JICM လမ်းပြမြေပုံနှင့် မြန်မာ့ငြိမ်းချမ်းရေးခရီး အလားအလာ

JICM လမ်းပြမြေပုံနှင့် မြန်မာ့ငြိမ်းချမ်းရေးခရီး အလားအလာ
ဇန်နဝါရီ ၈ ရက်တွင် ကျင်းပခဲ့သော JICM အစည်းအဝေး ဆွေးနွေးမှုအား တွေ့ရစဉ်
ဇန်နဝါရီ ၈ ရက်တွင် ကျင်းပခဲ့သော JICM အစည်းအဝေး ဆွေးနွေးမှုအား တွေ့ရစဉ်
Published 12 January 2020
မင်းနိုင်စိုး

 

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ တရားဝင်အစည်းအဝေးများ ရပ်တန့်ခဲ့သော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးတစ်ခုဖြစ်သည့် JICM အစည်းအဝေးကို ပြန်လည်စတင်ခြင်းဖြင့် အသက်ဝင်လာခဲ့ပြီဖြစ်သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာတွင် နေပြည်တော်၌ အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တစ်ခုတည်းသော တပ်မတော်၊ ခွဲမထွက်ရေးဟူသော အချက်များနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့သော ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးအလွန်တွင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုဖြစ်သည့် KNU နှင့် RCSS တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ တက်ရောက်ခြင်းမှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့်အတွက် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်ခဲ့ရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ၂၀၁၉ ခုနှစ် တစ်နှစ်တာကာလပတ်လုံး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အလွတ်သဘော တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ ကုန်လွန်ခဲ့ရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ၏ ခုနစ်ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နေပြည်တော်၌ ဇန်နဝါရီ ၈ ရက်တွင် ကျင်းပသည့် အစည်းအဝေးသည် ရှစ်ကြိမ်မြောက် အစည်းအဝေးဖြစ်သည်။

ထို့ကြောင့် ခုနစ်ကြိမ်မြောက် JICM အစည်းအဝေးနှင့် ရှစ်ကြိမ်မြောက် JICM အစည်းအဝေးအကြား အချိန်ကာလ ကွာဟချက်မှာ တစ်နှစ်၊ ၁၀ လနှင့် ၁၀ ရက်ဖြစ်ပြီး JICM ၏ လုပ်ငန်းတာဝန်များတွင်မူ JICM  အစည်းအဝေးကို သုံးလတစ်ကြိမ် သို့မဟုတ် အရေးပေါ် အစည်းအဝေးကို လိုအပ်သလို ကျင်းပရမည်ဟု သတ်မှတ်ထားသည်။

နေပြည်တော်တွင် ဇန်နဝါရီ ၈ ရက်က ကျင်းပခဲ့သော JICM အစည်းအဝေးသို့ အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ ခေါင်းဆောင်များ သို့မဟုတ် အဆုံးအဖြတ်ပေးနိုင်သူများ တက်ရောက်ခဲ့ကြသည်။

အစိုးရဘက်မှ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအဖွဲ့ တက်ရောက်ခဲ့ပြီး တပ်မတော်ဘက်မှ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်သောအဖွဲ့ တက်ရောက်ကာ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

JICM အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က အဖွင့်မိန့်ခွန်းနှင့် နိဂုံးချုပ် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

NCA စာချုပ်သည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးတွဲပိုင်ဆိုင်သော စာချုပ်ဖြစ်သည့်အတွက် စာချုပ်တွင် လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများသည် မျှဝေ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ်ကာ စာချုပ်ထဲမှ အချက်များကို လိုအပ်သလို အကောင်အထည် မဖော်ကြရန် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းတွင် သတိပေးပြောကြားခဲ့သည်။

