တစ်ဝက်တစ်ပျက် ပြုပြင်ထားသော မြန်မာ့သရက်သီး တန်ချိန် ၈၀၀၀ မှ ၁၀၀၀၀ အထိ တရုတ်နိုင်ငံသို့ တင်ပို့မည်

တစ်ဝက်တစ်ပျက် ပြုပြင်ထားသော မြန်မာ့သရက်သီး တန်ချိန် ၈၀၀၀ မှ ၁၀၀၀၀ အထိ တရုတ်နိုင်ငံသို့ တင်ပို့မည်
Published 4 January 2020

တစ်ဝက်တစ်ပျက် ပြုပြင်ထားသော မြန်မာ့သရက်သီး တန်ချိန် ၈၀၀၀ မှ ၁၀၀၀၀ အထိ တရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့သရက်သီးများ တင်ပို့နိုင်ရေးအတွက် နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူးရုံးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ဒုတိယပတ်တွင် မြန်မာနိုင်ငံမှ Myanmar Golden Produce co.,Ltd နှင့် တရုတ်နိုင်ငံမှ Gangxi Bao Saurce Garden food Co.,Ltd တို့အကြား နားလည်မှု စာချွန်လွှာတစ်ခုကို ရေးထိုးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှထွက်ရှိသော တစ်ဝက်တစ်ပျက် ပြုပြင်ထုတ်လုပ်ထားသော သရက်သီးများကို တင်ပို့ရောင်းချနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ခြင်းဖြစ်သည်။ ၎င်းနားလည်မှု စာချွန်လွှာအရ ၂၀၂၀ ပြည့်နှစ် မေမှ ၂၀၂၃ ခုနှစ် သြဂုတ်အကြား မြန်မာနိုင်ငံမှ တစ်ဝက်တစ်ပျက် ပြုပြင်ထုတ်လုပ်ထားသော သရက်သီးကုန်ကြမ်း မက်ထရစ်တန်ချိန် ၈၀၀၀ မှ ၁၀၀၀၀ ကြားကို မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းမှ တရုတ်နိုင်ငံ ချင်ကျိုးဆိပ်ကမ်းသို့ အအေးခန်းကုန်သေတ္တာများဖြင့် တင်ပို့ရောင်းချသွားရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ထိုသို့ တင်ပို့ရောင်းချနိုင်ရေးအတွက်  စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသော ကုမ္ပဏီ နှစ်ရပ်တို့အကြား ထုတ်လုပ်မှုနည်းပညာ၊ စျေးနှုန်းနှင့် အရည်အသွေးစံချိန်စံနှုန်းများကို ဆက်လက်ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံမှ တင်ပို့သော သရက်သီးမှာ တရုတ်နိုင်ငံ၏ အကောက်ခွန်စာရင်းတွင် ပါဝင်ပြီးဖြစ်ကာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့မှုကို ခွင့်ပြုထားသည်။

တရုတ်နိုင်ငံ၏ အကောက်ခွန်စာရင်းတွင် ပါဝင်ပြီးဖြစ်သည့်အတွက် ပင်လယ်ရေကြောင်းမှ တင်ပို့ခွင့်ရ/မရနှင့် ဆိပ်ကမ်းမှ တင်ပို့ပါက အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများမှ မည်သည့်လိုအပ်ချက်များ ဆောင်ရွက်ပေးရမည်ကို တရုတ်နိုင်ငံ နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူးရုံးမှ အစိုးရဌာနအချင်းချင်း ချိတ်ဆက်လျက် ဆက်လက်မေးမြန်းကာ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အကောက်ခွန်စာရင်းတွင် ပါဝင်ပြီးဖြစ်သည့် သစ်သီးဝလံများကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအစိုးရဌာနဘက်မှ ဆောင်ရွက်ပေးရမည့်အချက်များ ရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ မြန်မာနိုင်ငံ အစိုးရဌာနများသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နန်နင်းမြို့ရှိ စီးပွားရေးသံမှူးက ပြောကြားသည်။

 

Most Read

Most Recent