လုံခြုံရေးအခြေအနေကြောင့် ကာတာလေ့ကျင့်ရေးခရီးစဉ်ကို အမေရိကန်အသင်း ဖျက်သိမ်း

လုံခြုံရေးအခြေအနေကြောင့် ကာတာလေ့ကျင့်ရေးခရီးစဉ်ကို အမေရိကန်အသင်း ဖျက်သိမ်း
Photo: USA Football team
Photo: USA Football team
Published 4 January 2020

အရှေ့အလယ်ပိုင်းဒေသတွင် အမေ ရိကန်နှင့် အီရန်နိုင်ငံတို့ စစ်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေရှိနေသဖြင့် ကစားသမားများ ၏ လုံခြုံရေးအတွက် ကာတာလေ့ကျင့်ရေး ခရီးစဉ်ကို ဖျက်သိမ်းကြောင်း အမေရိကန် ဘောလုံးအဖွဲ့ချုပ် (USSF) က ဇန်နဝါရီ (၃) ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

အမေရိကန်လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းသည် ဇန်နဝါရီ (၅) ရက်မှ (၂၅) ရက်အထိ ကာတာနိုင်ငံ၌ သွားရောက် လေ့ကျင့်ရန် စီစဉ်ထားသော်လည်း ရက်ပိုင်း အလိုမှာပင် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

အီရန်နိုင်ငံ၏ ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆင်ဆိုလေမာနီသည် ဇန်နဝါရီ (၃) ရက်က အီရတ်နိုင်ငံရှိ ဘဂ္ဂဒက်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သဖြင့် နှစ်နိုင်ငံအကြားတင်းမာမှုအခြေအနေမှာ အမြင့်ဆုံး သို့ ရောက်ရှိသွားခဲ့သည်။ 

အီရန်လိုလားသည့် လူအုပ်စုက အမေရိကန်သံရုံးကို စီးနင်းမှုဖြစ် ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆိုလေမာနီကိုရှင်းလင်းရန် အမိန့်ပေးခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုထားပြီး အီရန်အစိုးရကလည်း ၎င်းသေဆုံးမှုအတွက် ပြင်းပြင်းထန်ထန် တုံ့ပြန်လက်စားချေမည်ဟု ထုတ်ပြန်ခဲ့သောကြောင့် စစ်ပွဲ ဖြစ်ပွားနိုင်သည့် အခြေအနေရှိနေကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

သို့ဖြစ်ရာ USSF က ယခုခရီးစဉ်ကို ဖျက်သိမ်း၍ အနာဂတ်ကာလမှသာ ကာတာ သို့ ပြန်လည်သွားရောက်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံ၌သာ လေ့ကျင့်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။



 

 

Most Read

Most Recent