စစ်ဘောင်ကျယ်လာတဲ့ ရခိုင်ပြည်မြောက်ပိုင်းတိုက်ပွဲများနှင့် မြေစာပင်များ

စစ်ဘောင်ကျယ်လာတဲ့ ရခိုင်ပြည်မြောက်ပိုင်းတိုက်ပွဲများနှင့် မြေစာပင်များ
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းတစ်ခုတွင် လာရောက်နေထိုင်နေရသည့် ဒေသခံများကို တွေ့ရစဉ်
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းတစ်ခုတွင် လာရောက်နေထိုင်နေရသည့် ဒေသခံများကို တွေ့ရစဉ်
Published 12 January 2020
ဇော်မင်းနိုင်

 

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် AA လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်း လေးခုကို ဝင်ရောက်တိုက်ခိုက်ရာမှ စတင်၍ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

AA အဖွဲ့က နယ်ခြားစောင့်ရဲကင်း စခန်းလေးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး အသက်ဆုံးရှုံးခဲ့ပြီး ကိုးဦးဒဏ်ရာရရှိကာ လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကားပြောစက်တစ်လုံး ဆုံးရှုံးခဲ့သည်။

AA အဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ်တွင် ချင်းပြည်နယ်ပလက်ဝမြို့ရှိ ကျေးရွာများတွင် တပ်မတော်နှင့် ကြိုကြားကြိုကြားတိုက်ပွဲများ ဖော်ဆောင်လာခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ၂၀၁၉ နှစ်စပိုင်းမှာပင် တိုက်ပွဲများ ဖော်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုက်ပွဲများ ဖော်ဆောင်လာခြင်းမပြုမီတွင် ‘ 2020 Arakan Dream’ ဆိုသည့်ခေါင်းစဉ်ဖြင့် AA အဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လက်နက်ကိုင် တော်လှန်ရေးလုပ်ငန်းစဉ်များကို လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ပြင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး နောက်ပိုင်းတွင် ဧရာဝတီသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ ကွန်ဖယ်ဒရိတ်ဆိုသည့် နိုင်ငံရေးမျှော်မှန်းချက်တစ်ခုကို ထပ်မံပြောကြားလာသည်။

အစိုးရ၊ တပ်မတော်နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ အဆင်မပြေဖြစ်နေချိန်တွင် ခွဲထွက်ခွင့်တောင်းဆိုလိုက်သော AA စစ်ဦးစီးချုပ်၏စကားက နိုင်ငံရေးလောကတွင် ပွက်လောရိုက်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် KIA ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် သန္ဓေတည်ဖွဲ့စည်းခဲ့သော AA အဖွဲ့မှာ ၂၀၁၅ ခုနှစ်တွင် လိုင်ဇာမြို့မှတစ်ဆင့် ချင်းပြည်နယ် ပလက်ဝမြို့သို့ စတင်ရောက်ရှိလာပြီးနောက် ယင်းဒေသတွင် အခြေပြုလှုပ်ရှားလာခဲ့သည်။

လိုင်ဇာမြို့တွင် KIA က သင်ကြားခဲ့သည့် AA အဖွဲ့ဝင်များမှာ ၂၀၁၅ ခုနှစ်တွင် ခန့်မှန်းခြေအင်အား ၃၀၀၀ ခန့်အထိ ရှိလာပြီး စတင်အခြေပြုလှုပ်ရှားရာ ပလက်ဝမြို့မှတစ်ဆင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တောနယ်စပ်အထိ ခြေဆန့်လာခဲ့ပြီး တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

AA အဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ပလက်ဝတံတားစီမံကိန်းအတွက် သံပေါင်နှင့် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသော သင်္ဘောတစ်စင်းကို မတ် ၁၆ ရက်၊ နိုဝင်ဘာ ၂၂ ရက်နှင့် နိုဝင်ဘာ ၂၉ ရက်တို့တွင် ကုလားတန်မြစ်အတွင်း၌ ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ရေယာဉ်ဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်သွားသကဲ့သို့ နိုဝင်ဘာ ၃၀ ရက်တွင်လည်း ပလက်ဝ- ဇိုရမ်ပူလမ်းစီမံကိန်းအတွက် ယာဉ်၊ ယန္တရားများ တင်ဆောင်လာသော သင်္ဘောတစ်စင်းအား ကုလားတန်မြစ်အတွင်း ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။                   

