၂၀၂၀ ပြည့်နှစ် နှစ်လယ်မတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေး အဓိက ဆွေးနွေးဆုံးဖြတ်မည့် ရှစ်ကြိမ်မြောက် JICM အစည်းအဝေး ယနေ့ ကျင်းပမည်

၂၀၂၀ ပြည့်နှစ် နှစ်လယ်မတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေး အဓိက ဆွေးနွေးဆုံးဖြတ်မည့် ရှစ်ကြိမ်မြောက် JICM အစည်းအဝေး ယနေ့ ကျင်းပမည်
နေပြည်တော်တွင် ဇန်နဝါရီ ၇ ရက်က PPST  အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-အောင်မင်းသိန်း)
နေပြည်တော်တွင် ဇန်နဝါရီ ၇ ရက်က PPST အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-အောင်မင်းသိန်း)
Published 8 January 2020
အောင်မင်းသိန်း၊ မင်းနိုင်စိုး

၂၀၂၀ ပြည့်နှစ် နှစ်လယ်မတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် အဓိကဆွေးနွေး ဆုံးဖြတ်မည့် ရှစ်ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အား ယနေ့ (ဇန်နဝါရီ ၈ ရက်) တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။

အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက် ဆွေးနွေးခွင့်ရှိသည့် JICM အစည်းအဝေး၏ ခုနစ်ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပပြီးနောက် ထပ်မံကျင်းပနိုင်ခြင်းမရှိတော့ဘဲ ယခု အခါ နှစ် နှစ်နီးပါးခန့်အကြာတွင် ပြန်လည်ကျင်းပနိုင်ခြင်း ဖြစ်သည်။

“ဆွေးနွေးမယ့်အကြောင်းအရာ ခေါင်းစဉ်ကတော့ ကျွန်တော်တို့ အလုပ်အဖွဲ့မှာ သဘောတူထားတဲ့ ဟာပါပဲ။ UPC ကိစ္စကိုပဲ ကျွန်တော်တို့ ဦးစားပေးဆွေးနွေးသွားမှာပါ။ UPC ပြင်ဆင်ဖြစ်ဖို့ကိုပဲ အဲဒါကို ဦးစားပေး ခေါင်းစဉ်အနေနဲ့ထားပြီး ဆွေးနွေးသွားမှာပါ”ဟု JICM အစည်းအဝေးသို့ တက်ရောက်မည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

ယခု JICM အစည်းအဝေးတွင် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကို အဓိကဆွေးနွေးပြီး တစ်ဆက်တစ်စပ်တည်း အနေဖြင့် ပစ်ခတ်တိုက်မှု ခိုင်မာအောင် ဆောင်ရွက်ရေးကိစ္စနှင့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကာ အဓိကအားဖြင့် နှစ်ဖက်အလုပ်အဖွဲ့အကြား သဘောတူထားသည့်ကိစ္စများကို အကြီးအကဲများက သဘောတူညီကြောင်း လက်မှတ်ရေးထိုး၍ အတည်ပြုပေးရန်သာဖြစ်ကြောင်း နိုင်အောင်မငေးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) တွင် JICM အစည်းအဝေး ညှိနှိုင်းရေးအဖွဲ့များဖြစ်ကြသည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ JICM အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် သဘောထား စုစည်းချက် ရှစ်ချက် ရရှိခဲ့သည်။

အဆိုပါသဘောထားစုစည်းချက်ရှစ် ချက်ထဲတွင် ၂၀၂၀ ပြည့်နှစ် နှစ်လယ်မတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပရန်၊ နိုင်ငံရေးဆွေးနွေးမှုနှင့် ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်ရန်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) တွင် တပ်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေးရန်၊ NCA အ ဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက်၍ မည်သို့ ဆောင်ရွက်မည်ကို ဆွေးနွေးရန်နှင့် ၂၀၂၀ အလွန်တွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူ ဘောင်ကို ပြင်ဆင်၍ မည်သို့ရှေ့ဆက်သွား မည်ကို ဆွေးနွေးရန်တို့ ပါဝင်သည်။

ယခု JICM အစည်းအဝေးသို့ အဆုံး အဖြတ်ပေးနိုင်သော ခေါင်းဆောင်ပိုင်းများ တက်ရောက်မည် ဖြစ်ကြောင်းနှင့် ယခုအစည်း အဝေးတွင်  ယခင် အစည်းအဝေးများကဲ့သို့ပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တက်ရောက်၍ မိန့်ခွန်းပြောကြားရန်ရှိကြောင်း နိုင်အောင်မငေးက ပြောကြားသည်။

JICM အစည်းအဝေးတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်ဆို့နေသော အကြောင်းအရာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ဖြေရှင်း ၍မရသောကိစ္စများ၊ နှစ်ဖက်ညှိနှိုင်း၍မရသော ကိစ္စများကို UPDJC တွင် ထိပ်သီးခေါင်းဆောင်များက ဆွေးနွေးမည်ဖြစ်၍ အလွန်ပင်အရေးကြီးကြောင်း နိုင်အောင်မငေးက ပြောကြားသည်။

ယနေ့ (ဇန်နဝါရီ ၈ ရက်)တွင် ကျင်းပမည့်  JICM အစည်းအဝေး၌ အားလုံးအတွက် မျှော်လင့်စောင့်စားနေသည့် အဖြေများ၊ ရလဒ်များရမည်ဟု ယုံကြည်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောကြားသည်။

ဇန်နဝါရီ ၇ ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ပြုလုပ် သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ (NCA-SEAO) ၏  ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team - PPST) အစည်း အဝေး (၀၇/၂၀၂၀) အပြီး ဇန်နဝါရီ ၈ ရက်တွင်ပြုလုပ်မည့် JICM အစည်းအဝေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်မှူးကြီး စိုင်းငင်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မနက်ဖြန် ဆွေးနွေးတဲ့အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် ပြောနိုင်တာကတော့ အားလုံးအတွက် မျှမျှတတဖြစ်စေတဲ့၊ အားလုံးလက်ခံနိုင်တဲ့၊ အားလုံး မျှော်လင့်စောင့်စားနေတဲ့ အဖြေတွေတော့ ရမယ်လို့၊ ရလဒ်တွေရမယ်လို့တော့ လုံးဝယုံ ကြည်မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ အခုဒီအစည်းအဝေးဖြစ်ဖို့ရာလည်း ကျွန်တော်တို့က တော်တော်အချိန်ယူရတယ်။   အစည်းအဝေးအတွက်လည်း ပြင်ဆင် ရေးဆိုတဲ့ အလုပ်အဖွဲ့တွေ၊ ညှိနှိုင်းရေးအဖွဲ့ တွေလည်း နှစ်ကြိမ်တိုင်တိုင် လုပ်ရတယ်ဆို တော့ ဘာမှသိပ်ပြီး အထစ်အငေါ့တွေတော့ မရှိနိုင်လောက်ဘူးလို့ပဲ မြင်ပါတယ်” ဟု ဗိုလ် မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ဇန်နဝါရီ ၇ ရက်က ပြုလုပ်သည့် PPST အစည်းအဝေး၏ အဓိက ဆွေးနွေးချက်များသည် ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်မည့်  JICM အစည်းအဝေးအတွက် ပြင်ဆင်သည့် အစည်း အဝေးဖြစ်ပြီး အစည်းအဝေးရလဒ်ကို ပြန်ချုပ် လိုက်မည်ဆိုပါက JICM အစည်းအဝေးအတွက် မည်သည့် ခေါင်းစဉ်များ ဆွေးနွေးကြမည်ဆိုသည့် အနေအထားသာပါကြောင်း ၎င်းက ပြောကြားသည်။