“ ဒီစာချုပ်ထဲကမှ ကိုယ်ကြိုက်တာကိုပဲ ယူမယ်။ ကိုယ်မကြိုက်တာ မယူဘူး။ ကိုယ်သဘောကျတဲ့ အပိုင်းကိုပဲ အကောင်အထည် ဖော်မယ်။ သဘောမကျရင် အကောင်အထည် မဖော်ဘူးဆိုတာမျိုးတွေကို ရှောင်ကြဉ်ကြဖို့ ကျွန်မအနေနဲ့ အလေးအနက် သတိပေးလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အစုအဖွဲ့တစ်ခုခုသည် NCA စာချုပ်ပါ အချက်များနှင့်ပတ်သက်၍ ထိုသို့သော ပုံစံမျိုးဖြင့် လိုအပ်သလို အကောင်အထည်ဖော်နေမည်ဆိုပါက ကျန်ရှိနေသည့် အစုအဖွဲ့ အားလုံးတွင်လည်း အခက်အခဲများ ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အကျပ်အတည်းများ ဆက်တိုက်ဖြစ်ပေါ်နေမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နှစ်ပေါင်း ၇၀ ကျော် ရှည်ကြာခဲ့ပြီ ဖြစ်သော မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ လက်တွေ့ကျကာ ထိရောက်မည်ဖြစ်ပြီး လက်နက်ကိုင်၍ အားသာချက်ယူခြင်းမျိုး၊ ဖြေရှင်းချက်အသစ်များကို စိတ်ကူးယဉ်ခြင်းမျိုးသည် မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး အကောင်အထည်ဖော်ရာတွင် အချိန်အတိုဆုံးနှင့် ရလဒ်ကောင်းများ ရရှိရန် အထူးလိုအပ်ပြီး ထိုသို့ မဟုတ်ပါက ပြည်သူများအတွက် ထာဝရငြိမ်းချမ်းရေး မျှော်လင့်ချက်သည် သဲထဲ ရေသွန်သကဲ့သို့ အချည်းနှီးဖြစ်မည်ကို သတိပြုရန် ရှစ်ကြိမ်မြောက် JICM အစည်းအဝေးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သတိပေး ပြောကြားသည်။

“ ပိုးသာကုန် မောင်ပုံစောင်း မတတ်ဆိုသလို အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး ဆွေးနွေးနေမှုသာရှိပြီး ရလဒ်ကောင်း အဖြေမရှိခဲ့ရင်၊ မရခဲ့ရင် နိုင်ငံတော်နဲ့ ပြည်သူများအတွက် ထာဝရငြိမ်းချမ်းရေး မျှော်လင့်ချက်ဟာလည်း သဲထဲရေသွန်သလို ဖြစ်နေမှာပဲဆိုတာ ကျွန်တော်တို့အားလုံးက သတိပြုကြဖို့ လိုအပ်ပါတယ်” ဟု ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံအတွက် နိုင်ငံရေးအရ ဖြစ်စေ၊ ငြိမ်းချမ်းရေးအရဖြစ်စေ အရေးကြီးသောနှစ်၊ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသော နှစ်ဖြစ်သည်ကိုလည်း သတိမမေ့ကြဘဲ ကန့်သတ်ချက်များကြားမှ စိန်ခေါ်မှုအသီးသီးကို စုပေါင်းစွမ်းအားဖြင့် အောင်မြင်စွာ ကျော်လွှားသွားရမည်ဟု ၎င်းက ပြောကြားသည်။

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ်

ယခု ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲကြောင့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အပြည့်အဝ အာရုံမစိုက်နိုင်သည့်အချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမည်ကို အစုအဖွဲ့အချို့က စိုးရိမ်မှုရှိနေပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အထက်ပါ သတိပေးချက်သည် ယင်းစိုးရိမ်ချက်နှင့် ဆက်စပ်ဖွယ်ရှိသည်။