လက်ရှိတွင် AA အဖွဲ့၏ စစ်ဦးစီးချုပ်က ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားရာတွင် ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ဖွဲ့စည်းတော့မည်ဟု ပါဝင်သကဲ့သို့ ရခိုင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများကို အခွန်ကောက်ခံတော့မည်ဟူသော ပြောဆိုမှုများလည်း ပါဝင်လာသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပလိုပါက ၎င်းတို့အဖွဲ့နှင့် ညှိနှိုင်းရမည်ဟုလည်း AA အဖွဲ့၏ စစ်ဦးစီးချုပ်က ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

AA အဖွဲ့အား ရခိုင်ပြည်နယ်၌ အခြေချရန် ခွင့်မပြုနိုင်ဟု တပ်မတော်ဘက်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် တရားဝင်ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် တိုက်ပွဲများမှာ လက်ရှိတွင် နေ့စဉ်ရက်ဆက်နီးပါး ဖြစ်ပွားလာသည်ကို တွေ့ရသည်။

ယင်းကာလအတွင်းမှာပင် တပ်မတော်နှင့် AA အဖွဲ့က မသင်္ကာသည့်ဒေသခံများကို ဖမ်းဆီးစစ်ဆေးခြင်းများ ရှိလာသဖြင့် ယင်းဒေသရှိ အုပ်ချုပ်ရေးမှူးများက နုတ်ထွက်မှုများ ရှိလာခဲ့သည်။

AA အဖွဲ့နှင့် ပတ်သက်သည်ဟုယူဆရသည့် ဒေသခံများကို တပ်မတော်ဘက်က ဖမ်းဆီး၍ တရားရုံးများတွင် အမှုတင်တရားစွဲဆိုခြင်းများ ရှိသကဲ့သိ့ု တပ်မတော်သတင်းပေးဟု ယူဆရသူများကိုလည်း AA ဘက်က ဖမ်းဆီးခြင်းများ၊ သတ်ဖြတ်ခြင်းများ ရှိလာခဲ့သည်။

အထင်ရှားဆုံးသာဓကတစ်ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ချင်းပြည်နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ULA/AA အဖွဲ့အစည်းအား နိုင်ငံတကာတွင် ဂုဏ်သိက္ခာကျဆင်းစေရန်၊ စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်စေရန်၊ နိုင်ငံတကာဖိအားများ သက်ရောက်စေရန် ရည်ရွယ်ချက်များဖြင့် Social Media  များပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားခြင်း၊ AA ဆန့်ကျင်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေခြင်း စသည်များကို အဓိကလုပ်ဆောင်နေသူများတွင် ဦးဝှေ့တင်းလည်း ပါဝင်နေသည်ဟု စုံစမ်းသိရှိထားပြီးဖြစ်ကြောင်း AA အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရခိုင်၊ ခူမီး၊ မြို၊ သက်၊ မြာ၊ လင်းကြဲတို့အပြင် အခြားသော လူနည်းစုမျိုးနွယ်စုများအကြား အမုန်းစကားများပြောဆို၍ သွေးခွဲနေခြင်း၊ သွေးထိုးလှု့ံဆော်နေခြင်း၊ အထူးသဖြင့် ရခိုင်မျိုးနွယ်စုအပေါ် နှိပ်ကွပ်ရန်ကြိုးစားနေခြင်း၊ AA ၏ စစ်ရေးကဏ္ဍများကို အနှောင့်အယှက်ပြုရန် ကြိုးစားခြင်း၊ ပလက်ဝ ဒေသအတွင်းရှိ ရခိုင်လူမျိုးများအား AA နှင့် ဆက်စပ်ပတ်သက်နေသည်ဟူသော တိုင်တန်းချက်မျိုးဖြင့် အခက်ကြုံအောင်ပြုလုပ်နေခြင်း၊ စစ်တပ်၏ လက်ကိုင်တုတ်အဖြစ် လုပ်ဆောင်နေခြင်းစသည်တို့ကို လုပ်ဆောင်နေသောကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

