တရုတ်သမ္မတ ရှီကျင်းပင် ခရီးစဉ်မတိုင်မီ တစ်ပတ်အလိုတွင် အမေရိကန်ဘီလျံနာ ဂျော့ချ်ဆိုးရော့စ်၏သားအလက်ဇန္ဒားဆိုးရော့စ် နေပြည်တော်သို့ရောက်ရှိလာ

တရုတ်သမ္မတ ရှီကျင်းပင် ခရီးစဉ်မတိုင်မီ တစ်ပတ်အလိုတွင် အမေရိကန်ဘီလျံနာ ဂျော့ချ်ဆိုးရော့စ်၏သားအလက်ဇန္ဒားဆိုးရော့စ် နေပြည်တော်သို့ရောက်ရှိလာ
ဂျော့ချ်ဆိုးရော့စ်၏သားဖြစ်သူ အလက်ဇန္ဒားဆိုးရော့စ် အလုပ်လုပ်ရန် နေပြည်တော်သို့ရောက်ရှိလာပြီး ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်တွေ့ဆုံမှုကို အလက်ဇန္ဒားဆိုးရော့စ်၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်ကိုတွေ့ရစဉ်
ဂျော့ချ်ဆိုးရော့စ်၏သားဖြစ်သူ အလက်ဇန္ဒားဆိုးရော့စ် အလုပ်လုပ်ရန် နေပြည်တော်သို့ရောက်ရှိလာပြီး ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်တွေ့ဆုံမှုကို အလက်ဇန္ဒားဆိုးရော့စ်၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်ကိုတွေ့ရစဉ်
Published 12 January 2020
ဖြိုးဝေ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ် ကြားမှုအရ ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်သမ္မတ ရှီကျင်းပင်၏ ခရီးစဉ်မတိုင်မီ တစ်ပတ်အလိုတွင် အမေရိကန်ဘီလျံနာသူဌေး ဂျော့ချ်ဆိုးရော့စ်၏သားဖြစ်သူ အလက်ဇန္ဒားဆိုးရော့စ် မြန်မာနိုင်ငံ နေပြည်တော်သို့  ကြိုတင်ရောက်ရှိနေကြောင်း သိရသည်။

၁၉ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်ခဲ့သည့် တရုတ်သမ္မတရှီကျင်းပင်၏ ခရီးစဉ်မတိုင်မီ တစ်ပတ်ခန့်အလိုတွင် ရောက်ရှိလာသည့် အလက်ဇန္ဒားဆိုးရော့စ်သည် နေပြည်တော်သို့အလုပ်လုပ်ရန် လာရောက်သည်ဟုလည်း ရေးသားထားသည်။

ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေးအပေါ် ဝင်ရောက်စွက်ဖက်နေသည်ဟု ကမ္ဘာက ရှုမြင်ခံထားရသူ ဂျော့ချ်ဆိုးရော့စ်သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် တရုတ်သမ္မတရှီကျင်းပင်သည် ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် အန္တရာယ်များသူဟု ဝေဖန် တိုက်ခိုက်ခဲ့သေးသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တရားရင်ဆိုင်ရန် မသွားရောက်မီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက် တွေ့ဆုံခဲ့ သကဲ့သို့ တရုတ်သမ္မတ ရှီကျင်းပင်၏ မြန်မာ ခရီးစဉ်မတိုင်မီ ဂျော့ချ်ဆိုးရော့စ် ၏သားဖြစ်သူ အလက်ဇန္ဒားဆိုးရော့စ် မြန်မာနိုင်ငံသို့ လာရောက် အလုပ်လုပ်ခြင်းသည့် အချိန်မှာလည်း တိုက်ဆိုင်နေသည်။

ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေးကို ဝင်၍ စွက်ဖက်နေသူဟု ပြောဆိုခံရသူ ဂျော့ချ်ဆိုး ရော့စ်သည် လက်ရှိအချိန်တွင် အသက် ၈၉ နှစ် ရှိနေပြီဖြစ်ပြီး မြန်မာ့နိုင်ငံရေးတွင်လည်း ဝင်ရောက်စွက်ဖက်နေသူဟု ဝေဖန်ခံနေရသူဖြစ်ကာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်အား သူ၏ Open Society Foundation  က ငွေကြေးထောက်ပံ့ပေးနေသည်ဟု ဖောင်ဒေးရှင်း၏ ဝက်ဘ်ဆိုတ်တွင် ဖော်ပြထားသည်။ ဂျော့ချ်ဆိုးရော့စ် ၏ သားဖြစ်သူ Alexander Soros အသက် ၃၄ နှစ်ရှိပြီဖြစ်သည်။ Open Society Foundation  သည် ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်တွင်  နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံများစွာ သုံးစွဲ၍ လူ့အခွင့်အရေး၊ ပညာရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအရေး၊ ကလေးသူငယ်အရေး ၊ ပညာရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး စသည့် ခေါင်းစဉ်များစွာဖြင့် ဝင်ရောက်လုပ်ကိုင်နေ ပြီး ၂၀၁၉ ခုနှစ်တွင်လည်း မြန်မာနိုင်ငံအပါ အဝင် အာရှပစိဖိတ်ဒေသမှ နိုင်ငံလေးခုအ တွက် ဒေါ် လာ ၅၇ ဒသမ ၆ သန်းကျော်သုံးစွဲခဲ့သည်ကို တွေ့ရသည်။

ကမ္ဘာ့နိုင်ငံများ၏ ငွေကြေးစျေးကွက်များကို ဝင်ရောက်ခြယ်လှယ်ကာ ကမောက်ကမ ဖြစ်အောင် လုပ်လေ့ရှိသူ ဂျော့ချ်ဆိုးရော့စ် သည် ၁၉၉၇ ခုနှစ် ထိုင်းနိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်းကို ဖန်တီးခဲ့သူဖြစ်ပြီး အဆိုပါ ထိုင်းဘတ်ငွေအပေါ် ခြယ်လှယ်ခဲ့မှုကြောင့် ထိုင်းလုပ်ငန်းရှင်အချို့ စီးပွားပျက် ခြင်း၊ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းများကို ဖြစ်စေအောင် ဖန်တီးခဲ့သူဟု ယူဆထားခြင်း ခံရသူ ဖြစ်သည်။ အလားတူပင် မြန်မာနိုင်ငံ က ပါဝင်မည်ဟု ပြောကြားထားသည့်တရုတ်နိုင်ငံ၏ Belt and Road Initiative ကိုနှောင့်နှေးစေရန် ရခိုင်ပြည်နယ်ဘက်တွင် မီးမွှေးနေသူဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။

“ကျွန်တော်ကတော့ ပြောရင် Personal ပါသွားမှာစိုးလို့။ ဒါသည် စီးပွားရေးနဲ့ဆိုင်တယ်။ သူကထိုင်းမှာလည်း ပြီးခဲ့တဲ့ ကျွန်တော်ထင်တယ်။ ၁၉၉၃၊ ၁၉၉၄ လောက်တုန်းက ငွေရေးကြေးရေး ကစားပြီးတော့ လုပ်ငန်းရှင်တော်တော်များများ ဒုက္ခရောက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့သူတွေ။ ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေ အများကြီးဒုက္ခပေးဖူးတယ်။ နောက်တစ်ခု သူ့ရဲ့ ရည်ရွယ်ချက် ကျွန်တော်ထင်တာပေါ့နော်။ ကမ္ဘာမှာ တရုတ်စီးပွားရေးက အရမ်းတက်နေတယ်။ GDP အရမ်းတက် လာတယ်။ သူကလည်း ငွေရေးကြေးရေး စီးပွားရေးလုပ်တယ်။ သူသည် မြန်မာပြည်မှာ မီးမွှေးထားမှ တရုတ်ရဲ့ One Belt One Road က နှောင့်နှေးသွားမယ်။ One Belt One Road က အောင်မြင်သွားရင် သူ့ရဲ့ ငွေ ရေးကြေးရေး ရင်းနှီးမြှုပ်နှံထားတာတွေ အကျိုးယုတ်မှာ။ ဒါကြောင့်မို့လို့ သူသည် ရခိုင် မှာ မီးမွှေးနေတယ်လို့ ကျွန်တော်မြင်တယ်။  ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ အားလုံးပေါ့ဗျာ။ အစိုးရရယ်၊ ပြည်သူရယ်၊ တိုင်းရင်း သားတွေအားလုံး သတိကြီးစွာနဲ့ ကျွန်တော် တို့ဒါကို ဆက်ဆံရမယ့် အနေအထားရှိပါ တယ်။ ဘယ်သူဘယ်ဝါမှားတယ် မှန်တယ်ကတော့ သူ့သမိုင်းသူရေးသွားမှာ” ဟုရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် (သူ၏အမြင်) က ပြောကြားထား မှုကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၇ ရက်က အကုန်သိသတင်းဌာန၏ အင်တာဗျုးရုပ်သံဖိုင်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အမေရိကန်သူဌေး ဂျော့ဆိုးရော့စ် မှာ ဘင်္ဂါလီအရေးအတွက် ငွေကြေးများစွာအ သုံးပြုကာ နောက်ကွယ်မှ ပံ့ပိုးပေးနေသူဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဟောင်း ဖြစ်ပြီး လက်ရှိတွင် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဖြစ်သူ ဦးစိုးသိန်းက ပြောကြား ထားသည်။  ထို့အတူ  ဂျော့ဆိုးရော့စ် သည် ဘင်္ဂါလီအရေးအတွက် ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၁၀ သန်းဖြင့် အရေးပေါ်ရန်ပုံငွေ တစ်ရပ်ကို ထူထောင်ကာ ကူညီခဲ့သည်ဟု သူ၏ Open Society Foundation ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ရိုဟင်ဂျာများကို ကူညီရန်  ဂျော့ဆိုးရော့စ် ၏ Open Society Foundation က အမေရိကန်ဒေါ်လာ ၁၀ သန်း မတည်မှုအပြီး ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုကို စုံစမ်း ဖော်ထုတ်ရေးအတွက် မြန်မာအစိုးရက ဖွဲ့ စည်းခဲ့သည့် အာနန်ကော်မရှင်မှ ကိုဖီအာနန်၏ ကိုဖီအာနန်ဖောင်ဒေးရှင်းကိုလည်း ငွေကြေးထောက်ပ့ံပေးခဲ့သည့် အဖွဲ့အစည်းလည်း ဖြစ်ကြောင်း ကိုဖီအာနန် ဖောင်ဒေးရှင်းနှင့် OSF ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

