KNU အနေဖြင့် NCA ပါ သဘောတူညီချက်များအတိုင်း ရပ်တည်အကောင်အထည် ဖော်မည်ဖြစ်သကဲ့သို့ ဒေသခံများ၏ စိုးရိမ်ပူပန်မှုကို အလေးထားပြီး နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ဆောင်ရွက်သွားမည်ဟု KNU သတင်းထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ရှိ KNU ဆက်ဆံရေးရုံးတွင် ဇန်နဝါရီ ၁၀ ရက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း ဦးဆောင်သော တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNLA) ဗဟိုစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် စောတာမလာသော ဦးဆောင်သောအဖွဲ့ တွေ့ဆုံဆွေးနွေးစဉ် (Photo: KNU)

Published 12 January 2020
မင်းနိုင်စိုး

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ရပ်တည် အကောင်အထည်ဖော်မည် ဖြစ်သကဲ့သို့ ဒေသခံများ၏ စိုးရိမ်ပူပန်မှုကိုလည်း အလေးထားပြီး နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် ဆောင်ရွက်သွားမည်ဟု ဇန်နဝါရီ ၁၁ ရက် တွင် KNU က သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ရှိ KNU ဆက်ဆံရေးရုံးတွင် ဇန်နဝါရီ ၁၀ ရက်က တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း ဦးဆောင်သော တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNLA) ဗဟိုစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် စောတာမလာသော ဦးဆောင်သောအဖွဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၁ ရက် KNU ၏ သတင်းထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဦးဆောင်သောအဖွဲ့နှင့် KNLA ဗဟိုစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် စောတာမလာသော ဦးဆောင်သောအဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးမှုတွင် တပ်မတော်တပ်စခန်းများသို့ ရိက္ခာ ပို့ဆောင်ရန်အတွက် တစ်ကြောင်းထိုးလမ်းများကို ကျောက်ကြီးမြို့နယ် သံဘိုမှ ဘော်စဲခိုအထိ တစ်ရာသီစာ ပြုပြင်အသုံးပြုရန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

KNU အနေဖြင့် NCA ပါ သဘောတူညီချက်များအတိုင်း ရပ်တည်အကောင်အထည် ဖော်သွားမည်ဖြစ်သကဲ့သို့ ဒေသခံ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကိုလည်း အလေးအနက်ထားပြီး အပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာစေကာ နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခု တွေ့ဆုံဆွေးနွေးပွဲတွင် လမ်းဖောက်လုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့များအကြား ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုရလဒ်များ အဆင်ပြေကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပါဝင်ဆွေးနွေးခဲ့သော တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ကျော်စိုးမိုးက ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားထားသည်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် KNU တပ်မဟာမှ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကျောက်ကြီးမြို့ရှိ KNU ဆက်ဆံရေးရုံး၌ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယခုအခါ တပ်မတော်၏ တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများနှင့် KNU ၏ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများအကြား ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent