ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ၀ိုင်းဝန်းအဖြေရှာရန်လိုအပ်ကြောင်း PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် ပြောကြား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ၀ိုင်းဝန်းအဖြေရှာရန်လိုအပ်ကြောင်း PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် ပြောကြား
နေပြည်တော်၌ ဇန်နဝါရီ ၇ ရက်က PPST အစည်းအဝေး ပြုလုပ်ရာတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်မိန့်ခွန်းပြောကြားစဉ်
နေပြည်တော်၌ ဇန်နဝါရီ ၇ ရက်က PPST အစည်းအဝေး ပြုလုပ်ရာတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်မိန့်ခွန်းပြောကြားစဉ်
Published 8 January 2020
နေရိုင်း၊ အောင်မင်းသိန်း

NCA စာချုပ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့အစည်းများအားလုံး ပါဝင်မှသာ ပြီးပြည့်စုံ အောင်မြင်မည်ဖြစ်ခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်လာနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ၀ိုင်းဝန်းအဖြေရှာရန်လိုအပ်ကြောင်း PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ဇန်နဝါရီ ၈ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစီအစဉ် အဖွင့်အမှာစကား ပြောကြားရာတွင် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ၊ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ NCA စာချုပ် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းများအားလုံး ပါဝင်မှသာ ပြီးပြည့် စုံအောင်မြင်မှာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်လာနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ၀ိုင်းဝန်းအဖြေရှာကြဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချမှတ်ရာမှာ လက်ရှိဖြစ်ပွားနေတဲ့ အဘက်ဘက်က အခြေအနေတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ပြည်သူလူထုအကျိုး၊ ပြည်ထောင်စု ကောင်းကျိုးကို ဦးထိပ်ထားပြီး ၂၀၂၀ နှစ်သစ်ကူးသည့်အချိန်တွင် တစ်တိုင်းပြည်လုံး မျှော်လင့်စောင့်စားနေသည့် ရလဒ်ကောင်းများကို နှစ်သစ်ကူး လက်ဆောင်မွန်အဖြစ် လက်ရှိ ကျင်းပသည့် JICM အစည်းအဝေးမှ ယူဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က “JICM ဟာ NCA စာချုပ်ရဲ့ ယန္တရားဖြစ်သည်နှင့်အညီ တစ်နှစ်ကျော်ကြာ တည်ရှိနေတဲ့ တစ်ဆို့မှုတွေ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းများကို ဒီအစည်းအဝေးကနေ ချမှတ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ဆို့မှုကျော်လွှားရေး နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေအတွက် ဆွေးနွေးညှိနှိုင်းရမယ့် အကြောင်းအရာတွေကို JICM ကနေ ချမှတ် အတည်ပြုပေးမှာ ဖြစ်ပါတယ်။ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွေ တရားဝင်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးအတွက် လမ်းဖွင့်ပေးရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

၂၀၂၀ နှစ်လယ်ခန့်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပနိုင်ရေးကို ဦးတည်၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။    

 

 

Most Read

Most Recent