ဂျော့ဆိုးရော့စ် ၏ Open Society Foundation (OSF) က ငွေကြေးထောက်ပ့ံထားသည့် ထောက်ပ့ံခဲ့သည့် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ၊ မြန်မာ့အရေး လုပ်ဆောင်သည့် အဖွဲ့အစည်းများအဖြစ်  DVB၊ Yangon Journalism School၊ Burma News International၊ Thabyay Education Foundation၊ မယ်တော်ဆေးခန်း ၊ Equality Myanmar၊ Myanmar Observer Group Media Group၊ Institute for Strategy and Policy: Myanmar၊ Myanmar Institute For Peace and Security၊ Pen Myanmar၊    Myanmar China Pipeline Watch Committee၊  Myanmar Center to Empower Regional Parliments၊ Network for Human Rights Documentation Burma(ND-Burma)၊   Bangladesh Legal Aid and Services Trust၊ Irrawaddy Publishing Group၊ စသည့် အဖွဲ့အစည်းများ ဖြင့် လက်တွဲလုပ်ကိုင်နေသည်ဟု  OSF ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ထို့ပြင် လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် မြန်မာပြည်ရှိ ဘင်္ဂါလီအရေး များလုပ်ဆောင်နေသော Fortify Right အဖွဲ့မှာလည်း OSF ၏ အထောက်အပံ့ရယူခဲ့ဖူးသည်ဟု OSF ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဂျော့ဆိုးရော့စ် ၏ အထောက်အပ့ံ ရယူထားသည့် မြန်မာနိုင်ငံရှိ အဖွဲ့အစည်း ၁၀၀ ကျော်အနက် အချို့မှာ မြန်မာနိုင်ငံကို တရားစွဲဆိုရန် ဂမ်ဘီယာနိုင်ငံအား ငွေ ကြေးထောက်ပ့ံခဲ့သည့် OIC (Organization of Islamic Cooperation) နိုင်ငံများ၏ ငွေကြေးထောက် ပံ့မှုရယူထားသော၊ ဆက်နွှယ်နေသော အဖွဲ့အစည်းများလည်း ပါဝင်နေ သည်ဟု သုံးသပ်မှုများ ရှိနေသည်။ ထို့ပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလတွင်လည်း OSF က မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ အဖွဲ့အစည်း ၅၀ ခန့်ကို တစ်ဖွဲ့ လျှင် ဒေါ် လာ ၅၀၀၀၀ မှ ဒေါ်လာ ၃၀၀၀၀၀ အကြား ငွေကြေးထောက်ပ့ံခဲ့သေးသည်ဟု ၂၀၁၆ ခုနှစ်က Hack လုပ်ခံရမှုကြောင့် ပေါက်ကြားခဲ့သည့်အချက်အလက်များတွင် ဖော်ပြခဲ့သည်ဟု သိရသည်။