“ဒီမှာကတော့ အသေးစိတ်ပြောလို့ မရဘူး။ ဒါပေမဲ့ အားလုံးသိသလိုပဲ။ အခု ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကလည်း တရားဝင်သွားဖို့ကလည်း တစ်နှစ်ကျော် မကျင်းပနိုင်တဲ့ အနေအထားရှိတယ်။ ဒါကြောင့် အဓိကကတော့ အဲဒီကိစ္စပါပဲ။ တစ်ဆို့မှုတွေကို ကျွန်တော်တို့ ဘယ်လိုကျော်လွှားနိုင်မလဲ။ ပြီးတော့ မူအရတော့ ကျွန်တော်တို့ အားလုံးကပဲ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဒီနှစ်ထဲမှာတော့ လုပ်ကြရအောင်ဆိုတဲ့ သဘောထားရှိတယ်ဆိုတော့ အဲဒီအပေါ်မှာ ဦးတည်ပြီးတော့ပဲ တစ်ဆင့်ပြီး တစ်ဆင့်ပေါ့။ အဲဒီလိုဆက်သွားဖို့ရှိတယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ချုပ်ပြီးပြောလိုက်မယ်ဆိုရင် မနက်ဖြန်အတွက် ကျွန်တော်တို့ JICM အစည်းအဝေးတက်ဖို့ ကျွန်တော်တို့ဘက်က ဆုံးဖြတ်တယ်။ ဆွေး နွေးမယ့် အကြောင်းအရာတွေကိုလည်း သတ် မှတ်နိုင်တယ်။ နောက်ပြီး JICM အစည်းအ ဝေးပြီးတာနဲ့ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ် တွေကိုလည်း ချမှတ်နိုင်ခဲ့တယ်” ဟု ဗိုလ်မှူး ကြီးစိုင်းငင်းက ပြောကြားသည်။

ယနေ့(ဇန်နဝါရီ ၈ ရက်)တွင် ပြုလုပ်မည့် JICM အစည်းအဝေးသို့ NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့က ခေါင်းဆောင် ၁၀ ဦးတက်ရောက်မည်ဖြစ်ပြီး ယင်းအစည်းအဝေးကို တက်ရောက်မည့် ခေါင်းဆောင်များသည် သက်ဆိုင်သည့်အဖွဲ့အစည်းနှင့်ပတ်သက်၍ ဆွေးနွေးနိုင်သော၊ ဆုံးဖြတ်နိုင်သော အခွင့်အရေးများကို ပေးအပ်လိုက်သူများဖြစ် ကြောင်း ၎င်းက ဆိုသည်။

“အဓိက ကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ပြောပြောနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပေါ့။ ဒီကိစ္စ ဘယ်လို လုပ်ကြမလဲ။ ဘယ်လိုချဉ်းကပ်မလဲ။ ဘယ်အစီအစဉ်တွေ၊ လုပ်ငန်းစဉ်အဆင့်ကို ဘယ်လိုချမှတ်မလဲ။ အဲဒါပါပဲ။ အကယ်၍ လာမယ့် ၂၀၂၀ အလွန်မှာလည်း ဒီကိစ္စကို ဘယ်လို ဆက်သွားမယ်ဆိုတဲ့ဟာကို အဓိက ဟိုက်လိုက်လုပ်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

၂၀၂၀ အလွန်တွင် တိုင်းရင်းသားများ အနေဖြင့် မည်သည့်စဉ်းစားချက်မျိုး တင်ပြထားခြင်းရှိသလဲဟု မေးမြန်းမှုနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးစိုင်းငင်းက “ကျွန်တော်တို့ဘက်က ကိုယ်ဖြစ်လိုတဲ့ဟာမျိုးတွေပေါ့။ ဥပမာ ၂၀၂၀ မှာ ကျွန်တော်တို့ ဘယ်ပုံစံနဲ့ ဆက်သွား မလဲဆိုတဲ့ဟာ။ ဘယ်လိုအဆင့်မျိုးနဲ့ ဖက် ဒရယ်တည်ဆောက်တဲ့နေရာမှာဆိုတဲ့ ဒီ လောက်ပဲ ပြောနိုင်ပါတယ်” ဟု ပြန်လည်ဖြေ ကြားသည်။

JICM ၏ လုပ်ငန်းတာဝန်များအရ JICM အစည်းအဝေးကို သုံးလလျှင် တစ်ကြိမ် သို့မဟုတ် အရေးကြီးလျှင် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပရန် သတ်မှတ်ထားသော်လည်း ၂၀၁၈ ခုနှစ် အောက်တိုဘာ လလယ်တွင် နေပြည်တော်၌ ကျင်းပခဲ့သော အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ထိပ်သီး ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် JICM အစည်းအဝေး အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ ရပ်တန့်ခဲ့သည်။

Most Read

Most Recent