ပြီးပြည့်စုံနိုင်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်နိုင်ရန် နိုင်ငံရေးနှင့် တပ်ပိုင်းဆိုင်ရာ ထာဝရငြိမ်းချမ်းရေး ကိစ္စရပ်များကို ဆန္ဒပြင်းပြနေသည့် ပြည်သူများ၏ လိုလားချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး အကောင်အထည်ဖော်သွားရန် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းခဲ့သည်။

နိုင်ငံရေးဆွေးနွေးမှုတွင် ရလဒ်ကောင်းအဖြေ တစ်ရက်စောရပါက နိုင်ငံသားများ တစ်ရက်စော၍ ချမ်းသာပျော်ရွှင်မှုခံစားရမည် ဖြစ်သည့်အပြင် ခေတ်မီနိုင်ငံတော်ဆီသို့ တစ်ရက်စောရောက်အောင် အင်တိုက်အားတိုက်ဖြင့် ယခုထက် ပိုမိုစွမ်းဆောင်နိုင်မည်ဖြစ်သည့်အတွက် အစုအဖွဲ့အသီးသီးက အချိန်ကာလယန္တရားကို အတတ်နိုင်ဆုံး လျှော့ချပြီး ရလဒ်ကောင်းများ ရရှိအောင် ကြိုးစားပေးကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

ထိုသို့ အချိန်ကန့်သတ်ချက် ယန္တရားလျှော့ချနိုင်ရေးအတွက် နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်း အဖြေရှာရာတွင် တောင်းဆိုသည့်ဘက်က ဖြစ်နိုင်ခြေရှိသည်များကို တောင်းဆိုရမည်ဖြစ်ပြီး အစိုးရဘက်ကလည်း လိုက်လျောရန် ဖြစ်နိုင်ခြေ ရှိ၊ မရှိ  ညှိနှိုင်းအဖြေရှာမှသာ အချိန်ကြန့်ကြာမှုကို ကျော်လွှားနိုင်မည်ဟု ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အကြံပြုသည်။  

နိုင်ငံရေးဆွေးနွေးရာ နှစ်ဖက်ယုံကြည်မှုသည် အရေးကြီးသကဲ့သို့ ယုံကြည်မှု၏ ဆန့်ကျင်ဘက် စိုးရိမ်ပူပန်မှုသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရာတွင် ကြီးမားသော ဟန့်တားနှောင့်ယှက်မှုကို ဖြစ်ပေါ်စေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် JICM တွင်ဖြစ်စေ၊ JMC  တွင်ဖြစ်စေ၊ UPDJC တွင်ဖြစ်စေ NCA လမ်းကြောင်းအတိုင်းသာ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်လျက် ဆွေးနွေးညှိနှိုင်းမှု အချိန်ကာလယန္တရား လျှော့ချမှုအတွင်းမှ ထာဝရငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ဆွေးနွေးဖော်ဆွေးနွေးဖက်၊ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြရုံသာမက NCA ကို ပူးတွဲပိုင်ဆိုင်ထားသူများ ဖြစ်ကြသည့်အတွက် NCA နှင့် ပတ်သက်လျှင် နှစ်ဖက်စလုံးတွင် တာဝန်ကိုယ်စီရှိကြကြောင်း၊ NCA အောင်မြင်မှုများအတွက်  ဂုဏ်ပြုခြင်းခံရသကဲ့သို့ တစ်ဆို့နှောင့်နှေးမှုများအတွက်လည်း ဝေဖန်ခံရမည် ဖြစ်သည့်အတွက် NCA အကောင်အထည်ဖော်မှုများ ပြီးစီးအောင်မြင်သည်အထိ လက်တွဲဆောင်ရွက်သွားရန် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က တိုက်တွန်းခဲ့သည်။

JICM အစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးပွဲများ အထူးသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တွင် ညှိနှိုင်း ဆွေးနွေး၍ မရသည့် ကိစ္စရပ်များကို အဆုံးအဖြတ်ပေးနိုင်သော ခေါင်းဆောင်များအကြား ဆွေးနွေး၍ အတည်ပြုဆုံးဖြတ်ပေးရသည်။

