ပို့ကုန်တင်ပို့မှုမြင့်တက်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် သုံးလကျော်တွင် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုတိုးတက်ခဲ့သည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၇၂၀ ကျော် လျော့ကျ

ပို့ကုန်တင်ပို့မှုမြင့်တက်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် သုံးလကျော်တွင် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုတိုးတက်ခဲ့သည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၇၂၀ ကျော် လျော့ကျ
ရန်ကုန်မြို့ရှိ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့ရှိ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 12 January 2020
ဇေယျာငြိမ်း

ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် သုံးလကျော်တွင် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုတိုးတက်ခဲ့သည့်အပြင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၇၂၀ ကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၃ ရက်အထိ စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၈၃ ဘီလျံအထိ ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၇၈ ဘီလျံသာ ရရှိထားသည်။ ထို့ကြောင့်လက်ရှိဘဏ္ဍာနှစ် သုံးလကျော်တွင် စုစုပေါင်းကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၀၄ ဘီလျံအထိ ပိုမိုရရှိခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ကုန်သွယ်မှုမြင့်တက်ခဲ့ခြင်းက အဆိုပါကာလအတွင်း ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၂၈ ဘီလျံအထိရှိပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့် ပို့ကုန်တန် ဖိုးပမာဏထက် ပြည်ပမှတင်သွင်းသည့် သွင်းကုန်တန်ဖိုးပမာဏ ပိုများနေခြင်းကို ဆိုလိုသည်။

လက်ရှိဘဏ္ဍာနှစ်သုံးလကျော်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၂၈ ဘီလျံရှိပြီး ပြည်ပမှသွင်းကုန် တင်သွင်းမှု အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၅၄ ဘီလျံရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလကျော်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် ပြည်ပသို့ တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ၈၈၉ သန်းအထိ ပိုမိုတင်သွင်းထားသည်။

ကုန်သွယ်မှုလိုငွေမှာလည်း အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ၈၈၉ သန်းအထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၈၄၇ ဒသမ ၈၀၄ သန်းအထိ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလကျော်အတွင်း ဖြစ်ပေါ်ခဲ့သော ကုန်သွယ်လိုငွေပမာဏသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၇၂၁ ဒသမ ၉၁၅ သန်းအထိ လျော့ကျခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလကျော်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၁၂၅ ဒသမ ၈၈၉ သန်းသာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၈၄၇ ဒသမ ၈၀၄ သန်းအထိ ရှိခဲ့သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလကျော်တွင် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၇၂၁ ဒသမ ၉၁၅ သန်းအထိ လျော့ကျခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားပြီး ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၈ ဘီလျံအထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။ နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ Fortune Plaza ၌ ပြုလုပ်သည့် “ Myanmar Entrepreneurship Summit 2019” တွင် မီဒီယာများ၏ မေးမြန်းမှုကို ယခု ကဲ့သို့  ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒီနှစ်အတွက် သိပ်မများပါဘူး။ ကုန်သွယ်မှုက ဒေါ်လာ ၃၄ ဘီလျံလောက် မှန်းထားတယ်။ ပို့ကုန်ပိုင်းကတော့ ဒေါ်လာ ၁၈ ဘီလျံလောက် မှန်းထားတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ယခင်နှစ်နည်းတူ ကုန်သွယ်မှုလို ငွေပမာဏ ဒေါ်လာသန်း ၅၀၀ သာ ရှိစေရန် မျှော်မှန်းထားသော်လည်း လက်တွေ့လုပ်ကိုင်ရာ၌ အခက်အခဲများ ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ပမာဏ အမေရိကန်ဒေါ်လာသန်း ၅၀၀ အထိ လျှော့ချရန်မျှော်မှန်းခဲ့သည်။ သို့သော် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

၂၀၁၈ ဘဏ္ဍာနှစ်ကြားကာလ ခြောက်လတွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

 

 

Most Read

Most Recent