တိုင်းရင်းသားရေးရာကော်မတီ (ဗဟို) ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် NLD ပါတီ ဖွဲ့စည်း

တိုင်းရင်းသားရေးရာကော်မတီ (ဗဟို) ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် NLD ပါတီ ဖွဲ့စည်း
Published 3 January 2020
ဉာဏ်လင်းထွန်း

မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၅ ဦးဖြင့် တိုင်းရင်းသားရေးရာကော်မတီ(ဗဟို)ကို ဖွဲ့စည်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်သည်။

ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်တွင် ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်သည့် ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ အထက်ပါအတိုင်း ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

ကော်မတီအနေဖြင့်  တိုင်းရင်းသားရေးရာများနှင့် ပတ်သက်၍ အဓိကဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းစဉ် အသေးစိတ်ကို ကော်မတီဝင်များ စုံညီတွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်မည်ဟု ကော်မတီဥက္ကဋ္ဌ ဦးအင်ထုံးခါးနော်ဆမ်က ပြောကြားသည်။

“ကော်မတီဝင်တွေ စုံပြီး ရှေ့ဆက်လုပ်ရမှာတွေ ၀ိုင်းဆွေးနွေးပြီး အားလုံး သဘောတူတဲ့ အချက်အလက်တွေကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်တင်ပြမယ်။ တင်ပြပြီး အဲဒီအပေါ်မှာ အ​ခြေခံပြီးမှ ကော်မတီက လှုပ်ရှားဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကော်မတီအစည်းအဝေးကို ဖေဖော်ဝါရီ ပထမအပတ်လောက်တော့ မှန်းထားတယ်”ဟု ၎င်းက ပြောကြားသည်။

NLD ပါတီ၏ ဗဟိုအဆင့် တိုင်းရင်းသားရေးရာကော်မတီ ဖွဲ့စည်းရန် စက်တင်ဘာတွင် ပြုလုပ်ခဲ့သည့် ပါတီဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ခဲ့ပြီး ယခုအချိန်တွင် တရားဝင် ထုတ်ပြန်ခြင်းဖြစ်ကာ ကော်မတီခေါင်းဆောင်ပိုင်းအချို့ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ သည်။

မူလက ကော်မတီ၏ ခေါင်းဆောင်များ အဖြစ် ဦးအင်ထုံးခါးနော်ဆမ်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါနန်းခင်ထွေးမြင့်နှင့် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကို လျာထားခဲ့သော်လည်း တရားဝင်ထုတ်ပြန်ရာတွင် ဦးညီပု ပါဝင်ခြင်းမရှိတော့ဘဲ ၎င်းနေရာတွင် ပါတီ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သည့် ဒေါက်တာတင်မျိုးဝင်းအား ထည့်သွင်းထားသည်ကို တွေ့ရသည်။

“ဦးညီပုက အားလုံးသိတဲ့အတိုင်း ရခိုင်ပြည်နယ်မှာ ပြဿနာပေါင်းစုံရှိနေတော့ သူ့အနေနဲ့က အလုပ်အရမ်းများတယ် ဆိုတဲ့အမြင်လေး ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ အကြံပြုရင်းနဲ့ ဦးညီပုဘက်ကလည်း သူတကယ်လည်း အလုပ်များနေတယ်ဆိုတဲ့ အခြေအနေအရ ဒေါက်တာတင်မျိုးဝင်းကို ထည့်လိုက်တာ ဖြစ်ပါတယ်” ဟု ဗဟိုတိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဦးအင်ထုံးခါး နော်ဆမ်က ပြောကြားသည်။

ထို့ကြောင့် ၎င်းင်းက ကော်မတီဥက္ကဋ္ဌ၊ ဒေါ်နန်းခင်ထွေးမြင့်က ဒုတိယဥက္ကဋ္ဌ (၁)၊ ဒေါက်တာ တင်မျိုးဝင်းက ဒုတိယ ဥက္ကဋ္ဌ (၂) အဖြစ် ဦးဆောင်ပြီး ဗဟိုကော်မတီအဖွဲ့ဝင် တိုင်းရင်းသားများ၊ လွှတ်တော်ကိုယ်စားလှယ် များက ကော်မတီဝင်များအဖြစ် ပါဝင်မည်ဟု ဦးအင်ထုံးခါးနော်ဆမ်က ပြောကြားသည်။

တိုင်းရင်းသားဒေသရှိ တိုင်းရင်းသား ပါတီအချို့ ပါတီပေါင်းစည်း၍ ရွေးကောက်ပွဲဝင်မည့် အခြေအနေကို တုံ့ပြန်နိုင်မည့် မဟာဗျူဟာတစ်ရပ် NLD ပါတီတွင် ရှိသင့်ကြောင်း စက်တင်ဘာတွင် ကျင်းပသည့် ပါတီဗဟိုကော်မတီအစည်းအဝေး၌ ဗဟိုကော်မတီဝင်များ၏ ဆွေးနွေးမှုအပေါ် မူတည်၍ တိုင်းရင်းသားရေးရာကော်မတီ ဖွဲ့စည်းခြင်းဖြစ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော် မြင့်မောင်က ပြောကြားထားသည်။

လက်ရှိတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်စသည့် ပြည်နယ်ငါးခုမှ တိုင်းရင်းသားပါတီများသည် ပါတီပေါင်းစည်းရေး လုပ်ဆောင်၍ တစ်ပါတီတည်းအဖြစ် ရပ်တည်နေပြီဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး မဲဆန္ဒနယ်အများစုတွင် NLD ပါတီ အနိုင်ရခဲ့သော်လည်း တိုင်းရင်းသားဒေသများဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် နေရာ အများစုရှုံးနိမ့်ခဲ့သည်။

ထို့ပြင် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်တွင်လည်း ကချင်၊ မွန်၊ ရှမ်း၊ ရခိုင်စသည့် တိုင်းရင်းသားဒေသ မဲဆန္ဒနယ်များကို အနိုင်ရခဲ့ခြင်းမရှိရာ ယခု NLD ပါတီက ဖွဲ့စည်းသည့် တိုင်းရင်းသားရေးရာကော်မတီသည် တိုင်းရင်းသား မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေး အဓိက ဆောင်ရွက်နိုင်ကြောင်း တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးလေ့လာ သုံးသပ်သူများက ယူဆကြသည်။   

 

Most Read

Most Recent