အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှပဲမျိုးစုံအား စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးအပါအဝင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေး

အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှပဲမျိုးစုံအား စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးအပါအဝင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေး
ချောက်မြို့နယ်အတွင်းရှိ ပဲတီစိမ်းခူးဆွတ်သည့် လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
ချောက်မြို့နယ်အတွင်းရှိ ပဲတီစိမ်းခူးဆွတ်သည့် လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
Published 4 January 2020
  ဇေယျာငြိမ်း

အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှပဲမျိုးစုံအား စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးအပါအဝင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း စီးပွာရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် အိန္ဒိယနိုင်ငံ Chennai မြို့ရှိ မြန်မာကောင်စစ်ဝန် Prof. Ranganathan J နှင့် အဖွဲ့အား ဇန်နဝါရီ ၃ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ တွေ့ဆုံစဉ် ယခုကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့တွေ့ဆုံစဉ် အိန္ဒိယသို့ မြန်မာနိုင်ငံမှ ပဲမျိုးစုံအား စဉ်ဆက်မပြတ် တင်ပို့သွားနိုင်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင်တင်ရေးနှင့် စီးပွားရေးလုပ်ငန်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးသည်။

လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂၀၀၀၀ တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၅၇ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှုတန်ချိန် ၈၀၀၀၀ ခန့် လျော့ကျခဲ့သော်လည်း စျေးနှုန်းမြင့်တက်ခဲ့သဖြင့် ဝင်ငွေ ဒေါ်လာငါးသန်း ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁၂၀၀၀၀ ကျော်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁၅၇ သန်း ရရှိထားသည်။ ယခင်နှစ်ကာလတူတွင်မူ ပဲမျိုးစုံတန်ချိန် ၃၀၀၀၀၀ တင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၅၂ သန်းသာ ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန် ၈၀၀၀၀ ခန့်လျော့ကျခဲ့သော်လည်း ဝင်ငွေ အမေရိကန်ဒေါ်လာ ငါးသန်းအထိ ပိုမိုရရှိထားကြောင်း သိရသည်။

“ ပဲမျိုးစုံကတော့ လက်ရှိဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၅၇ သန်းပေါ့။ ယခင်ကာလတူက ဒေါ်လာ ၁၅၂ သန်းဆိုတော့ ဒေါ်လာ ငါးသန်းလောက်ပိုတယ်။ တန်ချိန် ၂၁၀၀၀၀ ကျော်ပေါ့၊ ကာလတူက ၃ဝဝဝဝဝဆိုတော့ ကာလတူနဲ့နှိုင်းယှဉ်ရင် တန်ချိန် ၈၀၀၀၀ လောက်တော့ နည်းတယ်။  တန်ချိန်နည်းတယ်ဆိုပေမဲ့ စျေးနှုန်းတက်တဲ့အတွက်ကြောင့် တန်ဖိုးကတက်တာ” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊  ပဲတီစိမ်း၊ ပဲစင်းငုံ စသည့် ပဲအမျိုးအစား သုံးခုကို ပြည်ပသို့ အများဆုံး တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအနက် မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံအချို့သို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ ၂၀၁၅-၂၀၂၀ နိုင်ငံခြား ကုန်သွယ်မှုမူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်း ကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲအား ပြည်ပကုန်သွယ်မှု ညွှန်ကြားရေးဦးစီးဌာနက သတ်မှတ်သည့် ဘဏ္ဍာရေးနှစ်အတွင်း ကိုတာ တန်ချိန် လေးသိန်းအထိ ကန့်သတ် တင်သွင်းခွင့်ပြုလိုက်ကြောင်း ယခု ကန့်သတ်ချက်သည် အိန္ဒိယအစိုးရက နှစ်နိုင်ငံချင်း သို့မဟုတ် ဒေသဆိုင်ရာအဆင့် လက်မှတ်ရေးထိုးထားရှိသည့် နားလည်မှု စာချွန်လွှာ (MoU) များနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဖော်ပြထားသည့် အမိန့်ကြော်ငြာစာကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

 

 

Most Read

Most Recent