တစ်ခုဖြစ်နိုင်သည်။

၁၉၅၀ ပြည့်နှစ် ဇွန် ၈ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံခင်းတမန်ခင်းအစပြုခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ်သည် ပေါက်ဖော်သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့်နှစ်ဖြစ်သည်။ သမ္မတရှီကျင့်ဖျင်၏ ချစ်ကြည်ရေးခရီးစဉ်သည် ပလက်တီနမ်ရတုသံခင်းတမန်ခင်းကို အထိမ်းအမှတ် ပြုလျက်ရှိသည်။ ပေကျင်းနှင့် နေပြည်တော်သံခင်းတမန်ခင်းသည် ၂၀၂၀ ပြည့်နှစ်နှစ် ဆန်းပိုင်းတွင် အစကောင်းခဲ့သဖြင့် အနှောင်းသေချာနိုင်ဖွယ်ရှိသည်။ သမ္မတရှီကျင့်ဖျင်၏ ချစ်ကြည်ရေးခရီးစဉ်အလွန် ပေါက်ဖော်သံခင်းတမန်ခင်းသည် ပြည်သူနှင့် ပြည်သူချင်းဆက်ဆံရေးအပေါ် သိသိသာသာ အခြေပြုလာနိုင်ပြီး တန်းတူရည်တူရှိမှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာရှိမှုတို့နှင့် ပိုမိုအားကောင်းမောင်းသန်လာမည်ဆိုလျှင် နေပြည်တော်သည် ပေကျင်းဘက် သိသိသာသာ ယိမ်းသွားနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

နှစ်နိုင်ငံအကြား ပြည်သူနှင့် ပြည်သူချင်း ဆက်ဆံရေး၊ ပြည်သူနှင့် ပြည်သူအကြား ယုံကြည်မှုတည်ဆောက်ရေးတို့သည် လတ်တလော စိန်ခေါ်ချက်များပင်ဖြစ်သည်။ မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူလူထုအများစုသည် တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံသားများအပေါ် ယုံကြည်မှုကျဆင်းနေသည်မှာ  စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုများ ဖော်ဆောင်ရေးတွင် အဓိကအကျပ်အတည်းပင်ဖြစ်သည်။ တရုတ်မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် ပွင့်လင်းမြင်သာမှု လျော့ရဲသည့်အလျောက် မြန်မာပြည်သူလူထုအကြား စိုးရိမ်ပူပန်မှုများကို မြင့်မားသထက်မြင့်မားစေလျက်ရှိသည်မှာ လယ်ပြင်မှာဆင်သွားသကဲ့သို့ အထင်အရှားပင်ဖြစ်သည်။ အနာသိလျှင် ဆေးရှိမည်ဖြစ်သည့်အလျောက် ပြည်သူချင်းအကြား ယုံကြည်မှုလျော့ပါးနေဆဲ အနာကို ဆောလျင်စွာ ကုစားနိုင်ရန် အဆောတလျင် လုပ်ကြကိုင်ကြရမည်ဖြစ်သည်။

ပေကျင်းနှင့် နေပြည်တော်ဆက်ဆံရေးသည် သူလည်းနိုင် ကိုယ်လည်းနိုင်ဖြစ်ရန် လိုအပ်နေဆဲဟု သုံးသပ်ရမည်ဖြစ်သည်။ နှစ်နိုင်ငံအကြား ကဏ္ဍစုံဆက်ဆံရေးတွင် တန်းတူရည်တူရှိမှုကို ပြန်လည်ထိန်းကျောင်း တည့်မတ်နိုင်ရန် အရေးကြီးမည်ဖြစ်သည်။ ပေါက်ဖော်ဆက်ဆံရေးသည် နယ်ပယ်စုံတွင် တန်းတူရည်တူရှိမှု မြင့်တက်လာပြီး သူလည်းနိုင် ကိုယ်လည်းနိုင် အသွင်ဆောင်လာမည်ဆိုပါက တိုင်းရင်းသားပြည်သူလူထုအနေဖြင့် တရုတ်နိုင်ငံနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် ယုံကြည်မှု ပိုရှိလာနိုင်သည့်အပြင် ပြည်သူနှင့် ပြည်သူချင်း ဆက်ဆံရေးကိုလည်း ပိုမိုတောက်ပြောင်လာစေ နိုင်မည်ဖြစ်သည်။ ပြည်သူနှင့် ပြည်သူချင်း ဆက်ဆံရေးသည် တရုတ်မြန်မာစီးပွားရေး စင်္ကြံလမ်းစီမံကိန်း၏ အခြေခံအုတ်မြစ် တစ်ခုဖြစ်ပြီး နှစ်နိုင်ငံပြည်သူလူထုအကြား ကောင်းမွန်သောဆက်ဆံရေးထူထောင်နိုင်ရန် ဦးတည်၊ ရည်မှန်းချက်ပြုသည်။