အလားတူ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်အတွက် သွားရောက်ဖြေရှင်းနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲပြုလုပ်ရန်စီစဉ်သည်ဟုဆိုကာ ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းကိုလည်း ဒီဇင်ဘာ ၁၂ ရက် တွင် AA အဖွဲ့က ဖမ်းဆီးခဲ့သည်။

NLD ပါတီ၏ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းကို ဖမ်းဆီးထားစဉ် ၎င်းမှာ တပ်မတော်က ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် သေဆုံးသွားခဲ့သည်ဟု AA အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လူမှုကွန်ရက်စာမျက်နှာ Social Media တွင်ပျံ့နှံ့ခဲ့သည့် လူတစ်ဦးအား သစ္စာဖောက်သည်ဟုဆိုကာ AA တပ်ဖွဲ့ဝင်များက ရိုက်နှက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ယင်းဗီဒီယိုဖိုင်နှင့် ပတ်သက်ပြီး AA ဘက်မှ စစ်ဦးစီးချုပ် ကိုယ်တိုင်ဝန်ခံပြောကြားမှုများ ရှိခဲ့ပြီး ပြုလုပ်ခဲ့သူများကို အရေးယူမှုများ ဆောင်ရွက်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စတင်ခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲများမှာ AA ဘက်က ထုတ်ပြန်ချက်အရ တစ်နှစ်လုံးတွင် တိုက်ပွဲ ၆၈၁ ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည့် လမှာ အောက်တိုဘာလဖြစ်ပြီး နာရီဝက်ကျော် ကြာမြင့်သည့် တိုက်ပွဲပေါင်း ၉၃ ပွဲဖြစ်ပွားခဲ့သည်ဟု AA ဘက်က ထုတ်ပြန်ခဲ့သည်။

AA ဘက်က ထုတ်ပြန်ချက်အရ စတင်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီတွင် တိုက်ပွဲပေါင်း ၂၉ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်မှုအနည်းဆုံး လမှ ဧပြီလဖြစ်သည်ကို တွေ့ရသည်။ ယင်းကာလတွင် တိုက်ပွဲပေါင်း ၂၆ ပွဲသာ ဖြစ်ပွားခဲ့သည်။ နှစ်ဝက်ခန့်မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားသည့်အရေအတွက် ပိုများလာသည်ကို တွေ့ရသည်။ ယင်းထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ်အတွင်း တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည် ၃၀၀၀ ကျော်ကျဆုံးခဲ့သည်ဟု ဖော်ပြထားသော်လည်း AA ဘက်မှ ထိခိုက်ကျဆုံးမှုများကို ဖော်ပြထားခြင်းမရှိသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲများမှာ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားသည့် ဧရိယာ ပိုမိုကျယ်ပြန့်လာသည်ဟု ဆိုနိုင်သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ရခိုင်မြောက်ပိုင်းတိုက်ပွဲများနှင့် ပတ်သက်ပြီး တိုက်ပွဲအရှိန်လျှော့ချရန် AA အဖွဲ့က တစ်ဖက်သတ်အပစ်ရပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားမှု ပိုများလာခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ၁၁ ရက်အထိ ၁၀ ရက်တာကာလအတွင်း တိုက်ပွဲပေါင်း ၃၈ ပွဲအထိဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ အရာရှိများနှင့် စစ်သည် ၇၅ ဦး သေဆုံးကာ ဒဏ်ရာရသူ ၄၂ ဦးအထက်ရှိနိုင်သည်ဟု AA ဘက်ကထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဧရိယာများမှာလည်း ပိုမိုကျယ်ပြန့်လာသကဲ့သို့ ကျောက်တော်မြို့ပေါ်နှင့် မင်းပြားမြို့ပေါ်အထိ ဖြစ်ပွားလာခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း AA အဖွဲ့က မြို့တွင်းရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး၊ ကျောက်တော်ကားကွင်းအနီးနှင့် လျှပ်စစ်ဓာတ်အားပေးရုံ နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်တော်မြို့အတွင်းရှိ လူနေရပ်ကွက်များအတွင်းနှင့် မဟာကံကြီးသျှင် ဘုရားအနီးသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးဒဏ်ရာရရှိခဲ့ပြီး မဟာကံကြီးသျှင် ဘုရား၏ မုခ်ဦးနှင့် သာသနိကအဆောက်အအုံများပါ ထိခိုက်ပျက်စီးခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ မင်းပြားမြို့နယ်အတွင်းရှိ ရာမောင်တံတားကို ဒီဇင်ဘာ ၃၀ ရက် နံနက်တွင် AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ အလားတူ ကျောက်တော်မြို့နယ်အတွင်း မဟာကံကြီးသျှင်ဘုရား အနီးတစ်ဝိုက်နှင့် ကျောက်တော်မြို့အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားသည့် မြို့နယ်များတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားပြီး လက်ရှိတွင် လုံခြုံမှုခံစားရခြင်းမရှိကြောင်း ကျောက်တော်မြို့မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောကြားသည်။