ကမ္ဘာ့နိုင်ငံများတွင် အဖွဲ့အစည်းအများအပြားကို ငွေကြေးထောက်ပ့ံ၍ လိုချင်သည့်သတင်းများကို ရအောင်ယူကာ လို အပ်သလို ပုံဖော်ယူလေ့ရှိသည့် ဂျော့ဆိုးရော့စ် သည် မြန်မာအစိုးရအဖွဲ့အတွင်း ၎င်း လိုချင်သည့် သတင်းများကို ရယူနိုင်ရန် ကြိုးပမ်းခဲ့သည်ဟု ဦးစိုးသိန်းရေးသားခဲ့သည့် “ဒီမိုကရေစီ နိုင်ငံတော်သစ်နှင့် သမ္မတ ဦးသိန်းစိန်” စာအုပ်တွင် ရေးသားဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

အဆိုပါစာအုပ်အား ဇွန် ၂ ရက်က ရန်ကုန်မြို့ရှိ Pen Pacific ဟိုတယ်တွင် မိတ် ဆက်ပွဲပြုလုပ်ခဲ့ပြီး နိုင်ငံရေးသမားများနှင့် မီဒီယာများ တက်ရောက်ခဲ့သည်။ ယင်းစာအုပ်တွင် အမေရိကန်သူဌေး  ဂျော့ဆိုးရော့စ် နှင့် သမ္မတဦးသိန်းစိန်တို့ စတင်ဆက်သွယ်မိသည့် အကြောင်းအရာများ၊ ချိတ်ဆက်လုပ်ကိုင်ခဲ့သည့် လူမှုရေးလုပ်ငန်းများကိုလည်း ရေးသားဖော်ပြထားပြီး အဆိုပါ သူဌေးမှာ မြန်မာအစိုးရအဖွဲ့အတွင်းမှ ၎င်း လိုအပ်သည့် သတင်းများရယူရန် ကြိုးပမ်းခဲ့သလို နောက်ပိုင်းတွင် ရိုဟင်ဂျာ (မူရင်းစာအုပ် တွင် ဖော်ပြထားသည့်အတိုင်း) ကိစ္စများအ တွက် ငွေကြေးများစွာအသုံးချကာ နောက်ကွယ်မှ ကူညီသူအဖြစ် ဆောင်ရွက်လျက်ရှိပါသည်” ဟု ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးသိန်းက ရေးသားထားသည်။

သမ္မတဟောင်း ဦးသိန်းစိန်နှင့် အမေရိကန်သူဌေးကြီး  ဂျော့ဆိုးရော့စ် တို့မှာ ၂၀၁၂ ခုနှစ်တွင် စတင်တွေ့ဆုံခဲ့ပြီး ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် အကူအညီ ပေးခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် မြန်မာ နိုင်ငံသို့လာရောက်ကာ သမ္မတအပြင် ဒေါ် အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံခဲ့ ပြီး အခြားသော ဝန်ကြီးဌာနများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများကို တွေ့ဆုံ ရာတွင် ၎င်းတည်းခိုရာ နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်တွင်သာ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးသိန်း၏စာအုပ်တွင် ဖော်ပြထားသည်။

အလားတူ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင်လည်း သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ မိမိနှင့်တွေ့စဉ်တွင် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုများ လာရောက်စေရန် ကမ္ဘာအနှံ့ လိုက်လံစည်းရုံးပေးမည့်သူ အဖြစ် ဦးသောင်းထွန်းအား ဝန်ကြီးခန့်ထားပေးရန် သမ္မတထံတင်ပြပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ သမ္မတထံတင်ပြခဲ့ရာ ခန့်ထားခြင်းမပြုနိုင်ဟု အကြောင်းပြန်ခဲ့ကြောင်း ဦးစိုးသိန်းက အဆိုပါ စာအုပ်တွင် ရေးသားထားသည်။

တိုက်ဆိုင်မှုတစ်ခုအဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် မစ္စတာဂျော့ဆိုးရော့ နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း၊ နောက်တစ်ရက်တွင် ဦးသောင်းထွန်းအား အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့ကြောင်း ထပ်မံရေးသားထားသည်။