သမ္မတရှီကျင့်ဖျင်သည် ကောင်းမွန်သော ပြည်သူနှင့် ပြည်သူချင်း ဆက်ဆံရေးကို မျက်ခြည်မပြတ် ရှေးရှုနေသည့်အလျောက်  မြစ်ဆုံရေကာတာ၊ လက်ပံတောင်းတောင်း ကြေးနီစီမံကိန်းအပါအဝင် တရုတ် -မြန်မာ စီးပွားရေးစင်္ကြံလမ်းစီမံကိန်းများကို လေ့လာဆန်းစစ်၊ အကဲဖြတ်ရာတွင် ဒေသခံပြည်သူလူထုအသံကို အလေးအနက်ပြု၊ နားထောင်၍ သူလည်းနိုင် ကိုယ်လည်းနိုင်၊ သူမနာ ကိုယ်မနာဖြစ်ရေး တစ်ဆင့်ချင်း ချဉ်းကပ်ဖော်ဆောင် လာနိုင်မည်ဆိုလျှင် ရေရှည်အကျိုးဖြစ်ထွန်းနိုင်ရန် အလားအလာများမည်ဖြစ်သည်။ ပြည်သူလူထုကို သွေးခွဲစည်းရုံးခြင်း၊ သပ်သျှိုခြင်း၊ ကိုယ့်လူသူ့ဘက်သားမွေးခြင်းတို့သည် အမြော်အမြင်မရှိသော ချဉ်းကပ်မှုများဖြစ်သည့်အပြင် ကောင်းမွန်သောပြည်သူနှင့် ပြည်သူချင်းဆက်ဆံရေးကို ဖရိုဖရဲဖြစ်စေနိုင်သဖြင့် မဖြစ်မနေရှောင် ကြဉ်သင့်သည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာမျက်နှာစာတွင် စိန်ခေါ်မှုများ၊ အကျပ်အတည်းများမြင့်မားသထက် မြင့်မားနေချိန်၌ တရုတ်သမ္မတရှီကျင့်ဖျင်၏ ချစ်ကြည်ရေးခရီးစဉ်  ရုပ်လုံးပေါ်လာသည်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂလုံ ခြုံရေးကောင်စီတွင် ပေကျင်း၏ ဗီတိုအာဏာဖြင့် အကာအကွယ်ပေးမှုကို လိုအပ်နေဆဲဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၂၁ ရာစုပင်လုံ) တွင် ပေကျင်း၏ ကြားဝင်ပေါင်းစပ်ဆောင်ရွက်ပေးမှုကလည်း အရေးပါနေဆဲဖြစ်သည်။ ရခိုင်ပြည်နယ်အရေးနှင့် ဆက်စပ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးမှုများတွင်လည်း ပေကျင်း၏ အခန်းကဏ္ဍက သော့ချက်ကျနေသည်မှာ ငြင်းမရသော အနေအထားပင်ဖြစ်သည်။  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို မဖြစ်မနေ လိုအပ်နေဆဲ မြန်မာနိုင်ငံအဖို့ တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းသည် ဆွဲဆောင်မှုကောင်း ဖြစ်နေသည်ဟုလည်း သုံးသပ်ကြသည်။

ရှီကျင့်ဖျင်၏ ချစ်ကြည်ရေးခရီးစဉ်အလွန်ကာလတွင် ၀ါရှင်တန်အပါအဝင် အနောက်နိုင်ငံများ၊ နယူးဒေလီ၊ တိုကျို၊ ဆိုးလ်နှင့် ဟနွိုင်းတို့အနေဖြင့် နေပြည်တော်နှင့် ဆက်ဆံရေးကို ၂၀၂၀ ပြည့်နှစ်ရှုထောင့်မှ မဖြစ်မနေ ပြန်လည်ဆန်းစစ် သုံးသပ်ကြရမည်ဖြစ်သည်။ အားနည်းချက်များ၊ လိုအပ်ချက်များ၊ စိန်ခေါ်ချက်များ၊ အကျပ်အတည်းများကို ဖော်ထုတ်၍ လတ်တလောအခင်းအကျင်းတွင် အကောင်းဆုံး ချဉ်းကပ်နိုင်မည့် အလားအလာများ၊ အခွင့်အလမ်းများကို ဟန်ချက်ညီညီ ပြိုင်တူရှာဖွေ၊ ချဉ်းကပ်ဖော်ဆောင်ပြီး ပြိုင်တူတွန်းနိုင်ကြရမည်ဖြစ်သည်။ ရှီ၏ ခရီးစဉ်အလွန် နေပြည်တော်သည် ပေကျင်းဘက်သို့ သိသိသာသာ ယိမ်းသွားမည်လား စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ၀ါရှင်တန်၊ နယူးဒေလီ၊ တိုကျိုတို့၏ စည်းဝါးကိုက် အမြော်အမြင်ရှိရှိ ချဉ်းကပ်ထိန်းကျောင်းနိုင်ခြေကလည်း ဗျူဟာမြောက် သော့ချက်ကျမည်ဖြစ်သည်။

အချုပ်ဆိုသော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်၏ ချစ်ကြည်ရေးခရီးစဉ်သည် ပေါက်ဖော်ဆက်ဆံရေး ပလက်တီနမ်ရတုကို အထိမ်းအမှတ်ပြုပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် ၁၉ နှစ်နီးပါး လစ်ဟာနေဆဲ အခင်းအကျင်းတစ်ခုကို ကွက်လပ်ဖြည့်လိုက်သည့်နည်းတူ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ လူမှုရေး၊ ယဉ်ကျေးမှုအပါအဝင် နယ်ပယ်ကဏ္ဍပေါင်းစုံတွင် ပြည်သူနှင့် ပြည်သူချင်းဆက်ဆံရေး အပေါ်အခြေပြုလျက် တန်းတူရည်တူမှုရှိရှိ၊ တရားမျှတမှု ရှိ မရှိ၊ သူလည်း နိုင် ကိုယ်လည်းနိုင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး အနှစ်သာရရှိရှိ အမြော်အမြင်ရှိရှိ ဖော်ဆောင်နိုင်ရေး ဗျူဟာမြောက်ရည်မှန်းချက်ပြု၊ ရှေးရှုသင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

 

Most Read

Most Recent