သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ရွေးကောက်ပွဲယှဉ်ပြိုင်ရာတွင် ရာထူးအရှိန်အဝါ အားသာချက်ကို မသုံးသည့်အခြေအနေ ဖြစ်လိမ့်မည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား

သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ရွေးကောက်ပွဲယှဉ်ပြိုင်ရာတွင် ရာထူးအရှိန်အဝါ အားသာချက်ကို မသုံးသည့်အခြေအနေ ဖြစ်လိမ့်မည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 4 January 2020
ဉာဏ်လင်းထွန်း

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ အဆောင်အယောင်များဖြင့် ရွေးကောက်ပွဲ မဲဆွယ်နိုင်သည့် အခွင့်အရေးရှိသော်လည်း ၎င်းတို့အနေဖြင့် ထိုသို့ဥပဒေအားသာချက်များကို အသုံးချယှဉ်ပြိုင်ခြင်းမျိုး မဖြစ်ရန် ကြိုးစားဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင် ဇန်နဝါရီ ၄ ရက်က ကျင်းပသည့် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အနေဖြင့် ဥပဒေအရ အားသာချက်ရှိသည်မှာ မှန်သော်လည်း ယင်းအားသာချက်များကို တမင်ရယူထားခြင်းမဟုတ်သကဲ့သို့ ၎င်းတို့နှစ်ဦးသည် ထိုသို့တစ်ဖက်သတ် အသာစီးရယူမှုများကို နှစ်သက်ကြသူများမဟုတ်ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ အဲဒီတော့ ဒီလိုအားသာမှုမျိုးမဖြစ်အောင် ပုဂ္ဂလိကအနေနဲ့ ယှဉ်ပြိုင်အရွေးခံခြင်းဖြစ်အောင် ကြိုးစားဆောင်ရွက်လိမ့်မယ်လို့ ကျွန်တော်တို့ သိထားပါတယ်ခင်ဗျ။ ရာထူး တာဝန်ရဲ့ အဆောင်အယောင် အရှိန်အဝါကို မသုံးတဲ့ ဒီအခြေအနေဖြစ်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

NLD ပါတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

သို့သော်မည်သည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ကို ပြောကြားခြင်း မရှိသေးပေ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် သမ္မတဦးဝင်းမြင့်သည် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ရှိနေခြင်းနှင့် လက်ရှိ အာဏာရပါတီဖြစ်ခြင်းတို့က ရွေးကောက်ပွဲယှဉ်ပြိုင်ရာတွင် NLD ပါတီ၏ အားသာချက်များဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် ပြည်သူ့ပါတီ၏ ရွေးကောက်ပွဲအကြို ပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ စကားဝိုင်းတွင် ပြောကြားခဲ့သည်။

“ ဒါက ကျွန်တော်တို့ ဘာမှငြင်းဆန်လို့လည်း မရဘူး။ ဝေဖန်လို့လည်း မရဘူး” ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်မတိုင်မီ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် မဲဆွယ်စည်းရုံးရေး မဆောင်ရွက်ရဟု ဥပဒေတားမြစ်ချက်မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က နိုဝင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ တွင် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ အဆောက်အအုံနှင့် ယာဉ်တို့ကို တရားဝင် ရရှိထားသူများအနေဖြင့် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

“ နိုင်ငံတော်သမ္မတတို့၊ နိုင်ငံတော်အတိုင်ပင်ခံတို့ကို ပေးအပ်ထားတဲ့ ကားတို့ပေါ့။ ဒါသူတို့လုံခြုံရေးအတွက် နိုင်ငံတော်က စီစဉ်ပေးတာ။ သူတို့ လုံခြုံရေးအတွက် စီစဉ်ပေးထားတဲ့ကိစ္စကို ဥပဒေအရ မလုပ်ရဘူးလို့ တားမြစ်ထားတာ မရှိပါဘူး” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို  ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောကြားသည်။

 

 

Most Read

Most Recent