နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) တာဝန်ရှိသူများ မြစ်ကြီးနားမြို့၌ ဇန်နဝါရီ ၉ ရက် ညနေပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့တွေ့ဆုံမှု၌ ငြိမ်းချမ်းရေးကိစ္စရပ်များနှင့် IDP (ပြည်တွင်း နေရပ်စွန့်ခွာသူများ /စစ်ဘေးရှောင်များ) နေရပ်ပြန်ရေးကိစ္စရပ်အပေါ် ဆွေးနွေးခဲ့ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့မှုများနှင့်ပတ်သက်၍ KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်က “ကျွန်တော်တို့အားလုံး ပါဝင်ရမယ်ဆိုတဲ့အကြောင်း ပေါ့နော်။ တစ်ယောက်တည်းလည်း ငြိမ်းချမ်းရေး လုပ်လို့မရဘူး။ အားလုံးပါဝင်ပြီးမှ ဆောင်ရွက်ရမယ့် ငြိမ်းချမ်းရေးကိုလုပ်သွားဖို့ အထူးသဖြင့် တိုက်တွန်းသွားတာပေါ့နော်။ ပြောကြားသွားတာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် KBC အနေဖြင့် IDP များ လုံခြုံစွာ နေရပ်ပြန်ရေးကိစ္စကို ဆောင်ရွက်ရန် အဓိကတင်ပြခဲ့ကြောင်း ၎င်းက ပြောကြားသည်။
“အဓိကတော့ IDP တွေနေရပ်ပြန်တဲ့ အချိန်မှာ လုံခြုံစွာ နေရပ်ပြန်ရေးကတော့ KIA နဲ့တပ်မတော်နဲ့ Bilateral Ceasefire က အဓိကဖြစ်တယ်ဆိုတဲ့အကြောင်း၊ အဲဒါ ဖြစ်ဖို့ကလည်း လေးဖွဲ့နဲ့တစ်ပြိုင်တည်း ပထမအဆင့်အနေနဲ့ လက်မှတ်ထိုးဖို့နေရာမှာ တပ်မတော်ဘက်က လက်ခံဖို့လိုတဲ့အကြောင်းပေါ့နော်။ ပြီးမှပဲ Mext Step ကိုသွားတဲ့အချိန်မှာ ကိုယ့်ရဲ့ပေါ်လစီနဲ့ ကိုယ်သွားဖို့ ဖြစ်ပါတယ်ဆိုတဲ့အကြောင်း၊ အဲဒါမှသာလျှင် IDP တွေက လုံခြုံစွာ ပြန်နိုင်မယ်ဆိုတဲ့ အကြောင်းကို တင်ပြခဲ့ပါတယ်” ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC ) တာဝန်ရှိသူများ တွေ့ဆုံပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ကျန်းမာရေးနှင့် အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကချင်ပြည်နယ်နေ့ အခမ်းအနားတက်ရန် လာရောက်ချိန်တွင် KBC သို့လာရောက်လည်ပတ်ခြင်းသည် ငြိမ်းချမ်းရေးတည်ဆောက်နေချိန်၌ ယုံကြည်မှုပိုမိုဖြစ်စေကြောင်း ၎င်းက ဆိုသည်။
“ဒီငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ဒီလိုငြိမ်းချမ်းရေးခေါင်းဆောင်ကိုယ်တိုင်က လာရောက်တွေ့ဆုံမှုအပေါ်မှာ ကျွန်တော်တို့ကတော့ ယုံကြည်မှု နည်းနည်းအားသာသွားတာပေါ့။ ဒီအပေါ်မှာလည်း ကျွန်တော်တို့က ဘယ်လိုဆက်လက်လက်တွဲမယ်ဆိုတာကို ရှေ့ဆက်မယ့် ကျွန်တော်တို့ရဲ့ အစီအစဉ်တွေပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော်တို့ကတော့ အတိုင်ပင်ခံကလည်း ခရစ်ယာန်အဖွဲ့အစည်းများအနေနဲ့ ယေရှုကိုယ်တိုင်က ငြိမ်းချမ်းရေးအရှင် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပိုနားလည်မှာပါဆိုပြီး ပြောခဲ့တဲ့အတွက် ကျွန်တော်တို့ကလည်း ငြိမ်းချမ်းရေးအတွက် အထူးသဖြင့်ကတော့ တရားမျှတဖို့အတွက် ကျွန်တော်တို့က ရှေ့ဆက်ပြီးမှ ဘယ်လိုအစိုးရနဲ့ လုပ်ဆောင်သွားဖို့ လိုသလဲဆိုတာကို တင်ပြလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောကြားသည်။
ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) အား NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် KBC အနေဖြင့် တိုက်တွန်းပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုခဲ့ခြင်း မရှိကြောင်းလည်း ဒေါက်တာခလမ်ဆမ်ဆွန်က ပြောကြားသည်။
လက်ရှိတွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) အပါအဝင် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့လေးဖွဲ့နှင့် အစိုးရတို့ကြား အပစ်အခတ်ရပ်စဲရေး Bilateral Ceasefire စာချုပ်လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးမှုများပြုလုပ်နေပြီး အခြားတစ်ဖက်တွင် တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့အနက် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။