၂၀၂၀ ပြည့်နှစ်တွင် နှစ်ဖက်အပစ်အခတ်ရပ်စဲပြီး တိုက်ပွဲများ အဆုံးသတ်ရန်မျှော်လင့်ကြောင်း TNLA ကြေညာချက်ထုတ်ပြန်

၂၀၂၀ ပြည့်နှစ်တွင် နှစ်ဖက်အပစ်အခတ်ရပ်စဲပြီး တိုက်ပွဲများ အဆုံးသတ်ရန်မျှော်လင့်ကြောင်း TNLA ကြေညာချက်ထုတ်ပြန်
Published 12 January 2020
မင်းနိုင်စိုး

၂၀၂၀ ပြည့်နှစ်တွင် နှစ်ဖက်အပစ်အခတ်ရပ်စဲပြီး တိုက်ပွဲများအဆုံးသတ်ရန် အထူးမျှော်လင့်ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးတိုးတက်မှုလမ်းကြောင်းကို တပ်မတော်က လက်တွေ့ဖော်ဆောင်ပေးရန်လည်း အဆိုပါကြေညာချက်တွင် တိုက်တွန်းထားသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ၅၇ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့နှင့် ပတ်သက်၍ ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သော TNLA ၏ သဘောထားထုတ်ပြန်ချက်တွင် အထက်ပါအတိုင်းကြေညာချက်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် တိုက်ပွဲများပြင်းထန်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများမှ တိုးတက်သည့် နိုင်ငံရေးအဖြေများ မရရှိနိုင်ခဲ့ခြင်းကို အသေအချာသုံးသပ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်နှင့် TNLA တို့ နှစ်ဖက်အပစ်အခတ်ရပ်စဲရန် မျှော်လင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

TNLA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကာလအား နှစ်လသက်တမ်း ထပ်မံတိုးမြှင့်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည့်အတိုင်း တိုက်ပွဲများမဖြစ်ပွားစေရန် ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA က ကြေညာသည်။

ထို့ပြင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် တအာင်းအမျိုးသားတို့၏ တော်လှန်ရေး ၅၇ နှစ်တာကာလအတွင်း အသက်၊ သွေး၊ ချွေးပေးဆပ်ခဲ့သူများကို ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း TNLA ၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

တအာင်းလူမျိုးတို့၏ နိုင်ငံရေးဦးတည်ချက် အမြန်ဆုံးရရှိရန်အတွက် TNLA သည် လက်နက်ကိုင်အဖွဲ့၊  အုပ်ချုပ်ရေးအဖွဲ့၊ လုပ်ငန်းဌာနများဖြင့် လုပ်ငန်းစီမံချက်များ ချမှတ်ကာ နိုင်ငံရေး၊ စစ်ရေးအရ ဘက်ပေါင်းစုံ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်မှုများကို အဘက်ဘက်က ဝိုင်းဝန်းကူညီပံ့ပိုးပေးသော ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ပလောင်လူမျိုးများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် မဟာမိတ်အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း TNLA ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။            

 

 

Most Read

Most Recent