သို့သော်လည်း JICM အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်အတည်ပြုမည့် အကြောင်းအရာများကို အောက်ခြေတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တရားဝင်အစည်းအဝေးများနှင့် အလွတ်သဘော အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်၍ ညှိနှိုင်းဆွေးနွေးကာ သဘောတူညီမှု ရယူထားပြီး JICM အစည်းအဝေးတွင် ထိပ်ပိုင်းခေါင်းဆောင်များက ပြန်လည်ဆွေးနွေးကာ အတည်ပြုလက်မှတ်ထိုးပေးရခြင်းသာ ဖြစ်သည်။

ထို့ကြောင့် NCA စာချုပ်အရ သွားနေသည့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် JICM အစည်းအဝေးသည် အဆင့်အမြင့်ဆုံး အစည်းအဝေးတစ်ခုဖြစ်ပြီး အဆိုပါ အစည်းအဝေးသို့ အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များသာ တက်ရောက်ဆွေးနွေးခွင့်ရှိသည်။

နေပြည်တော်တွင် ဇန်နဝါရီ ၈ ရက်က ကျင်းပခဲ့သည့် JICM အစည်းအဝေးတွင် သဘောတူညီချက် ရှစ်ချက်ရရှိခဲ့ပြီး အဆိုပါ သဘောတူညီချက်များထဲတွင် NCA စာချုပ် အခန်း (၃) (၄) နှင့် (၆) တို့ပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်ရေး၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ရယူရေး၊ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်တွင် ဆက်လက်အကောင်အထည်ဖော်မည့် အဆင့်လိုက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အဆင့်လိုက် အကောင်အထည်ဖော်ရေးကိစ္စတို့ ပါဝင်ခဲ့သည်။

ထို့ပြင် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၃) တွင် ထည့်သွင်းချုပ်ဆိုမည့် သဘောတူညီချက်များ ဖြစ်သည့် အပိုင်း (၁)  NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ အပိုင်း (၂) ၂၀၂၀ အလွန်အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အပိုင်း (၃) အခြေခံမူ သဘောတူညီချက်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ၊ စတုတ္ထ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းအတွင်း ကျင်းပနိုင်ရေးကိစ္စတို့သည်လည်း JICM သဘော တူညီချက်များတွင် ပါဝင်ခဲ့သည်။

NCA ပါ ဝေါဟာရများနှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်များကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပိုမိုပါဝင်လာရေးအတွက် NCA အပေါ် အခြေခံ၍ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရေးကိစ္စ၊ UPDJC နှင့် JMC အစည်းအဝေးများ ခေါ်ယူကျင်းပရေးတို့သည်လည်း JICM ဆုံးဖြတ်ချက်တွင် ပါဝင်ခဲ့သည်။

JICM အစည်းအဝေး၏ ဆုံးဖြတ်ချက်များအရ UPDJC နှင့် JMC အစည်းအဝေးများကို နှစ်လအတွင်း ခေါ်ယူကျင်းပမည်ဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်တွင်မူ NCA-SEAO များ၏ လုံခြုံရေးကဏ္ဍ အစည်းအဝေး ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

JICM ၏ ယခု တရားဝင်ဆုံးဖြတ်ချက်များကို လုပ်ငန်းအဖွဲ့၊ ညှိနှိုင်းရေးအဖွဲ့နှင့် အကောင်အထည် ဖော်ရေးအဖွဲ့များက တက်တက်ကြွကြွဖြင့် ညှိနှိုင်းအကောင်အထည်ဖော်ပါက ထင်ရှားသော ရလဒ်များ ပေါ်လာမည်ဖြစ်သည်ဟု ပအိုးဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

JICM  အစည်းအဝေးအပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို တွေ့ရစဉ်

NCA- SEAO Facebook Page တွင် JICM အစည်းအဝေးနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် အင်တာဗျူးကို ဇန်နဝါရီ ၈ ရက်တွင် ဖော်ပြခဲ့ပြီး အဆိုပါ အင်တာဗျူးတွင် ၎င်းက အထက်ပါအတိုင်း သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

NCA စာချုပ်ကို ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နှင့် ယခု အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့တို့က လက်မှတ်ရေးထိုးခဲ့သည်။

ထိုသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့ ပူးပေါင်း၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးများကို ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့တွင် သုံးကြိမ်ကျင်းပထားပြီး ၂၀၁၉ ခုနှစ်တွင်မူ ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။

ကျင်းပပြီးစီးခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံ သုံးကြိမ်မှ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် အချက်ပေါင်း ၅၁ ချက် ရရှိထားပြီး အဆိုပါ ၅၁ ချက် ဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရန် လုံလောက်မှုမရှိကြောင်းကို နိုင်ငံခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူများက ပြောကြားထားပြီးဖြစ်သည်။

NCA စာချုပ်၏ ရည်ရွယ်ချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများမှ ရရှိလာသော သဘောတူညီချက်များဖြင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် အသစ်ပြန်လည်ရေးဆွဲခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်မည်ဖြစ်သည်။

ထို့ကြောင့် JICM ၏ ယခုဆုံးဖြတ်ချက်များသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် လုံလောက်သော အချက်များဖြစ်ခြင်း၊ မဖြစ်ခြင်းမှာ ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်သည့် အဖွဲ့များအပေါ်တွင် များစွာမူတည်နေသည်။

ထိုသို့ ညှိနှိုင်းအကောင်အထည်ဖော်ရာတွင် မလိုအပ်ဘဲ အချိန်ဆွဲခြင်းမျိုးကို ရှောင်ရှားရန် လိုအပ်သည်ဟု PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ပထမ လေးလပတ်အတွင်း ကျင်းပခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အစည်းအဝေးများကို နှစ်လအတွင်းကျင်းပခြင်း ထိုသို့ အချိန်ကန့်သတ်ချက်ပါသော ဆုံးဖြတ်ချက်များကို JICM က ချမှတ် ပေးလိုက်ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလားအလာကောင်းများဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသော အချက်နှင့်ပတ်သက်၍ ကွဲလွဲမှုမရှိသော်လည်း အဆိုပါ အချက်အား မည်သို့ အကောင်အထည်ဖော်ကြမည်ဟူသည် နည်းစနစ်ပိုင်းတွင် ကွဲပြားမှုများရှိနေသည်။

အဆိုပါ ကွဲပြားနေသည့် သဘောထားများအား အဖြေရှာမရနိုင်ခြင်းကြောင့်ပင်လျှင် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားခဲ့ရခြင်းဖြစ်ပြီး ယခုအခါ JICM အစည်းအဝေးက ယင်းကွဲပြားမှုများကို ပြန်လည်တည့်မတ်ပေးနိုင်ရန်အတွက် တရားဝင်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် သဘောတူညီချက်ရှစ်ချက်ကို ချမှတ်ပေးထားသည်။

အထူးသဖြင့်ဇန်နဝါရီ ၈ ရက် JICM အစည်းအဝေးတွင် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်များမှာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တပ်မတော်က အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်သွားမည့်သဘောမျိုး ပြောကြားသွားခဲ့သည့်အတွက် ရှေ့လာမည့် နိုင်ငံရေးဆွေးနွေးပွဲများမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တပ်မတော်၏ အင်တိုက်အားတိုက် ကြိုးပမ်းပါဝင်မှုသည် NCA စာချုပ်ပါ ပြဋ္ဌာန်းချက်များအတိုင်း ပါဝင်သွားမည်ဖြစ်ရာ ရလဒ်ကောင်းများ ရရှိရေးအတွက် တပ်မတော်သည် ၎င်းတို့၏ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်များမှတစ်ဆင့် မည်သို့ အလျှော့အတင်း ပြုလုပ်လာမည်နည်း။

ပြည်ထောင်စု၏ အစိတ်အပိုင်းဟူသမျှသည် ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲမထွက်ရဟူသောအချက်ကို တိုင်းရင်းသား လက်နက်ကိုင်များဘက်က အာမခံချက်ပေးနိုင်မှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပေးမည်ဟူသော ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက တပ်မတော်၏ သဘောထားသည် ပြောင်းလဲလာဖွယ် ရှိ၊ မရှိ သို့မဟုတ် အဆိုပါ စိန်ခေါ်ချက်ကို မည်သို့ ကျော်လွှားသွားမည်ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်ရမည့် အနေအထားရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ခွဲမထွက်ရဟူသောအချက်ကို တိတိကျကျ ပြဋ္ဌာန်းထားပြီး NCA စာချုပ်တွင် ပြည်ထောင်စုမပြိုကွဲရေးဟူသော အချက်ဖြင့် သွယ်ဝိုက်၍ ပြဋ္ဌာန်းထားရာ ပြည်ထောင်စု သဘောတူစာချုပ်တွင် အဆိုပါ အချက်အား တိုင်းရင်းသားများထံ အာမခံချက်တောင်းခြင်းသည် မယုံကြည်မှု သံသယအသွင်ဆောင်သည်ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ယူဆမှုရှိနေသည်။

သို့သော်လည်း ထိုသို့အာမခံချက်တောင်းခြင်းသည် မယုံကြည်ခြင်းကြောင့် မဟုတ်ဘဲ ပိုမိုခိုင်မာလာစေလိုသည့် သဘောမျိုးသာဖြစ်ကြောင်း တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များက ရှင်းလင်းပြောကြားထားခဲ့သည်။

ယခု JICM အစည်းအဝေး၏ ဆုံးဖြတ်ချက်များအရ လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုရာ၌ နိုင်ငံရေးကဏ္ဍမှ သဘောတူညီချက်များမှ ယခင်ညီလာခံများထက် ပိုမိုများပြားလာမည် ဖြစ်သည်။

ညီလာခံသုံးကြိမ်မှ ရရှိထားသော သဘောတူညီချက် ၅၁ ချက်တွင် နိုင်ငံရေးကဏ္ဍမှ ပါဝင်သော အချက်များမှာ အားနည်းနေသေးပြီး လုံခြုံရေးကဏ္ဍကိုမူ ဆွေးနွေးခြင်းပင် မရှိသေးဘဲဖြစ်နေသည်။

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၀ အလွန် မည်သည့်အစိုးရ ပြောင်းသည်ဖြစ်စေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်အဟုန်မပျက် ရှေ့ဆက်သွားနိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍမှ သဘောတူညီချက်များ ပိုမိုများပြားလာမည်ဖြစ်သည်။

သို့သော် ထိုသို့ သဘောတူညီချက်များ ရရှိရေးအတွက် ကြားကာလအတွင်း ဆောင်ရွက်ရမည့် UPDJC နှင့် JMC အစည်းအဝေးများမှ အထူးသဖြင့် UPDJC အစည်းအဝေးမှ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များမှာ လွန်စွာအရေးပါသည်။

နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိကအရေးပါပြီး တာဝန်ရှိသည့် UPDJC မှ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးမှုများ အောင်မြင်မှသာ  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို သဘောတူညီချက်များစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်သည်။

ထိုသို့မဟုတ်ပါက ပြည်သူများ၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်နှင့် တိုင်းရင်းသားများ၏ တန်းတူညီမျှမှု ရှိသော ဖက်ဒရယ်ပြည်ထောင်စု မျှော်လင့်ချက်မှာ ဆက်လက်ဝေ၀ါး နေဦးမည်သာဖြစ်သည်။

Most Read

Most Recent