ထို့အတူ ဦးသောင်းထွန်းအား NLD အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ခန့်အပ်ရန် တင်ပြစဉ်ကလည်း ဦးစိုးသိန်းက ကန့်ကွက်မှုပြုခဲ့သူဖြစ်ပြီး သူ၏ ကန့်ကွက်မှုအပေါ်  “ကျွန်တော်က အရင် အစိုးရထဲမှာ လုပ်လာတာကိုး။ ဦးသောင်းထွန်းနဲ့ အရင်အစိုးရနဲ့ ဂျော့ဆိုးရော့စ် ပတ်သက်တာ ကျွန်တော်အသိဆုံးပေါ့။ လူသက်သေက ကျွန်တော်ဗျာ။ ဒါပေမဲ့ အချိန်တိုတဲ့ အခါကျတော့ အထောက်အထား တင်ပြ ဖို့က သက်သေက ကျွန်တော်ပဲ ဖြစ်နေတယ်လေ။ နောက်တစ်ချက်က သူ့ (ဦးသောင်းထွန်း)ရဲ့ ကိုယ်ရေးရာဇဝင် တင်ပြတဲ့အခါ ဂျော့ဆိုးရော့စ်ဆီမှာ လုပ်ခဲ့တာတွေ ဖျောက်ထားတယ်။ နောက်တစ်ခုက အမေရိကားကို အီးမေးလ်ပို့ထားတယ်။ အဲဒီက စာလာမှ အထောက်အထား တင်နိုင်မှာကိုး။ ကျွန်တော့် အထောက်အထားက အချိန်မီ မရောက်ဘူးဆိုတဲ့ သဘောနဲ့ပဲပေါ့။ သူ့ကိုယ်သူ အသိဆုံးပေါ့။ ဂျော့ဆိုးရော့စ်အောက်မှာ လုပ်ခဲ့တယ်ဆိုတာ သူဖော်ပြရမယ်လေ။ ရိုးသားရင် ဖော်ပြလေ။ မရိုးသားလို့ မဖော်ပြဘူးလို့ ကျွန်တော် ယူဆတယ်။ နောက်တစ်ခါ ဂျော့ဆိုးရော့စ်က အမေရိကားမှာ ပေါက်ရောက် တဲ့သူဖြစ်တော့ တစ်ချိန်မှာ နိုင်ငံတော်လုံခြုံရေးသော်လည်း သူခန့်ထားတဲ့သူဆိုရင် တရုတ်-မြန်မာဆက်ဆံရေးတောင် ထိခိုက်နိုင်တယ်လေ။ ဦးသောင်းထွန်းနဲ့ ကျွန်တော် နဲ့ခင်တယ်။ ကျွန်တော် ဒီအတိုင်း ငြိမ်ငြိမ်လေးနေလည်း ဘာမှမဖြစ်ဘူး။ တိုင်းပြည်အတွက် ပြောတာ။ ဒီအကြောင်းတွေကို အသိဆုံးက ကျွန်တော်ဖြစ်နေလို့။ အထောက်အထားက လတ်တလောမှာ ခက်တာပေါ့။ သူ့ ကို မရစေချင်တဲ့ဆန္ဒ ရှိတာမဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကို သိစေချင်လို့ ဒီမက်ဆေ့ချ်ကို ပေးတာ” ဟု ဦးစိုးသိန်းက မီဒီယာများကို ပြောကြားထားသည်။

နိုင်ငံအများအပြားတွင် အဖွဲ့အစည်းများ ဖွဲ့စည်းကာ သတင်းအချက်အလက်များ ရယူပြီး ခြယ်လှယ်ရန် ကြိုးစားမှုများ လုပ်ဆောင်နေသည်ဟု ဂျော့ဆိုးရော့စ် ၏ Open Society Foundation (OSF) အပေါ် ယူဆ ထားမှုများကြောင့် မြန်မာနိုင်ငံတွင်လည်း အဖွဲ့အစည်း ၁၀၀ ကျော်နှင့် ချိတ်ဆက်လုပ် ကိုင်နေသည့် OSF ၏ လက်တံများကို ဖြတ်တောက်သင့်ကြောင်း ထောက်ပြနေသော်လည်း OSF အနေဖြင့် ရုံးခန်းဖွင့်လှစ်ခွင့်ပင် ရရှိထားသည်ဟု သိရသည်။ အလက်ဇန်းဒါးဆိုးရော့စ်အနေဖြင့် နေပြည်တော်သို့ရောက်ရှိချိန်တွင် မည်သူနှင့်တွေ့ဆုံမည် မည်သည့် အလုပ်လုပ်ကိုင်မည်ဆိုသည်ကို မသိရှိရသေးသော်လည်း ၎င်းသည် ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးနှင့် တွေ့ရှိခဲ့သည်ဟု ၎င်း၏လူမှုကွန် ရက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

 

 

Most Read

Most Recent