“ သေနတ်သံတွေက ခဏခဏ ကြားရတယ်။ ဘယ်အဖွဲ့က ပစ်မှန်းမသိဘူး။ အိမ်ထဲက အိမ်ပြင်ကို မထွက်ရဲတာ။ ဘယ်သူကဘယ်သူ့ကို ပစ်နေသလဲဆိုတာလည်း မသိဘူး” ဟု အဆိုပါ ဒေသခံက ပြောကြားသည်။

ယင်းသို့ ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲများမှာ ဆက်တိုက်ဖြစ်ပွားလာခဲ့သည့် အခြေအနေများကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသည့် ဒေသခံများမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် ဖွင့်လှစ်ထားသည့် နေရပ်စွန့်ခွာ စခန်းပေါင်း ၁၃၁ ခုရှိပြီး ပြည်နယ်နှစ်ခုပေါင်းတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ လူပေါင်း ၄၅၀၀၀ နီးပါးခန့်ရှိကြောင်း UNORCA ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြေပုံမြို့သို့ ရောက်ရှိလာကြသည့် စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ် (ဓာတ်ပုံ- ကျော်လင်းသူ)

ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းအရေအတွက်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်အထိ စာရင်းအရ ၁၁၉ ခုရှိပြီး လူပေါင်း ၄၃၀၀၀ ကျော် နေရပ်စွန့်ခွာပြီး  စခန်းများတွင် နေထိုင်လျက်ရှိသည်။

ချင်းပြည်နယ်တွင် စစ်ဘေးရှောင်စခန်း ၁၂ ခုရှိပြီး လူပေါင်း ၁၈၀၀ ခန့် နေရပ်စွန့်ခွာ နေထိုင်လျက်ရှိကြောင်း သိရသည်။

 တိုက်ပွဲဖြစ်ပွားရာ ဒေသများဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြောက်ဦးမြို့၊ ရသေ့တောင်၊ မြေပုံနှင့် ဘူးသီးတောင်မြို့နယ်များတွင် လူပေါင်း ၉၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေရပ်စွန့်ခွာသူများမှာ တိုက်ပွဲအရှိန် သိသိသာသာမြင့်တက်လာသည့် နိုဝင်ဘာလနှောင်းပိုင်းတွင် ပိုမိုများပြားလာခဲ့ပြီးနောက် လက်ရှိအခြေအနေမှာ ရခိုင်ပြည်နယ်တွင် ပိုမိုရှုပ်ထွေးလာနေသည်ဟု UNORCA က ထုတ်ပြန်သည်။

