နှင်းစိုသည့် လပြာသို

နှင်းစိုသည့် လပြာသို
Published 12 January 2020
အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

လွန်ခဲ့သောနေ့သည် ပြာသိုလပြည့် နေ့ဖြစ်၍ ဖေ့စ်ဘွတ်ခ်တွင် သိင်္ဂါရရသမြောက်သည့် အမေဖွဲ့ စာများကို ဖတ်ရပါသည်။

ဆရာကြီးဦးသုခက ချမ်းလှသော ပြာသိုလပြည့်မှာ နွေးထွေးလှသော အမေ့ရင်ခွင်ကို အစဉ်ထာဝရ သတိရစေရန် ရည်ရွယ်ပြီး အမေများနေ့ဟု အစပျိုးခဲ့သောကြောင့် ဖြစ်ပါသည်။ အခြေအနေကြောင့် အမေ့ရင်ခွင်နှင့် အချို့သားသမီးများ ကင်းကောင်းကင်းခဲ့ရသော်လည်း အများစုကတော့ နွေးထွေးသည့်အမေရင်ခွင်၌ ခုံမင်နှစ်ခြိုက်စွာ မှေးစက်ခဲ့ကြရပါသည်။

ပိဋကတ်စာပေကို ထောက်ဆ၍ ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်နေ့ဟု ဆိုကြ၏။ ဘုရားမြတ်စွာသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ၀ါဆိုလပြည့်နေ့တွင် တရားဦးအဖြစ် ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူပြီး ထိုနှစ်ဝါတွင်း၌ ပဥ္စဝဂ္ဂီငါးဦး၊ ယသနှင့် သူငယ်ချင်း ၅၄ ဦးတို့ကို ဧဟိဘိက္ခုရဟန်းများ ပြုပေးပြီး ၎င်းတို့နှင့်အတူ မိဂါဝုန်တွင် ပထမဝါ ကပ်တော်မူပါသည်။

၀ါကျွတ်ချိန်၌ ဥရုဝေလတောသို့ ကြွတော်မူစဉ် ကပ္ပာသိကတောအုပ်၌ ဘဓ္ဒဝဂ္ဂီ ညီနောင် ၃၀ တို့ကို ဧဟိဘိက္ခု ရဟန်းပြုပေးပြီးနောက် နတ်တော်လကုန် ပြာသိုလဆန်း၌ ရသေ့တစ်ထောင် ကဿပညီနောင်တို့ရှိရာသို့ ဥရုဝေလတောအုပ်သို့ ရောက်တော်မူပါသည်။

ကဿပမျိုးနွယ်ဝင် အစ်ကိုကြီး ဥရုဝေ လကဿပ ရသေ့က တပည့် ၅၀၀၊ ညီအလတ် နီကဿပ ရသေ့က တပည့် ၃၀၀၊ ညီအငယ်ဆုံး ဂယာကဿပက ရသေ့က တပည့် ၂၀၀ တို့ကို ဦးဆောင်လျက် ဂိုဏ်းဆရာကြီးများ ဖြစ်ကြရုံမျှမက တပည့်ကာ/ ကာမ များစွာဖြင့် ကျော်ကြားထင်ရှားနေကြသူများလည်း ဖြစ်ကြ၏။

၎င်းင်းတို့သည် ဘုရားပွင့်တော် မမူစဉ်ကပင်လျှင် လူဘဝတွင် ဗေဒင်ကျမ်းတတ်ပညာရှင်များ ဖြစ်ကြပြီး ဗေဒင်ပညာရပ်၌ မျက်မှောက်အကျိုးကိုသာ တွေ့မြင်ရ၍ တမလွန်အကျိုးကို မတွေ့မြင်နိုင်သောကြောင့် ရသေ့ဝတ်လာကြခြင်း ဖြစ်ပါသည်။

ဘုရားမြတ်စွာသည် ဥရုဝေလကဿပထံ ခွင့်ပန်ပြီး မီးတင်းကုတ်၌ နဂါးကြီးကို ဆုံးမခြင်းစသောတန်ခိုးပြာဋီဟာ ၃၅၀၀ ကို ပြတော်မူလျက် ဥရုဝေလကဿပ၏ ဉာဏ် ဣန္ဒြေရင့်သန်ခြင်းကို စောင့်ဆိုင်းတော်မူလျက် ကိုယ့်ကိုယ်ကိုယ် ရဟန္တာဟု အထင်ကြီးလျက် ဖြစ်နေသော ဥရုဝေလကဿပကို “ ကဿပ၊ သင်ကား ရဟန္တာ မဟုတ်သည့်အပြင် ရဟန္တာဖြစ်လောက်သော အကျင့်ပင် သင့်မှာမရှိ” ဟု ဆိုဆုံးမတော်မူလျက် သတိသံဝေဂ ရစေပါသည်။

ပါရမီရှင်ပီပီ သတိသံဝေဂရပြီး ဘုရားရှင်ထံ ညီများ၊ တပည့်များနှင့်အတူ ဧဟိ ဘိက္ခုရဟန်း ဝတ်ကြ၏။

ဘုရားရှင်သည် ကဿပညီနောင်တို့သည် ဘဝများစွာ သံသရာတစ်လျှောက်လုံး ယခုဘဝတိုင် မီးပူဇော်ခြင်း အကျင့်ကို ခုံမင်စွဲလမ်းစွာ ကျင့်သူများ ဖြစ်ကြ၍ ဂယာသီသ (ဆင်ဦးခေါင်နှင့်တူသော) တောင်သို့ ခေါ်ဆောင်ကာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိ အတွေ့၊ အကြံ၊ အတွေး၊ မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ တွေးသိစိတ်နှင့် ဖဿခြောက်ထွေ ဝေဒနာ ခြောက်ဝတို့၌ ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊ သောကမီး၊ ပရိဒေဝမီး၊ ဒုက္ခမီး၊ ဒေါမနဿမီး၊ ဥပါယာသမီး ဟူသော တစ်ဆယ့်တစ်တန်သော မီးတို့ အမြဲမပြတ် တရစပ် တောက်လောင်ခြင်းကို ပြဆိုသော အာဒိတ္တသုတ်တော်ကို ဟောကြားတော်မူပါသည်။ ဒေသနာတော်အဆုံး၌ ကဿပ ညီနောင် ရသေ့တစ်ထောင်တို့ ရဟန္တာ ဖြစ်ကြ၏။ ထိုနေ့သည် ပြာသိုလပြည့်နေ့ဟု ဆိုကြသော်လည်း အမှန်မှာ ပြာသိုလပြည့် မရောက်မီနေ့ ဖြစ်ပါသည်။ (မဟာဗုဒ္ဓဝင် ဒုတိယအုပ်) အဘယ်ကြောင့်ဆိုသော် ရဟန္တာများ ဖြစ်ကြပြီးနောက် ယင်းတို့နှင့်အတူ တောထွက်တော်မူလာစဉ်က ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းနှင့် တွေ့ဆုံခိုက် ဘုရားဖြစ်လျှင် အဦးဆုံးကြွခဲ့မည်ဟု ကတိစကားရှိခဲ့၍ ပြာသိုပြည့်နေ့တွင် ရာဇဂြိုဟ်မြို့သို့ ကြွတော်မူသောကြောင့် ဟူ၏။

“ ဖွားချက်မြို့ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဖသုဒ္ဓေါ၊ ဒကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချာရာဟု၊ မျှော်ရာရှုလျက်၊ တစ်စုတရုံ၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြတ်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွှမ်းလျက်၊ မျက်ရမ်းတိထိ၊ မျှော်ချင်ဘိဟု ကြားသိတုံလို” ။

“ ယခုပင်ကိုယ်၊ ရာဇဂြိုဟ်သို့၊ ပြာသိုလက၊ ရောက်လေစွ-ဟု၊ ကြားကမဆည်၊ နေမတည်ခဲ့၊ ချစ်သည်လွန်ကြူး ငါ့သားဦးကို”

ဘုရားမြတ်စွာ ရာဇဂြိုဟ်မြို့သို့ ရောက်နေသည်ကို  ကြားသိရချိန်၌ ဇာတိမွေးရပ်မြေ ကပိလဝတ်ပြည်မှ ခမည်းတော်သုဒ္ဓေါနမင်းကြီးနှင့် ဆွေတော်မျိုးတော်များ သားတော်နှင့် ခွဲခွာရသည်မှာ ခြောက်နှစ်ကျော် ကြာပြီဖြစ်၍ ချစ်ရသည့်သားဦးကို လွမ်းတသသ တွေ့ချင်လွန်းလှသဖြင့် မနေနိုင်၊ မထိုင်နိုင် ဖြစ်နေရရှာပါသည်။ အလွန်တရာ လွမ်းဆွတ်တမ်းတ ဖူးချင်နေကြ၏။

ဗိမ္ဗိသာရမင်းကြီးသည် နောက်လိုက် ရဟန်းတစ်ထောင်တို့နှင့်အတူ ဘုရားရှင် ကြွတော်မူလာပြီး ထန်းတောဥယျာဉ်၌ သီတင်းသုံးတော်မူနေသည်ကို ကြားသိသည်နှင့် မင်းပရိသတ် တစ်သိန်းနှစ်သောင်း ခြံရံလျက် ဘုရားဖူးတရားနာယူရန် ရောက်လာကြ၏။ ဒေသနာတော်အဆုံး၌ မင်းကြီးသည် ပရိသတ် တစ်သိန်းတစ်သောင်းနှင့် အတူသော တာပန်အရိယာအဖြစ်သို့ ရောက်ပြီး၊ တစ်သောင်းသော ပရိသတ်သည် ဗုဒ္ဓဘာသာအဖြစ် ခံယူကြပါသည်။ မင်းကြီးသည် ဘုရားရှင်အား သူပိုင် ဝေဠုဝန်ဥယျာဉ်ကို ဝေဠုဝန်ကျောင်းအဖြစ် လှူဒါန်းပါသည်။ ကျောင်းတော်အစ ဝေဠုဝန်ကဟု သာသနသမိုင်းဝင် ဖြစ်ရပ်သည် ပြာသိုလပြည့်နေ့ ဖြစ်ပါသည်။

နောက်တစ်နေ့တွင် သိကြားမင်းက ကျောင်းသားအသွင်ဖြင့် “ ကိုယ်တော်တိုင် သံသရာမှ ကူးမြောက်တော်မူပြီးသော၊ ကိုယ်တော်တိုင် ကိလေသာတို့မှ လွတ်မြောက်တော်မူပြီးသော၊ ကိုယ်တော်တိုင် ကိလေသာ ခပ်သိမ်းအပူ ငြိမ်းတော်မူပြီးသော၊ ကိုယ်တော်တိုင် ယဉ်ကျေးတော်မူပြီးသော မြတ်စွာဘုရားသည်  ယခုအခါ ကိုယ်တော့်နည်းတူ သံသရာမှ ကူးမြောက်တော်မူပြီးသော၊ ကိလေသာတို့မှ လွတ်မြာက်တော်မူပြီးသော၊ ကိလေသာခပ်သိမ်း အပူငြိမ်းတော်မူပြီးသော၊ ယဉ်ကျေးတော်မူပြီးသော နောက်လိုက် သံဃာတစ်ထောင်တို့နှင့်အတူ ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွတော်မူလာပါပြီ ခင်ဗျာ” ဟု ဗျို့ဟစ်ပါသည်။ ‘ ဆွမ်းတော်ဗျို့ ဆိုတာ သိကြားမင်းက စခဲ့တာ၊ ရှေးဘုရားရှင်များနည်းတူ ဘုရားဆွမ်းခံ စကြွခဲ့တာ နှင်းဆိုသည့် ဤပြာသိုရယ်ပါ’ ။

ပြာ-ပျားဖယောင်းတို့ကို၊ သို-သိုမှီး၊ သိုလှောင်၊ စုဆောင်း၊ သိမ်းဆည်းသည့် ကာလဖြစ်၍ ဤလကို ပြာသိုလဟု ခေါ်ဆိုကြောင်းနှင့် ဤလတွင် ပျားဖယောင်းတို့ကို များစွာ စုဆောင်း၍ ရနိုင်ကြောင်း စာပေတို့တွင် ဖတ်ရှုရပါသည်။ ပြာသိုလ၏ ရာသီပန်းကား ခွာညိုပန်းဖြစ်၍ ပွဲတော်သည်ကား မြင်းခင်းသဘင်ပွဲတော် ဖြစ်ပါသည်။

“ နှင်းသွန်တဲ့ ဟေမန်မှာ၊ ထွန်းဝေယံ သာသလင်းမှာမှ၊ မြင်းခင်းတော်ညီလာခြိမ့်နှင့် ကျွန်းငြိမ့်သဘင်၊ ခါပြာသိုမူ၊ ခွာညိုပျံ့တုန်း၊ ရနံ့ငယ်ဖုန်းလို့”

“ တိမ်ခြေငယ်ရှင်းပါလို့၊ မြူနှင်းငယ်စိုစို၊ လပြာသိုမှာ၊ နွယ်ခွာညို မြိုင်မြိုင်နှင့်၊ လှိုင်လှိုင်သင်းတဲ့ လကိုလေး”

ပြာသိုလ၌ ထင်ရှားသည့် သင်္ကေတမှာ မိုးမလင်းမီကပင် ငွေနှင်းရည်ပုလဲဥတို့ ဖွဲဖွဲသဲသဲ တဖျောက်ဖျောက် ကျနေခြင်း ဖြစ်ပါသည်။ ခွာညိုပန်းတို့ မြိုင်မြိုင်ဆိုင်ဆိုင် လှိုင်လှိုင်ပွင့်ကြသည်ဆိုသော်လည်း ခွာညိုပန်းကိုကား မတွေ့ရ၊ ရန်ကုန်မြို့တွင်း၌ နှင်းကျသည်မှာ မထင်ရှားသော်လည်း မြို့ပြင်ရောက်သည်နှင့် အဆုပ်လိုက် ပက်ကျဲသလို ရှစ်ခွင်တိုင်း မှိုင်းအုံကာ နှင်းများ ကြဲချနေတတ်၏။ နွယ်မြက်သစ်ပင်တို့၌လည်း နှင်းများ သီးလျက် စိုစွတ်နေ၏။

မန္တလေးတွင် စာသင်နေစဉ်က မြို့တော်သိန်းအောင် အသက်ကြီးသွား၍ ဇာတာစန်းလဂ်ကျချိန် ရုံပွဲမသွင်းရတော့ဘဲ လမ်းဘေးဗလာဇာတ် ကပြချိန်၌ လက်ဝဲသုန္ဒရ အော်ပရာကို အမှတ်ရမိပါသည်။ နောက်ခံကန့်လန့်ကာမှာ မှိုင်းမှိုင်းလရောင်၊ နှင်းများ တသဲသဲသွန်းချနေဟန်၊ ဝိုးတဝါး မဲဇာတစ်ခွင် တောတောင်ရှုခင်းကို မီးဆလိုက်ဖြင့် ပံပိုးပေးထားပြီး လက်ဝဲသုန္ဒရအမတ်ကြီးအဖြစ် သရုပ်ဆောင်သည့် မြို့တော်သိန်းအောင်က အညာစောင်ထူထူကြီး ခြုံကာ မီးဖိုမှာ မီးလှုံလျက် ချမ်းလွန်း၍ မေးရိုက်သံနှင့်အတူ မဲဇာတောင်ခြေရတုကို ရွတ်ပါသည်။

“ လေလည်းရောရာ၊ မိုးမပါဘဲ၊ သံဝါ ဖျောက်ဖျောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊ ယုဂန် ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍” စာကို ဟဲလိုက်သည်မှာ အဆိုနှင့် နောက်ခံ အစပ်အဟပ် အလွန်လိုက်ဖက်လှသဖြင့် ရသမြောက်လွန်းသည်ကို ထိုစဉ်က ကိုယ်တိုင် ခံစားခဲ့ရပါသည်။ နှင်းစိုသည့် လပြာသို ဆောင်းသရုပ်ကို ပီပြင်စွာ ဖော်ထုတ်သည့် ပညာရှင်တို့၏ အနုသုခုမ စွမ်းပကား၏ ဖမ်းစားခြင်းခံရပြီး အမှန်တကယ် မဲဇာရောက်နေဘိသည့်အလား ခံစားကြရပြီး လက်ဝဲသုန္ဒရပေါ် ကရုဏာနှင်းတို့ တဖွဲဖွဲတသဲသဲ ကြွေကျနေပါတော့သည်။

ကျုပ်တို့ ငယ်စဉ်က ဇာတိရွာ ညောင်စာရေးမှာ ပြာသိုလဆိုရင် မနက်စောစော သူ့အိမ်ကိုယ့်အိမ် မိသားစုများ အိမ်ရှေ့ မီးဖိုဘေး၌ စုပြီး မီးလှုံနေကြရင်း ရာသီအစားအစာ ထန်းပင်မြစ် မီးဖုတ်၊ ကိုယ့်လယ်ထွက် ကောက်ညှင်းပေါင်းနှင့် ရေခန်းလက်ကျန် လယ်ကြား ငါးရံ့ခြောက်ဖုတ်နှင့် သူ့အိမ်ရှေ့ မီးဖို၊ ကိုယ့်အိမ်ရှေ့ မီးဖို ကူလူးကြလျက် လက်ရေတပြင်တည်း စားသောက်ရင်း စကားလက်ဆုံကျခြင်းဖြင့် နှင်းစိုစိုချမ်းအေးသည့် လပြာသိုနံနက်ခင်းတို့ကား မမေ့နိုင်စရာ ကျေးလက်ဒေသမျိုး မြန်မာတို့၏ ရိုးရာဘဝတွင် တွေ့မြင်ရမြဲ သဘာဝအလှတို့သာ ဖြစ်ပေတော့သည်တကား။

 

Most Read

Most Recent