၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ဖွယ်ရှိနေပြီး တပ်မတော်ဘက်က တစ်ဆို့မှုများ ဖြစ်စေသော အကြောင်းအရာများ အဆိုမတင်သွင်းပါက သဘောတူညီချက် ရနိုင်သော အလားအလာရှိနေဟု PNLO နာယက ပြောကြား

၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ဖွယ်ရှိနေပြီး တပ်မတော်ဘက်က တစ်ဆို့မှုများ ဖြစ်စေသော အကြောင်းအရာများ အဆိုမတင်သွင်းပါက သဘောတူညီချက် ရနိုင်သော အလားအလာရှိနေဟု PNLO နာယက ပြောကြား
ရန်ကုန်မြို့၌ ဇန်နဝါရီ ၁၁ ရက်မှ ၁၂ ရက်အထိ NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လုံခြုံရေးကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး ပြုလုပ်စဉ် (Photo – Myo Win Facebook)
ရန်ကုန်မြို့၌ ဇန်နဝါရီ ၁၁ ရက်မှ ၁၂ ရက်အထိ NCA ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လုံခြုံရေးကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး ပြုလုပ်စဉ် (Photo – Myo Win Facebook)
Published 13 January 2020
မင်းနိုင်စိုး

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ဖွယ်ရှိနေပြီး တပ်မတော်ဘက်က တစ်ဆို့မှုများ ဖြစ်စေသော အကြောင်းအရာများ အတင်းအကျပ် အဆိုမတင်းသွင်းပါက သဘောတူညီချက် ရနိုင်သော အလားအလာ ရှိနေကြောင်း ပအိုးဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ လုံခြုံရေးကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးနှင့် ပတ်သက်ပြီး PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးအား ယခုနှစ်ဆန်းပိုင်း လေးလအတွင်း ကျင်းပရန် ဇန်နဝါရီ ၈ ရက်တွင် ကျင်းပခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) က ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် လုံခြုံရေးကဏ္ဍအား ဆွေးနွေးနိုင်ရန် ပြင်ဆင်နေသည်ဟုလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

“ပြင်တော့ ပြင်နေကြတာပဲ။ လုံခြုံရေးကဏ္ဍမှာ တပ်မတော်ဘက်က တစ်ခုတည်းသော တပ်မတော်တွေ ဘာတွေ အတင်းအကျပ် အဆိုမတင်သွင်းဘူး ဆိုရင်တော့ တခြားဟာလေးတွေတော့ နည်းနည်းပါးပါး သဘောတူညီချက်ရနိုင်တဲ့ အလားအလာ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့အတွင်း အကြိုညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ညှိနှိုင်းမှုများမှ ရရှိလာသည့် အချက်အချို့ကို အစိုးရနှင့် တပ်မတော်ဘက်ကို တင်ပြသွားမည်ဖြစ်ကာ နောက်ဆုံးတွင် နှစ်ဖက်သဘောတူညီချက် ရရှိပါက ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် သဘောတူညီချက်များ ရရှိနိုင်သည်ဟု ၎င်းကဆိုသည်။

“ဒီတစ်ခါတော့ သဘောတူညီချက်က ထွက်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းသုံးတောင် ရောက်လာပြီးဆိုတော့ အစိတ်အပိုင်းသုံးထဲမှာ လုံခြုံရေးကဏ္ဍ ပါနိုင်ရင်တော့ ကောင်းတာပေါ့။ အနည်းဆုံးတော့ ကျွန်တော်တို့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမယ် ဆိုတာကို နှစ်ဖက်သဘောတူတာလောက် ရမယ်ဆိုရင်ကို မဆိုးဘူးပေါ့။ ပြောင်းပုံပြောင်းနည်း နည်းနာကိုတော့ ပြန်စဉ်းစားပေါ့ဗျာ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော NCA-S EAO အစုအဖွဲ့၏ လုံခြုံရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးတွင် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းကပြောကြားသည်။

“ဒီဆွေးနွေးပွဲက တခြားတော့ မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး Police Reform ပေါ့။ အဓိကကတော့ဗျာ ပြည်ထောင်စု ပေါ်လာရင် ရဲတပ်ဖွဲ့ကို ဘယ်လိုထားမလဲပေါ့။ ရဲတွေလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းနဲ့ သက်ဆိုင်တာတွေ ဆွေးနွေးကြတာပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

လက်ရှိအစိုးရ လက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးများကို ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် သုံးကြိမ်တိုင် ကျင်းပခဲ့ပြီး အဆိုပါ ညီလာခံ သုံးကြိမ်တွင် လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့ခြင်း မရှိပေ။

 

Most Read

Most Recent