လက်ရှိတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာသူများမှာ စစ်ဘေးရှောင်စခန်းများတွင်လည်းကောင်း၊ ဆွေမျိုးသားချင်းများရှိသည့် အိမ်များတွင်လည်းကောင်း နေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့တွင် လက်ရှိ အခြေအနေများအရ နေရပ်စွန့်ခွာထွက်ပြေးလာသူ များလာပြီး အများစုမှာ ဆွေမျိုးများ၏နေအိမ်များတွင် နေထိုင်လျက်ရှိကြောင်း ပလက်ဝဒေသခံတစ်ဦးက ပြောကြားသည်။

“ ဒီဘက်မှာက စခန်းတွေကိုသွားတာ သိပ်မရှိဘူး။ ဆွေမျိုးတွေရဲ့ အိမ်မှာနေတာများတယ်။ တချို့ကကျတော့ အပေါင်းအသင်းတွေ အိမ်မှာနေကြတယ်။ တော်ရုံနဲ့တော့ စခန်းကို မသွားကြတာများတယ်” ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောကြားသည်။

ချင်းပြည်နယ် ပလက်ဝတွင် တိုက်ပွဲအရှိန် မြင့်တက်လာမှုကြောင့် အချို့သောကျေးရွာများမှာ ရွာပျက်သည့်ပုံစံမျိုးများရှိလာပြီး လက်ရှိအချိန်အထိ ရွာ ၁၀ ရွာကျော် ပျက်စီးသွားပြီဖြစ်ကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းမှုကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောမြက ပြောကြားသည်။

“ ပလက်ဝမြို့နယ်အတွင်းမှာ ရွာပျက်တာက ၁၀ ရွာလောက်ရှိပြီ။ စစ်ဘေးရှောင်က ကမ့်ထဲမှာနေတဲ့ အိမ်ခြေက နည်းပါးတယ်။ နီးစပ်ရာ ကိုယ့်ဆွေမျိုးတွေရှိတဲ့ ရွာတွေမှာပဲ ပြောင်းပြီးနေကြတယ်။ ရုတ်တရက် ကြည့်ရင်တော့ စစ်ဘေးရှောင်နည်းတယ်လို့ ထင်ရတယ်” ဟု ဦးစောမြက ပြောကြားသည်။

လက်ရှိတိုက်ပွဲများ ကာလရှည်ကြာဖြစ်လာမည်ကို စိုးရိမ်ကြောင်း၊ တိုက်ပွဲအရှိန်များ မြင့်တက်လာပြီး နောက်ပိုင်းတွင်ဒေသခံများ အခက်အခဲများလာမည်ကို စိုးရိမ်ကြောင်း ဦးစောမြက ဆက်လက်ပြောကြားသည်။

“ အဓိက စိတ်ပူတာက စစ်ပွဲတအားရှည်သွားမှာကိုပဲ စိတ်ပူတယ်။ ကျွန်တော်တို့ဘက်မှာ တိုက်ပွဲဖြစ်ပြီဆိုရင် စစ်ဘေးရှောင်နေရတဲ့သူတွေထက် တိုက်ပွဲကြောင့် လုပ်စားကိုင်စားပျက်တာက တစ်နယ်လုံး ဖြစ်နေတာ။ ပလက်ဝမြို့နယ်မှာ လူဦးရေက တစ်သိန်းကျော်နေတယ်။ အဲဒီတစ်သိန်းကျော်လုံး ခံရတာပဲ။ ပလက်ဝနယ်မှာရှိတဲ့ ချင်းတွေတင် မဟုတ်ဘူး။ ရခိုင်တွေလည်း ခံကြရတာပဲ” ဟု ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ခြေကုပ်ရယူနိုင်ရန် တိုက်ပွဲများ ဖော်ဆောင်လာခဲ့သည့် AA အဖွဲ့ကြောင့် အဓိကတိုက်ပွဲနေရာဟု ခေါ်ဆိုနိုင်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်လည်း စစ်ဘေးရှောင်များလာမှုနှင့်အတူ အခက်အခဲများ ဖြစ်ပေါ်လာသည်။

တိုက်ပွဲများဖြစ်ပွားလာပါက သိသိသာသာထိခိုက်ခံစားရသူများမှာ ဒေသခံများဖြစ်ပြီး လက်ရှိတွင် နေရပ်စွန့်ခွာသူများအတွက် အကူအညီများ လိုအပ်လျက်ရှိသည်။

“ တချို့စစ်ဘေးရှောင်စခန်းတွေကို ရိက္ခာမရောက်နိုင်တာတွေရှိတယ်။ လှူကြတဲ့ အလှူရှင်တွေ ကိုယ်တိုင်သွားရောက်လို့ မရတဲ့အတွက် ဒီလိုမျိုးအခက်အခဲတွေ ရှိနေတာ။ တကယ်လို့ လှူဒါန်းလိုသူတွေက သွားရောက်ပြီး လွတ်လွတ်လပ်လပ် လှူဒါန်းနိုင်မယ်ဆိုရင် ပိုပြီးအဆင်ပြေမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ တားမြစ်ထားတာတွေ ရှိတဲ့အတွက်စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ဖို့ ခက်ခဲနေတယ်။ အဓိကစားသောက် နေထိုင်ရေးအတွက် နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WEP တို့က ကူညီတယ်ဆိုပေမယ့် မလုံလောက်ဘူးဖြစ်တယ်” ဟု ရသေ့တောင်မြို့နယ်မှ ကိုသန်းနိုင်က ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံများကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးရန် တိုက်တွန်းခဲ့သည်။

တိုက်ပွဲများကြောင့် အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရသေဆုံးမှု မရှိစေရေးအတွက် ထိရောက်သောအကူအညီများပေးရန် ရခိုင်ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တင်သွင်းခဲ့ခြင်းဖြစ်ကာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဦးထွန်းအောင်သိန်းက “ ဒီအဆိုကို တင်ရတာက တစ်ဆက်တည်းတိုက်ပွဲဖြစ်တာ အခုဆိုရင် တစ်နှစ်ပြည့်တော့မယ်။ ၂၀၁၅ -၂၀၁၆ လောက်ကတည်းက ပလက်ဝဘက်ကစပြီး ဖြစ်လာခဲ့တယ်။ အဲဒီတော့ တိုက်ပွဲက မူလအခြေအနေထက် စစ်ဘောင်ကျယ်လာတယ်။ အခုဆိုရင် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ အမ်းတွေအထိ ဖြစ်လာတဲ့အတွက် အရပ်သားပြည်သူသေဆုံးမှုဟာ ဒီနှစ်တစ်နှစ်အတွင်းမှာ ၁၀၀ လောက် သေဆုံးမှုရှိနေပြီး ထိခိုက်မှုကလည်း ၂၀၀ ကျော်အထိ ရောက်လာတဲ့ အတွက် အရပ်သားပြည်သူတွေကို ထိထိရောက်ရောက် ကာကွယ်ပေးဖို့အတွက် ရခိုင်ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ် ကန့်ကွက်သူမရှိတဲ့အတွက် လွှတ်တော်က အတည်ပြုလိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းအပြင် တိုက်ပွဲများကြားတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးမှုများကို အစိုးရသတင်း ထုတ်ပြန်ချက်များအရ လည်းကောင်း၊ စစ်ပွဲကာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်မှာ အုပ်ချုပ်သူအစိုးရအဖွဲ့၏ တာဝန်ဖြစ်ပါကြောင်း၊ ထို့ပြင် အမျိုးသမီးအခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကလေးသူငယ်များ၏ အခွင့်အရေးကာကွယ်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ စသည်တို့နှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့အနေဖြင့် အလေးထားလိုက်နာ ဆောင်ရွက်ပေးရန်လိုမည်ဖြစ်ကြောင်း၊ ဂျီနီဗာသဘောတူညီချက် အပိုဒ် (၄) Geneva Convention Article (4)  အရ စစ်ပွဲကာလအတွင်း အပြစ်မဲ့အရပ်သားများအား ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ကို အဆိုပါ ဂျီနီဗာသဘောတူညီချက်များကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံများက လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဂျီနီဗာသဘောတူညီချက်များကို လက်မှတ်ရေးထိုးထားသည့် ကုလသမဂ္ဂ (UN) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း အဆိုတင်သွင်းရာတွင် ဦးထွန်းအောင်သိန်းက ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိအခြေအနေမှာ အစိုးရအဖွဲ့သာ မဟုတ်ဘဲ နိုင်ငံဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ အဆိုပါနယ်မြေများသို့ သွားလာရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အစိုးရအဖွဲ့အနေနဲ့ ယင်းသို့အခက်အခဲများ ရှိသော်လည်း ယခုကိစ္စသည် လုပ်ကိုလုပ်ရမည့် အစီအစဉ်တစ်ခုဖြစ်သည့်အတွက် အစိုးရအဖွဲ့အနေဖြင့် ဆွေးနွေးတိုင်ပင်ပြီး သင့်တော်သောအစီအစဉ် ချမှတ်ဆောင်ရွက်မည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ဒေသခံများစိုက်ပျိုးထားသည့် စပါးများ အချိန်မီရိတ်သိမ်းနိုင်ရန်နှင့် လိုအပ်သည့်အကူအညီများပေးရန် တိုက်တွန်းကြောင်း အဆိုကိုလည်း ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ခြင်းများလည်း ရှိသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့အနေဖြင့် စစ်ဘေးရှောင်များအတွက် ကူညီမှုများ ဆောင်ရွက်နေကြောင်း၊ စစ်ဘေးရှောင်များအနေဖြင့် လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ပြောကြားနိုင်ပြီး အကူအညီများပေးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက်က စစ်ဘေးရှောင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ရခိုင်ပြည်နယ်အခြေစိုက် မီဒီယာတစ်ခု ဖြစ်သည့် Development Media တွင် ရေးသားဖော်ပြထားသည်။

“ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေး၊ လိုအပ်တဲ့အသုံးအဆောင်က အစ ကျွန်တော်တို့ ကူညီဆောင်ရွက်ပေးပါမယ်။ ဒါအခုမှလုပ်တာတော့ မဟုတ်ပါဘူး။ တစ်လျှောက်လုံးလည်း လုပ်ခဲ့ပြီးပြီ။ တစ်နှစ် ပြည့်ပါတော့မယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုပါက အမှန်တရားများ ပျောက်ဆုံးတတ်ပြီး ယင်းဒုက္ခကိုလည်း ဒေသခံများသာ ခံစားကြရသည်။ လက်ရှိတွင် စစ်ဘောင်ကျယ်လာသည့် ရခိုင်ပြည်နယ်၌ မည်သည့်အဖွဲ့က ပစ်လိုက်မှန်းမသိသည့် ကျည်ဆန်ကြောင့် သေဆုံးသူများမှာလည်း ၁၀၀ ကျော်ရှိလာပြီ ဖြစ်သည်။ တိုက်ပွဲအရှိန် ထပ်မံမြင့်တက်လာပါက ဒေသခံအရပ်သားများ၏ သေဆုံးဒဏ်ရာရရှိမှုမှာ ထပ်မံမြင့်တက်လာမည်သာ ဖြစ်သည်။

တိုက်ပွဲကြောင့် ဒေသခံများ ထိခိုက်နစ်နာနေရပြီး ယင်းနစ်နာမှုများကို မည်သည့်အဖွဲ့က တာဝန်ယူမလဲဆိုသည်မှာလည်း အဖြေမရှိသည့် ပုစ္ဆာတစ်ပုဒ်သာ ဖြစ်နေသည်။

Most Read

Most Recent