၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီက တိုင်းဒေသကြီးမဲဆန္ဒနယ်များကို အဓိကထားယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ်မဲဆန္ဒနယ်များတွင် ပြည်ထောင်စုအဆင့်လွှတ်တော်ကို ဦးစားပေးယှဉ်ပြိုင်မည်

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီက တိုင်းဒေသကြီးမဲဆန္ဒနယ်များကို အဓိကထားယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ်မဲဆန္ဒနယ်များတွင် ပြည်ထောင်စုအဆင့်လွှတ်တော်ကို ဦးစားပေးယှဉ်ပြိုင်မည်
ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်မြို့၌ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်မြို့၌ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
Published 11 January 2020
ဉာဏ်လင်းထွန်း

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးမဲဆန္ဒနယ်များရှိ လွှတ်တော်သုံးရပ်စလုံးကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ်မဲဆန္ဒနယ်များတွင် ပြည်ထောင်စုအဆင့်လွှတ်တော်ကိုသာ ဦးစားပေးယှဉ်ပြိုင်မည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပါတီ၏ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် မူဝါဒနှင့်စပ်လျဉ်း၍ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက်သာ ဦးစားပေးယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

“ တိုင်းဒေသကြီးတွေမှာ လွှတ်တော်သုံးရပ်လုံး ယှဉ်ပြိုင်မယ်။ ပြည်နယ်လွှတ်တော်ဆိုရင် ပြည်ထောင်စုလွှတ်တော်အတွက် ဦးစားပေးယှဉ်ပြိုင်ပြီးတော့ ပြည်နယ်လွှတ်တော်အတွက်ကို ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပါတီနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရခြင်းအဓိက ရည်ရွယ်ချက်က ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဘက်ကို ပိုရောက်တဲ့ခြေလှမ်းဖြစ်ချင်လို့ ဖြစ်ပါတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ၏ မဟာမိတ်မူဝါဒကို ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီးဟူ၍ နှစ်ပိုင်းသတ်မှတ်ထားပြီး ပြည်နယ်လွှတ်တော်များအတွက် တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းက ရွေးကောက်ပွဲမတိုင်မီ မဟာမိတ်မူဝါဒဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် မဲဆန္ဒနယ် ၅၀ မှ ၇၀ ကြား ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်မှန်းထားပြီး ကိုယ်စားလှယ် ဦးရေအားဖြင့် ၂၀၀ မှ ၂၈၀ ကြား ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်း သိရသည်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် သက်ဆိုင်ရာဒေသခံ ထောက်ခံမှုရှိသောသူများ၊ ပုဂ္ဂလိကနှင့် ဌာနဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူများ၊ လွှတ်တော်၏ လုပ်ငန်းသဘောသဘာဝ နားလည်သူများကို ဦးစားပေးရွေးချယ်မည်ဟု သိရပြီး ကိုယ်စားလှယ်ရွေးချယ်ရေး ကော်မတီတစ်ရပ်လည်း ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီက ဆိုသည်။

ပြည်သူ့ရှေ့ဆောင်ပါတီက လက်ရှိကျင့်သုံးနေသော ရွေးကောက်ပွဲစနစ်ဖြစ်သည့် မဲများသူ အနိုင်ရစနစ် (FPTP) ထက် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို လက်ခံသည့် မူဝါဒရှိပြီး ယင်းစနစ်အကောင်အထည်ဖော်နိုင်ရေး ရပ်တည်ချက်တူညီသည့် နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

“ ကျွန်မတို့ PR စနစ်ကို လက်ခံတယ်ဆိုတာ ပါတီစုံဒီမိုကရေစီစနစ် ပိုပြီးအသက်ဝင်အောင် လက်ခံခြင်းဖြစ်ပါတယ်။ အဲဒါကို ပါတီသဘောထားအနေနဲ့ ပြည်သူလူထုကြားမှာ သိရှိမှုတွေများလာအောင် လုပ်မယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် NLD ပါတီမှ နုတ်ထွက်ခဲ့ပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီ တည်ထောင်သူတစ်ဦးအဖြစ် ပါဝင်လာခဲ့သည်။

လတ်တလောအနေအထားအရ ဒေါက်တာသက်သက်ခိုင် ပါတီဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ပါတီဗဟိုကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး သင့်တော်သည့်ကာလတွင် ပါတီဗဟို ညီလာခံကျင်းပမည်ဟု ပါတီဦးဆောင် တည်ထောင်သူ ဦးမြင့်မောင်ထွန်းက ပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီကို စီးပွားရေး လုပ်ငန်းရှင်းများ၊ တတ်သိပညာရှင်များ၊ နိုင်ငံ့ဝန်ထမ်းဟောင်းများ၊ တိုင်းရင်းသား၊ လူငယ်များ စုပေါင်းတည်ထောင်သည်ဟု သိရပြီး ပါတီမှတ်ပုံတင်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ရရှိခဲ့သည်။

 

 

Most Read

Most Recent